အမျိုးသားတည်ဆောက်ရေးအား နယ်မြေအပေါ် အခြေခံ လေ့လာခြင်း
ရေးသူ – B.Chhi
ကမ္ဘာပေါ်ရှိလူသားမျိုးနွယ်တို့သည် ၎င်းတို့ တည်ရှိနေမှုကို ပြသနိုင်ရန်အတွက် လိုအပ်သည့် နယ်မြေ/ ဒေသအား စူးစမ်းလေ့လာမှုများပြုလုပ်ကာ အခြေချနေထိုင်ကြသည်ဟု ဆိုနိုင်ပါသည်။ အဆိုပါ နယ်မြေအတွင်း အခြေချ နေထိုင် နိုင်ရန်အတွက် နည်းမျိုးစုံ (ခွန်အား၊ ဉာဏ၊ သွေး၊ ချွေးစသည့်) ပေးစပ်အသုံးပြုကာ တိုက်ယူ/ခုခံကြသည်။
ခေတ် တစ်ခေတ်၏ အချိန်ကာလပိုင်းခြားမှုနှင့်လျော်ညီသည့် စစ်ရေးများဖန်တီးခြင်း၊ နယ်မြေကျူးကျော်ခြင်း၊ သိမ်းပိုက်ခြင်း၊ ချဲ့ထွင်ခြင်း၊ တိုင်းတစ်ပါးမှ လာရောက် ကျူးကျော်တိုက်ခိုက်လာသည့် ရန်သူကို ကာကွယ်ချေမှုန်းခြင်း စသည်တို့ဖြင့် တိုင်းပြည်လွတ်လပ်ရေး ရရှိကြကာ ၎င်းတို့တည်ရှိရာ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူမျိုးစု၊ ကိုးကွယ်သည့် ဘာသာရပ် များအပေါ် အခြေခံ၍ နိုင်ငံရေးစနစ်အားတည်ဆောက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲပြီးနောက် အုပ်ချုပ်ရေး စနစ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်ကြသည်။
တစ်နည်းအားဖြင့် ကျူးကျော်ခံရသည့်လူမျိုးများအပေါ် ရန်သူ့ ဖက်က ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပေးပြီး သွယ်ဝိုက်နည်းဖြင့် အုပ်ချုပ်သည့်ပုံစံလည်း ကျင့်သုံးခဲ့ကြသည်။ အနည်းစပ်ဆုံး ဆိုရလျှင် ဗြိသိသျှကိုလိုနီမှ တောင်တန်းဒေသများအတွက် ဖွဲ့စည်းအုပ်ချုပ်မှုပုံစံ ရေးဆွဲကာ အုပ်ချုပ်စေခဲ့သည့် စနစ် တစ်ခုလည်း ဖြစ်သည်။
အမျိုးသားသွင်ပြင်လက္ခဏာတစ်ခု တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်တစ်ခုမှာ အခြေချရမည့် နယ်မြေ တစ်ခုပင်ဖြစ်သည်။ လူသားတို့သည် လေဟာနယ်၊ ပင်လယ် သမုဒ္ဒရာ စသည်တို့တွင် ယနေ့တိုင် အခြေချနေထိုင် ရန် မသင့်တော်သေးသည့်အတွက် သဘာဝအတိုင်းတည်ရှိနေသည့် ကမ္ဘာ့မြေပြင်တစ်နေရာရှိ ခေတ်အဆက်ဆက်က ရရှိ ထားသည့်နယ်မြေတွင်သာ အခြေချနေထိုင်ကြရမည်ဖြစ်သည်။ နယ်မြေအကျယ်ဝန်း သတ်မှတ် ရန်မလိုအပ်ပါ။
