သတင်းဆောင်းပါး

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော – ၃

အထီးကျန်နေသည့် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ကျဆုံးခန်းနီးနေပြီလော – ၃

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ထိန်မောင်နော်တောင် | သတင်းဆောင်းပါး

အပိုင်း (၃)

၄။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော အဖွဲ့များနှင့် စစ်ကောင်စီ၏ ဆက်ဆံရေး

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဤသို့  နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားနေသော မြန်မာ့ပြည်တွင်းစစ်အား ချုပ်ငြိမ်းစေရန် လက်နက်ကိုင် တိုက်ခိုက်မှုအစား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှရမည်ဟူသည့် ယုံကြည်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ (၁၀) ဖွဲ့သည် Nationwide Ceasefire Agreement – NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

.

ပထမဆုံး NCA စာချုပ်အား ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ပထမဆုံးစတင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က လက်မှတ်ရေးထိုးခဲ့သောကြောင့် NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့ (၁၀) အထိရှိလာခဲ့သည်။

.

(က) စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော အဖွဲ့အစည်းများ

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် NCA စာချုပ် ပျက်ပြယ်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ KNU သည် NCA စတင်ကတည်းက တက်ကြွစွာ ပါဝင်ခဲ့သော်လည်း စစ်ကောင်စီအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအား ဖျက်ဆီးလိုက်ပြီ ဖြစ်သောကြောင့် NCA စာချုပ် လုံးဝမရှိတော့ဟု KNU ပြောခွင့်ရသူ ပဒိုစောတောနီးမှ ပြောဆိုခဲ့သည်ကို တွေ့ရ၏။ ထို့အတူ  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီကလည်း NCA စာချုပ်သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆို၏။

.

NCA စာချုပ်အား ချိုးဖောက်သူမှာ စစ်ကောင်စီသာဖြစ်ပြီး စစ်အာဏာသိမ်းမှုသည် ပြည်သူလူထုနှင့် စစ်ကောင်စီကြားမှ နိုင်ငံရေးပြဿနာဖြစ်သွားသည့်အတွက်ကြောင့် အပစ်ရပ်စာချုပ် NCA နှင့် ဖြေရှင်ရန် မရနိုင်သည့်အပြင် မြန်မာ့နိုင်ငံရေးအား ထင်သလို ခြယ်လှယ်နေသော စစ်ကောင်စီအား စစ်ရေးအရ တိုက်ခိုက်ရန်မှလွဲ၍ အခုအချိန် တွင် ရွေးချယ်စရာ နည်းလမ်းမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုခဲ့သည်။

.

၎င်းတို့ သုံးဖွဲ့သည် NCA သဘောတူစာချုပ် ချုပ်ဆိုခဲ့သော အဖွဲ့ဝင်များထဲမှ ပထမဆုံး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့သည့်အပြင် စစ်ကောင်စီအား အခြားသော တော်လှန်ရေးအင်အားစုများနှင့်တူ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြန်လည်တော်လှန် တိုက်ခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်သည်။ ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေး၏ ဦးဆောင် အဖွဲ့အစည်းများ ဖြစ်ကြသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့တွင်လည်း ပါဝင်နေသလို တော်လှန်ရေး လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်း ချိတ်ဆက် လုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်။

.

(ခ) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

အလားတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေးနေ့ တွင် ပအိုဝ်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းကျင်းပသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ် ညီလာခံမှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) သည်  အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

.

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အခြေချနိုင်ခြင်းမျိုးတော့ မရှိပေ။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စသည့် ၎င်းတို့၏ မဟာမိတ်များ နယ်မြေတွင်သာ လှုပ်ရှားသွားလာနေသည်ကို တွေ့ရသည်။  ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၏ စစ်ရေးဌာန အောက်တွင် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခမ်းဒေါင်း (PPDF-KD)၊ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) တပ်ဖွဲ့နှစ်ဖွဲ့နှင့် တပ်နယ်သုံးနယ်ဖွဲ့အထိ ဖွဲ့စည်းထားနိုင်သည်ဟု သိရသည်။ ယင်းတပ်ဖွဲ့ နှစ်ဖွဲ့သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ရေးလှုပ်ရှားမှု မတွေ့ရပေ။ သို့သော် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) နှင့် ၎င်းတို့အကြားတွင် ရင်းနှီးသည့် ဆက်ဆံရေးရှိမည်ဟု တွက်ဆနိုင်သည်။

.

ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ လက်နက်ခဲယမ်း ယာဉ်တန်းအား ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့မှ ဟန့်တားနှောက်ယှက်ရာမှ စ၍ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ယာဉ်တန်းပေါ် ပါလာသော လက်နက်ခဲယမ်းများလည်း မီးလောင်ပျက်စီးခဲ့ရသည်သာမက PNLO ၏ ဌာနချုပ်အနီး နော်ထော်ရွာသို့ စစ်ကောင်စီမှ ဗုံကြဲတိုက် ခိုက်မှုများပြုလုပ်လေသည်။

.

ထို့နောက် PNLA နှင့် ပူးပေါင်း တပ်ဖွဲ့တို့သည် တန်ပြန်တိုက်ခိုက်သည့် အနေဖြင့် ဆီဆိုင်မြို့ရှိ ရဲစခန်းအပါအဝင် အခြားသော ဌာနဆိုင်ရာ အစိုးရရုံးများနှင့် စစ်ကောင်စီ၏ တပ်စခန်းတို့အား တိုက်ခိုက်ခဲ့သည်။ ယင်းနောက် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဆီဆိုင်မြို့တစ်ခုလုံး ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု သိရသည်။ ထိုသို့သော အခြေအနေတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)  နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) လက်အောက်ရှိ တပ်ဖွဲ့တို့သည် ပအိုဝ်းဒေသအတွင်း ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး စစ်ကောင်စီအား တိုက်ခိုက်နေပြီ ဖြစ်သည်။

.

NCA လက်မှတ်ရေးထိုးထားသော ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း၍ ပြည်သူလူထု တရပ်လုံး လိုလားနေသော ဖက်ဒရယ်ဒီမိုကရေစီ ဖေါ်ဆောင်ရေးလမ်းစဉ်အား အောင်နိုင်သည်အထိ ဘဝတူ ညီနောင်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။

.

(ဂ) မွန်ပြည်သစ်ပါတီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ် လက်မှတ်ရေးထိုးခဲ့သော နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီ သည် လက်ရှိတွင် နှစ်ခြမ်းကွဲသွားသည့် အရိပ်အရောင်မြင်နေရ၏။

.

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့သည် မိခင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ဟူ၍ ဖွဲ့စည်းခဲ့သည်။

.

မွန်ပြည်သစ်ပါတီ၏ (၁၁) ကြိမ်မြောက် ပါတီညီလာခံတွင် လက်ရှိခေါင်းဆောင်များသည် (၂၀၁၂) ခု နှစ်ဖက် သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီး  စစ်ကောင်စီနှင့် ဆက်ဆံသွားရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ ဤသို့ဆုံးဖြတ်ခြင်းသည် ပြည်သူများကို အကာအကွယ် ပေးရန်နှင့် မိမိတို့ လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ နိုင်ငံ၏အာဏာ အဓမ္မသိမ်းယူထားသည့် စစ်တပ်၊ စစ်အာဏာရှင်စနစ် နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဟု ယုံကြည်ချက်၊ ရပ်တည်ချက်များနှင့် လွှဲမှားနေကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်ကို တွေ့ရသည်။

.

ထို့သို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ခွဲထွက်အဖွဲ့ထဲတွင် အခြားယုံကြည်ချက်၊ ရပ်တည်ချက် တူညီကြသော ပါတီခေါင်းဆောင်၊ ပါတီဝင်၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားများနှင့် ရဲဘော်များလည်း ပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့သည် လက်ရှိတွင် အခြားသော နွေဦးတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

.

