နမ့်ခမ်းတမြို့နယ်လုံးကို TNLA သိမ်းပိုက်
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၉၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီ လက်ကျန်စခန်းကို သိမ်းပြီးနောက် တစ်မြို့နယ်လုံးကို TNLA က ထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့ပြီလို့ TNLA သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ တစ်ခုတည်းသောလက်ကျန်စခန်းဖြစ်တဲ့ စခန်းသစ်ဗျူဟာကုန်းကို ဒီကနေ့ ဒီဇင်ဘာလ ၁၉ရက်၊ မနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရက်၄၀ကျော်လောက်တိုက်ပြီးတဲ့နောက်၊ ဒီမနက်အစောပိုင်းမှာ သိမ်းနိုင်သွားပြီ။ လက်နက်တွေ တော်တော်များများသိမ်းမိတယ်။ အသေးစိတ်ကိုတော့ တရားဝင်ထုတ်ပြန်မှာပါ”လို့ သတင်းရင်းမြစ် တစ်ဦးက FJMMကိုပြောပါတယ်။
TNLAနဲ့ မဟာမိတ်တပ်တွေက နမ့်ခမ်းမြို့နယ်အတွင်းကို နိုဝင်ဘာ ၇ ရက်မှာ တိုက်ခိုက် ထိန်းချုပ် နိုင်ခဲ့ပြီး စခန်းသစ်ဗျူဟာကုန်းကိုတော့ ၄၂ရက်ကြာတိုက်ခိုက်ပြီးမှသာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစခန်းသစ်ဗျူဟာကုန်းမှာ စစ်ကောင်စီရဲ့ အမြောက်တပ်နဲ့ ရဟတ်ယာဉ်ကွင်းတည်ဆောက်ထားပြီး အင်အား၁၀၀ခန့်တပ်စွဲထားကာ စခန်းမကျရေးအတွက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့နယ်ကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တာကြောင့် ၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ခန့်နဲ့ မြို့ ၇မြို့ကို မြောက်ပိုင်းညီနောင် ၃ဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – TNLA