အမျိုးသား နယ်မြေအဖြစ် ထိန်းချုပ်နိုင်ခြင်းကသာ အဓိကကျသည်ဟု ဆိုနိုင်သည်။ နိုင်ငံရေးအားဖြင့် မိမိတို့သည် အချုပ်အခြာအာဏာ တည်းဟူသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို လွတ်လပ်စွာ ကျင့်သုံးနိုင်သည့် အချုပ်အခြာအဏာ ပိုင်ဆိုင်ထားပြီး နိုင်ငံသားများအတွက် လောကပါလ တရားတော်ကို ဆောင်ကျဉ်းပေးနိုင်သည့် အခင်းကျင်းအား တည်ဆောက်လိုကြသည်မှာ ဧကန်အမှန်ဖြစ်သည်။ တစ်ဘက်တွင် နယ်မြေဆိုင်ရာ အငြင်းပွားမှု၊ နယ်စပ်ရေးရာ အငြင်းပွားမှုများ ဖြေရှင်းရာတွင်လည်း နိုင်ငံတကာစံနှုန်း၊ အိမ်နီးချင်းနိုင်ငံများနှင့် တိုင်ပင်ဆွေးနွေးခြင်း သည် အရေးပါမှု တစ်ခုဖြစ်သည်။
အခြေခံအားဖြင့် အမျိုးသားလက္ခဏာတစ်ခုဖြစ်သည့် အချုပ်အခြာအာဏာအား ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် အခြေခံကာ တိုင်းတစ်ပါး အာဏာပိုင်၏ သြဇာအာဏာ လွှမ်းမိုးမှုမရှိသည့် လွတ်လပ်သော အစိုးရက တာဝန်ယူ အုပ်ချုပ်ရန်ဖြစ်သည်။ နိုင်ငံရေးစနစ် အပေါ်အခြေခံကာ အုပ်ချုပ်ရေးယန္တရားကိုလည်း ကျင့်သုံးအကောင်အထည်ဖော်ကြသည်။ ဤသည် အမျိုးသားလက္ခဏာ တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် အဓိကမဏ္ဏိုင် တစ်ခုလည်းဖြစ်သည်။
အမျိုးသားလက္ခဏာတစ်ရပ် လုပ်ငန်းစဉ် ဖော်ဆောင်နေစဉ်အတွင်း နိုင်ငံတကာအဖွဲ့အစည်း၊ အစိုးရများ၊ ဒေသ တွင်း အစိုးရများ၏ အားပေးထောက်ခံမှုသည်လည်း တစ်ဖက်တွင် အရေးကြီးလိုအပ်ပါသည်။ အကြောင်းမူကား မိမိတို့ ဖြတ်သန်းတည်ဆောက်ရမည့် နိုင်ငံရေးအဆောက်အုံ၊ အမျိုးသားရေးလက္ခဏာတို့သည် နိုင်ငံတကာစံချိန်၊ စံနှူန်းများ၏ အခန်းကဏ္ဍကို လစ်လျူရှုရန် မသင့်တော့သည့် အခြေအနေတွင် တည်ရှိနေခြင်းကြောင့်လည်းဖြစ်သည်။
ဒေသတွင်း ဆိုရလျှင် အချိန် ကာလ အတိုင်းအတာ တစ်ခုလည်း လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။ အခင်းကျင်းတစ်ခုကို သာဓက တင်ပါက တောင်ဆူဒန်နိုင်ငံဖြစ်သည်။ အကျဉ်းအားဖြင့် ဆူဒန်သည် ၁၉၅၆ ခုနှစ်တွင် ဗြိသိသျှနှင့် အီဂျစ်တို့၏ အုပ်ချုပ်မှု အောက်မှ လွတ်မြောက်လာပြီးနောက် လူမျိုးစုအကြား ပြည်တွင်းစစ် ပဋိပက္ခများဖြင့် စတင်ကြုံတွေ့လာခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် တောင်နှင့်ဆူဒန်အကြား ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် တောင် ဆူဒန်သည် လူထုဆန္ဒခံယူပွဲ ကျင်းပပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် လွတ်လပ်ရေးရရှိကာ ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၃ မြောက်သော အချုပ်အခြာအာဏာပိုင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။ နိုင်ငံဧရိယ အကျယ်အဝန်း သတ်မှတ်ချက်နှင့် မသက်ဆိုင်ပါ။
