သတင်း

နောင်ချိုမှာ စစ်တပ်က လူသားဒိုင်းကာပြုလုပ်ဖို့ ဒေသခံလူငယ် ၂၆ ဦးခန့်ကို ဖမ်းဆီးထား

နောင်ချိုမှာ စစ်တပ်က လူသားဒိုင်းကာပြုလုပ်ဖို့ ဒေသခံလူငယ် ၂၆ ဦးခန့်ကို ဖမ်းဆီးထား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၆၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က အခုရက်ပိုင်း အတွင်း လူသားဒိုင်းကာအဖြစ် ပြုလုပ်ဖို့ ဒေသခံလူငယ် ၂၆ ဦးခန့်ကို ဖမ်းဆီး ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အုမ္မသီးကျေးရွာ၊ နမ့်တိန်းဝမ်း၊ ဆိုက်ခေါင်ကျေးရွာနဲ့ ကျောက်ကြမ်း ကျေးရွာ တို့မှ ဒေသခံ ၂၀ဦးထက်မနည်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်ကနေ ၅ရက်နေ့ အတွင်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

” နိုဝင်ဘာ ၃ ရက်ကနေ့က ကျောက်ကြမ်းက လူငယ် ၇ ဦးကိုဖမ်းသွားပြီး ၄ ယောက်ပြန် လွတ်လာတယ်။ အဲနေ့ကပဲ အုမ္မသီးနဲ့ ဆိုက်ခေါင်က ၃ယောက် ကိုလည်း ဖမ်းသွားတယ်။ ၄ရက်နေ့ကတော့ နမ့်တိန်းဝမ်းနဲ့ ဆိုက်ခေါင်က လူငယ် ၁၁ ယောက်ကို ဖမ်းသွားတယ်၊ မနေ့က နိုဝင်ဘာ ၅ ရက်နေ့လည်း ၇ ယောက်လောက်ကို ထပ်ဖမ်း သွားတယ်”လို့ သတင်းရင်းမြစ် တစ်ဦးက FJMM ကို ပြောပါတယ်။

အခု ဖမ်းဆီးခံထားရတဲ့ လူငယ်များကို စစ်တပ် ဆေးရေးဂိတ် အခြေချ တပ်စွဲ ထားတဲ့ တပ်စခန်းထဲမှာ ထိန်းသိမ်းထားကာ တိုက်ပွဲဖြစ်လာပြီး စစ်ကြောင်းထိုး ဖို့ လိုပါက ရှေ့တန်းကနေ သွားခိုင်းဖို့ ဖမ်းထားတာဖြစ်ကြောင်း သတင်းရင်း မြစ်၏ အဆိုအရ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၅ရက်က အုမ္မသီးလမ်းခွဲနဲ့ ရေမောင်းတန်းကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆမ္မဆယ်အုပ်စုကျေးရွာတွေကနေ စစ်ဘေး ရှောင်မယ့် ပြည်သူတွေကို ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ တို့အကြား လက်ရှိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ တွေကြောင့် ဆမ္မဆယ်ကျေးရွာအုပ်စုအတွင်း ကုန်စုံဆိုင် ၁ ဆိုင် မီးလောင်ပြီး လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button