ဇိုတုန်ဒေသ၊ ရေဇွာမြို့ တပ်စခန်းမှ ဒုတပ်ကြပ် ဦးထန်လျန်ကျင်း CDF-ZOTUNG ထံ အလင်းဝင်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၄၊ ၂၀၂၃
ချင်းပြည်နယ်၊ မတူပီခရိုင် ဇိုတုန်ဒေသ ရေဇွာမြို့တပ်စခန်းမှ ဒုတပ်ကြပ် ဦးထန်လျန်ကျင်း (ကိုယ်ပိုင်အမှတ်-လ/၂၅၄၈၃၉) ဟာ ယမန်နေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့မှာ CDF-ZOTUNG ထံ အလင်းဝင်ရောက် လာခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်လာသူ ဒုတပ်ကြပ် ဦးထန်လျန်ကျင်း ကို လက်ရှိအချိန်မှာ CDF-ZOTUNG အနေနဲ့ လုံခြုံသည့်နေရာမှာ ကောင်းမွန်စွာထားတယ်လို့ CDF-ZOTUNG ရဲ့ ပြန်ကြားရေးတာဝန်ခံ Salai Danny က ပြောပါတယ်။
“လက်ရှိမှာ သူ့ကို ကျနော်တို့ CDF-ZOTUNG အနေနဲ့ ကောင်မွန်စွာထားပါတယ်၊ စစ်ဆေးမေးမြန်းစရာတွေ ရှိတယ်၊ ဒါတွေပြီးရင်တော့ သူ့မိသားစုရှိတဲ့ အိမ်အရောက် ပို့ပေးမှာဖြစ်တယ်”
ဦးထန်လျန်ကျင်းဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ဘေလွဲရွာ ဇာတိဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရေဇွာမြို့ စစ်ကောင်စီတပ်စခန်းမှ နိုဝင်ဘာလ (၂၂)ရက်နေ့မှာ CDF-ZOTUNG ထံ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
CDF-ZOTUNG ရဲ့ ပြန်ကြားရေးတာဝန်ခံ ကတော့ အခုလို စစ်ကောင်စီတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်နေသေးတဲ့သူများ အမြန်ဆုံး ပြည်သူရင်ခွင်ထဲ ခိုလှုံကြဖို့နဲ့ လက်နက်တို့ဖြင့် ဝင်ရောက်လာပါက ထိုက်တန်တဲ့ ဆုကြေးများ ချီးမြှင့်ပေးသွားမှာဖြစ်သလို အချိန်မီ မခိုလှုံဘဲ ပြည်သူကို ဒုက္ခပေးနေမယ်ဆိုရင်တော့ ပြင်းထန်တဲ့ အရေးယူမှုတွေ ရှိလာမှာဖြစ်တယ်လို့ ပြောပါတယ်။