ထို့အပြင် လူမျိုးရေးအနေဖြင့် ကြည့်ပါက အိန္ဒိယ အရှေ့မြောက်ဒေသက မာဏိပူရပြည်နယ်၏ ပဋိပက္ခ အရေး ဖြစ်သည်။ အဓိကပဋိပက္ခနှင့် ပတ်သက်သည့်အဖွဲ့များမှာ မြေပြန့်ဒေသတွင် အခြေချနေထိုင်သည့် လူမျိုးဖြစ်သော ကသေး (မယ်တိုင်)နှင့် တောင်ပေါ်ဒေသ အခြေဆိုက် ကူကီး-ဇို အကြားဖြစ်သည်။ အချုပ်အားဖြင့် ကသေးအဖွဲ့က မျိုးနွယ် စု ဖြစ်ခြင်းအား တောင်းဆိုလာသည့်အတွက် ကူကီး-ဇိုတို့ အနေဖြင့် ၎င်းတို့ ထိန်းသိမ်းစောင့်ရှောက်ထားသည့် လယ်မြေ/ ခြံများ၊ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ပါ ရရှိထားသည့် အခွင့်အရေးများ၊ ခြိမ်းခြောက်လာနိုင်သည့်အပြင် လူမျိုးဖြစ်တည်မှုအပေါ် လုံခြုံရေးအရ စိုးရိမ်လာရသဖြင့် လူမျိုးစုနှစ်ခုကြား ပဋိပက္ခကြီးပြင်းလာခဲ့သည်။
အမျိုးသား တည်ဆောက်ရေးတွင် သက်ရောက်လာနိုင်သည့် အကျိုးဆက်သည် သက်ဆိုင်ရာအတွက် အမြဲတမ်း ခြိမ်းခြောက်ခံ နေရ ပါသည်။ တစ်ဖက်တွင် လက်ရှိမဏိပူရ ပြည်နယ်ဝန်ကြီးချုပ်သည် လွတ်လပ်စွာ သွားလာနိုင်သည့် နယ်စပ်ဖြတ်ကျော်မှုကို ဖြတ်သိမ်းပြီး မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်ရန် သဘောတူသည့် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။
မီဇိုရမ်ပြည်နယ်နှင့် နာဂလဲန်ပြည်နယ်တို့အနေဖြင့် လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်သည့် နယ်စပ်ကျော်မှု ဖြတ်သိမ်းရေးအပေါ် အိန္ဒိယဗဟိုအစိုးရ၏ အစီအမံအား ကန့်ကွတ်ခဲ့ကြသည်။ “ချင်းနှင့်လူရှိုင်းလူမျိုးတို့သည် အုပ်ချုပ်မှု တစ်ခုအောက်တွင် အတူတကွ နေထိုင်နိုင်ရေးအတွက် ညီလာခံတရပ်ကို ၁၈၉၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကုလ္ကတား (အိန္ဒိယ)တွင် ကျင်းပခဲ့သည်၊ ဤညီလာခံ သဘောတူညီချက်ရလဒ်ကို ဗြိတိသျှအာဏာပိုင်များက သိရှိထား သော်လည်း ထိုစဉ်ကပြင် အကောင်အထည်မဖော်ပေးခဲ့ကြောင်း“ မီဇိုရမ်ပြည်နယ်၏ လက်ရှိ ပြည်ထဲရေးဝန်ကြီးက ပြည်နယ်လွတ်တော် အစည်းအဝေးတွင် အမျိုးသားရေးနှင့်ဆက်နွယ်သည့် နယ်စပ်ရေးရာအပေါ် သမိုင်းအထောက်အထား နှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။
