မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်
ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၂၂၊ ၂၀၂၃
မွန်ပြည်နယ်အတွင်း တိုက်ပွဲတွေ ထပ်မံဖော်ဆောင်ဖို့ ရှိပြီး စစ်ရေး အရှိန်တိုးမြင့်လာနိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးမှ FJMM ကို ပြောပါတယ်။
မွန်ပြည်နယ်အတွင်းရှိ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး MSRF အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
” တစ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စစ်မီးကို ထမင်းစားပွဲပေါ်မှာရှိတဲ့ အစာကို ယင်ကောင်လာမနားအောင် ဇကာနဲ့ အုပ်ထားလို့ ရတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျနော်ပြောချင်တာက စစ်ဘေးစစ်ဒဏ်က တဖြည်းဖြည်းနဲ့ ရောက်လာမှာပဲ။ အခုလည်းရောက်နေပါပြီ။” လို့ နိုင်နဂါးမှ ပြောပါတယ်။
စစ်ရေး အရှိန်တိုးမြှင့်လာချိန်မှာ မွန်ပြည်သူတွေအနေနဲ့ ကိုယ်နဲ့ မပတ်သက်ဘူးဆိုတဲ့ စိတ်ထားလေး တွေကိုလည်း ပြန်လည် သုံးသပ်ဖို့ အကြံပြုထားပါတယ်။
ယခုလို စစ်ရေးအရှိန်မြှင့်တင်လာချိန်မှာ ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တက်နိုင်တဲ့ ဘက်ကနေ ဝိုင်းဝန်းကူညီပေးဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ထို့ပြင် စစ်ကောင်စီနှင့် ပူးပေါင်းလျှက်ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီကို သတင်းပေး လုပ်နေကြသူများကိုလည်း စစ်ကောင်စီနှင့်ထပ်ပြီး မပူးပေါင်းကြဖို့ကိုလည်း သတိပေးစကား ပြောထား ပါတယ်။