သတင်း

မိုင်းငေါ့မြို့ကို အပြီးသတ်သိမ်းပိုက်ပြီး တအာင်းလူထု ကို နှစ်သစ်လက်ဆောင်ပေးလိုက်ပြီလို့ TNLA အသိပေး

မိုင်းငေါ့မြို့ကို အပြီးသတ်သိမ်းပိုက်ပြီး တအာင်းလူထုကို နှစ်သစ်လက်ဆောင်ပေးလိုက်ပြီလို့ TNLA အသိပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို ဒီဇင်ဘာလ ၃၁ရက်က အပြီးသတ် သိမ်းပိုက်ပြီး တအာင်းလူထုကို နှစ်သစ်လက်ဆောင်ပေးလိုက်ပြီလို့ TNLAက ဒီကနေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLAက ဒီဇင်ဘာ ၂၉ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၃ရက်အကြာဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်၊ ည၁၁နာရီ၊ ၄၅မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီရဲ့ မိုင်းငေါ့ မြို့တပ်စခန်းဗျုဟာကုန်းအပါအဝင်ရဲစခန်းနဲ့ စကစဌာနဆိုင်ရာရုံးတွေ အလုံးစုံကို သိမ်းပိုက် ရရှိခဲ့ တယ်လို့ သိရပါတယ်။

“ဆဌမမြောက်မြို့အဖြစ် မိုင်းငေါ့မြို့ကို TNLA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး တအာင်းလူထုကို နှစ်သစ်လက်ဆောင်ပေးပါတယ်”လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေး အယ်ဒီတာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းဟာ တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၃/ ခလရ-၂၃၅တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားတဲ့တပ်ဖြစ်ပြီး အဲဒီတပ်စခန်းတွေကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighterနဲ့ ၅ကြိမ်၊ Y12လေယာဥ်နဲ့ ၁၉ကြိမ် အသုံးပြုခုခံ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မိုင်းငေါ့တပ်စခန်းကို TNLAက တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက်ဦးတည် တိုက်ခိုက် မှုကြောင့် မိုင်းငေါ့မြို့ဒေသခံ ၂ဦးသေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိကာ ဘာသာရေး အဆောက်အဦး ဘုရား ကျောင်းကန်တွေနဲ့ လူနေအိမ် ၁၄လုံးထက်မနည်း ထိမှန်ခဲ့စီးသလို လူနေအိမ် ၅လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ ရှင်းလင်း သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၁၀၂၇စစ်ဆင်ရေးစတင်ချိန်ကနေ ဒီကနေ့ ဇန်နဝါရီလ ၁ ရက်အထိ TNLAက နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆဌမမြောက် မြို့အဖြစ် မိုင်းငေါ့မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – TNLA

Related Articles

Back to top button