တစ်ဘက်တွင် နိုင်ငံတကာ နယ်စပ်ရေးရာကိစ္စသည် နှစ်နိုင်ငံကြားက သဘော တူညီမှုဖြစ်၍ ပြန်လည်စိစစ်ပြီး သံတမန်နည်းအရ သဘောထားခံယူမှုလည်း လိုအပ်မည်ဟုယူဆပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံကိုယ်စား အာဏာသိမ်း စစ်ကောင်စီနှင့်လည်း ကြိုတင်၍ ညှိနှိုင်းကောင်းညှိနှိုင်းနိုင်ပါသည်။ ညှိနှိုင်းထားသည့် အတွက် စစ်ကောင်စီတပ်များကပင် ချက်ခြင်းပြေးလွှားနိုင်ကာ ခိုလှုံနိုင်သည့်အဆင့်ထိဖြစ်နေသည်။
အိန္ဒိယအနေဖြင့် အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်နိုင်သည့် စိုးရိမ်မှုတစ်ခုဖြစ်ကြောင်း အာဏာပိုင်များက အဆိုပါစီမံချက် အပေါ် ပြောကြားခဲ့ကြသည်။ လက်ရှိ အိန္ဒိယ နိုင်ငံခြားဝန်ကြီး၏ မီဇိုရမ်မဲဆွယ်ခရီးစဉ်တွင် နယ်စပ်ခြံစည်းရိုးကိစ္စအား ရွေး ကောက်ပွဲအလွန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမျိုးသားရေး ခရီးစဉ်သည် လူမျိုးနွယ်စုအကြား က သော်လည်းကောင်း၊ နှစ်နိုင်ငံကြားက သော်လည်းကောင်း၊ မိမိတို့အချင်းချင်းအကြားကသော်လည်းကောင်း စိုးရိမ် စိတ်ကြီးမြှင့်နေဆဲဖြစ်သည်။
နယ်နိမိတ်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားနယ်မြေကို နိုင်ငံနှစ်နိုင်ငံကြားက သော်လည်းကောင်း၊ အမျိုးသား နယ်မြေနှစ်ခုကြားက သော်လည်းကောင်း၊ ဒေသတစ်ခုနှင့် တစ်ခုကြားကသော်လည်းကောင်း သတ်မှတ်ထားကြသည်။ ၎င်းနယ်မြေကို ပိုင်းခြားသတ်မှတ်နိုင်ရန်အတွက် တချို့သော အခြေအနေတွင် စစ်ရေးဖြင့် လည်းကောင်း၊ တချို့သော အခြေအနေတွင်မူ တွေ့ဆုံဆွေးနွေးမှုဖြင့် လည်းကောင်း ဖြေရှင်းလေ့ရှိကြသည်။
တချို့တွင်မူ ရန်သူနှစ်ဖက်၏ ပဋိပက္ခ ကြားမှ ထည့်သွင်းဆွဲထည့်ခံရသည့် အခြေအနေမျိုးလည်းဖြစ်သည်။ ယူကရိန်းအနေဖြင့် ၎င်း၏ အရှေ့ဒေသ ဖြစ်သည့် ရုရှားနယ်စပ်က လိုဟန့်(စ်)နှင့် ဒွန်နက်(စ်)ခေါ် ဒွန်းဘတ်(စ်)ဒေသကို ဖွဲ့စည်းပုံအရ အုပ်ချုပ်မှု နယ်မြေတွင်တည်ရှိ နေ သာ်လည်း လက်တွေ့တွင်မူ တချို့နယ်မြေအား ရုရှား၏စစ်ရေးဖိအားအရ လက်လွှတ်ခဲ့ရသည်။ တစ်ဖက်တွင်လည်း နယ်စပ်ရေးရာများကို သက်ဆိုင်ရာနိုင်ငံများနှင့် ဘုံသဘောတူညီချက်စာချုပ်ဖြင့် တည်ဆောက်တာတွေလည်းရှိသည်။