မွန်ပြည်သစ်ပါတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးသော်လည်း လက်ရှိတွင် တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမျိုးမရှိတော့ပေ။

.

(ဃ) ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းဖြစ်သည်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင်လည်း နှစ်ရှည်ကြာ ဦးဆောင်ကဏ္ဍမှ ပါဝင်လျက် ရှိသည်။

.

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့၏ ဥက္ကဌဖြစ်သော ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကိုယ်တိုင် PPST တွင် ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သော်လည်း ၂ နှစ်ကျော်ခန့် တာဝန်ယူပြီး လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ယာယီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်သွားခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဧပြီလ မှစ၍ RCSS သည် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် ဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ပါဝင်နေမှု အဆင့်ကို လျှော့ချလိုက်သည်တွေ့ရသည်။

.

သို့သော် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် ယနေ့ချိန်ထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နှင့် ပုံမှန်တွေ့ဆုံမှု ရှိသည်ကိုတော့ တွေ့မြင်နေရသည်။

.

တစ်ဖက်တွင်လည်း နှစ်ရှည်လများစွာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေကြသော ရှမ်းလူမျိုးကိုယ်စားပြု ရှမ်းတပ်နှစ်တပ်ဖြစ်သည့် ဝမ်ဟိုင်းအခြေပြု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် လွယ်တိုင်းလျဲန်းအခြေပြု ရှမ်းပြည်တပ်မတော် RCSS/SSA တို့သည် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ဤသည်မှာ ရှမ်းပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော ဆန္ဒတစ်ခုပင်ဖြစ်သည်။

.

သို့သော်လည်း ရှမ်းပြည်နယ်တွင်းနှင့် ပြည်တွင်းပြည်ပရှိ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ကြနေသော ရှမ်းလူငယ်များမှာမူ ၎င်းတို့၏ အားထားရာဖြစ်သည့် ရှမ်းတပ်နှစ်တပ်၏ လက်ရှိနွေဦးတော်လှန်ရေးတွင် ရေလှုံနှုတ်ပိတ်နေသည်ကို သဘောမတွေ့ကြပေ။ သို့သော် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေးသည် အိပ်ပျော်နေသော ကျားတို့ နိုးထချိန်တန်ပြီဆိုသည့် သတိပေးခေါင်းလောင်းသံ ဖြစ်လာမည်ဟု ဆိုရမည်။

.

(င) လေယူရာယိမ်းကမည့် အဖွဲ့များ

ဤအခြေနေတွင် အခြားသော NCA လက်မှတ်ရေးထိုးထားကြသည့် အဖွဲ့အစည်းများ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကိုမူ လေယူရာယိမ်းကမည့် အဖွဲ့များဟုသာ ဆိုရပါမည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဖွဲ့အစည်းများ၏ စစ်အင်အား လူအင်အား အခြေအနေကို ချိန်ဆကြည့်ပါက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ လွဲ၍ အခြားသော အဖွဲ့အစည်းတို့၏ အင်အားသည် ရာဂဏန်း လောက်သာရှိမည်ဖြစ်သည်။

.

ထိုအထဲမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည်လည်း ယင်းတို့ အဖွဲ့အစည်းအတွင်း အကွဲကွဲအပြဲပြဲများဖြင့် ပြည့်နှက်နေသည်ကိုတွေ့ရသည်။

.

ထို့အတွက်ကြောင့် အခြားသော တော်လှန်ရေးအင်အားစုများ အာဏာရှင်တော်လှန်ရေးဆင်နွှဲနေစဉ် စစ်ကောင်စီ နှင့် ပုလင်းတူဘူးဆို့ အလွမ်းသင့်နေကြသော လက်ကျန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်တပ် ကျဆုံးချိန်တွင် လေယူရာသို့ယိမ်းမည့် အဖွဲ့များဟု မိမိအနေဖြင့် ပြောဆိုပါက လွန်မည်မထင်ပါ။

Related Articles

Back to top button