– ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်
မနေ့ကနဲ့ ဒီနေ့ ဘာကွာခြားလဲ မေးရင်
နာကျင်စရာတွေ ပိုများလာတဲ့အကြောင်းပဲ
ပြောပြဖြစ်မယ် ထင်တယ်
ဆိုက်စရာ ကမ်းမရှိတော့တဲ့ လှေတွေလို
ခိုနားစရာ သစ်ပင်မရှိတော့တဲ့ ငှက်တွေလို
ပြန်စရာ အိမ်မရှိတော့တဲ့ ဘဝတွေ
ဘယ်လောက်တောင် များခဲ့ပြီလဲ
အဲ့ဒီနာကျင်မှုတွေဟာ အော်ဟစ်ညည်းညူနေရုံနဲ့
မပြေပျောက်နိုင်တော့
ငါတို့ဟာ နာကျည်းမှုတွေနဲ့ပဲ
သူပုန်ထခဲ့ကြတာ မဟုတ်လား
မကြည်ပြာရေ
ဒီခေတ်ဆိုး ခေတ်ပျက်ကြီးကို ကျော်ဖြတ်ရတဲ့အခါ
အနားမှာ မင်းရှိနေတဲ့ဆိုတဲ့ သိမှုတခုနဲ့တင်
ကိုယ် နေပျော်ခဲ့ပါပြီ
မင်းခ ယောင်္ကျား ကမ်းနားသစ်ပင်ဆိုပြီး
တိမ်တွေလို လေယူရာလွင့်မျောချင်တဲ့အရွယ်
လမ်းမများကို ကျောခင်းအိပ်ချင်တဲ့
ခပ်ပေပေ လူငယ်တယောက်ရဲ့ တည်ငြိမ်မှုဟာ
မင်းပါပဲ မကြည်ပြာ
ရှင်သန်ရခြင်းကို အဓိပ္ပာယ်ဖွင့်တဲ့အခါ
မင်းအမည်နာမဟာ ထိပ်ဆုံးကဖြစ်နေမှာ
ယိုင်နဲပြိုလဲနေတဲ့ စိတ်တွေကို ပြန်တည့်မတ်တဲ့အခါ
မင်းရင်ခွင်ဟာ ထောက်(ဒေါက်)တိုင်ကြီးတခုပမာ
ချစ်ရတဲ့ ကောက်တေးမလေး မကြည်ပြာရေ
မင်းတယောက်တည်းကုမှ ပျောက်မဲ့
စိတ်ဒဏ်ရာနဲ့ ကောင်ပါ
မင်းတယောက်တည်းထူမှ ထတော့မဲ့
ဘဝတခုနဲ့ လူတယောက်ပါ
ချစ်ခြင်းမေတ္တာဟာ တယောက်တည်းနဲ့တင်
လုံလောက်တယ်ဆိုတဲ့ အကြောင်း
မင်းနဲ့ဆုံမှ ယုံမှတ်ခဲ့ရတယ်။ ။
– အခါလွန်မိုး