အနီးစပ်ဆုံးက ဥရောပသမဂ္ဂ နှင့် အဖွဲ့ဝင်မဟုတ်သည့် ရှန်းဂင်ဧရိယတို့၏ သဘောတူညီချက် ဆိုရလျှင်သင့်တော်နိုင်သည်။ ဆန့်ကျင်ဘက် အနေဖြင့် မိမိနေထိုင်ရာ ချင်းပြည်နယ်၏ အရှေ့ဘက် မကွေးနယ်စပ်သည်လည်း ယခင်စစ်အာဏာရှင် လက်ထက်ကတည်းက လိုရာစွဲဖြင့် သတ်မှတ်ကျူးကျော်ခံထားရသည့် နယ်နိမိတ်ဖြစ်သည်။ လက်ရှိအနေထားတွင် ညှိနှိုင်းတိုင်ပင်ရမည့် အခြေနေများလည်း ရှိနေသည်။
နိဂုံးချုပ်အနေဖြင့် မိမိတို့လိုချင်သည့် နယ်မြေသည် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားသော ကိုယ်ပိုင် ပြဌာန်းခွင့်ကိုအခြေတည်ကာ စီမံဆောင်ရွက်နိုင်ရေးဖြစ်သည်။ တစ်နည်းအားဖြင့် ဖက်ဒရယ်အိတ်မက် အကောင်အထည် ဖော်ရေးဖြစ်သည်။ သို့မှသာလျှင် နယ်မြေပိုင်ဆိုင်မှုနှင့် ထိန်းချုပ်နိုင်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ အဆိုပါ ပိုင်ဆိုင်ထားသည့်နယ်မြေအပေါ် မြေယာစီမံခန့်ခွဲရေးကိစ္စအပါအဝင် တွင်းထွက်သယံဇာတပစ္စည်း စီမံဆောင်ရွက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။
အနာဂတ် မျိုးဆက်သစ်အတွက်လည်း အမွေကောင်းကို ဆက်ခံနိုင်ကြရမည်ဖြစ်သည်။ ထို့အပြင် အထက်ပါ ဖော်ပြချက်အတိုင်း လူသားတို့၏ မရှိမဖြစ်လိုအပ်နေသော အခြေချ နေထိုင်ရမည့် နယ်မြေနှင့် နယ်မြေကို သတ်မှတ်ပေးသည့် နယ်နိမိတ်ရှိရန် လိုအပ်သည်။ နယ်မြေအခြေခံ သဘောတရားအနေဖြင့် အထက်ပါဖော်ပြချက်အတိုင်း ကျူးကျော်ခြင်း၊ တိုက်ယူခြင်း၊ စသည့်နည်းမျိုးစုံနှင့် အစပျိုးကြလေ့ရှိသည်။
နယ်နိမိတ်သတ်မှတ်ချက်ကိုမူ နှစ်ဖက်ကြားက ပါဝင်ပတ်သက်သူတို့၏ အယူအဆနှင့် သဘောတူညီမှုကိုအခြေခံကာ အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်သည်။ နယ်မြေအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူဦးရေထူထပ်များပြားသည်ဖြစ်စေ၊ လူဦးရေနည်းသည်ဖြစ်စေ အမျိုးသားပိုင်နက် ဖြစ်သည့်အတွက် အပြန်အလှန်အသိအမှတ်ပြုမှုလည်း လိုအပ်သည်။
ကမ္ဘာ့ခေတ်ရေစီးကြောင်းအရ သော်လည်းကောင်း၊ ကမ္ဘာ့ရာသီဥတုရှုထောင့်ကသော်လည်းကောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုသည်လည်း အမျိုးသား လက္ခာဖော်ဆောင်ရာရာတွင် အရေးကြီး အခန်းကဏ္ဍဖြစ်သည့်အလျောက် ကာကွယ်စောင့်ရှောက်သွားရန်လိုအပ်သည်။