ရှမ်းမြောက်ကို စစ်ကူဖို့ သာစည်၊ ကလောတပ်နယ်က စစ်ကောင်စီကားအစီးရေ ၁၀၀ကျော် စတင်ထွက်ခွာလာ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၇၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲကို စစ်ကူဖို့ သာစည်၊ ကလော တပ် နယ်က စစ်ကောင်စီကားအစီးရေ ၁၀၀ကျော် ဒီကနေ့ညနေပိုင်းမှာ ကလောကနေ စတင် ထွက်ခွာ လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ကလောတပ်နယ်ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ အခုသတင်းရေးသားနေတဲ့ အချိန်မှာ အောင်ပန်းမြို့နဲ့ ဟဲဟိုးမြို့အကြားကို ရောက်ရှိနေပြီ ဖြစ်ပြီး ကျောက်ဂူ-အင်တော-နောင်ချို လမ်းကနေ ရှမ်းမြောက်ကို ဦးတည်သွားမှာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“အောင်ပန်းကို ကျော်လာပြီ၊ ကားအစီးရေ ၁၀၀ကျော်တယ်။ ကားအားလုံးကို မိုးကာတွေနဲ့ အုပ်ထား တယ်။ လူအင်အားထက် လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တာ ဖြစ်နိုင်တယ်။ ဒီဖက်ကနေ ရှမ်းမြောက်ကို သွားမှာဆိုရင်တော့ ကျောက်ဂူလမ်းကနေပဲ သွားဖို့များတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
MNDAA၊ TNLA၊ AAတို့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဟာ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဒီကနေ့စတင်ပြီဖြစ်ကြောင်း ကြေညာကာ ချင်းရွှေဟော်၊ လားရှိူး၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန်းနီ၊ လောက်ကိုင်ဒေသတွေမှာ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဝေဟင်မြေပြင်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် MNDAA ရဲဘော် ၁ဦးကျဆုံး၊ ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အရပ်သားပြည်သူ ၄ဦးသေဆုံးကာ ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ်အဖွဲ့အနေနဲ့ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းကြားက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၂ ခုဖြစ်တဲ့ ၁၂မိုင်စခန်း၊ မိုက်ခရိုဝိတ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အရှင် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မန္တလေး PDFကတော့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ရှမ်းမြောက်တိုက်ပွဲကို ထောက်ခံကြိုဆိုပြီး “တောင်သမန်စ စ်ဆင်ရေး”နဲ့ ပူးပေါင်း တိုက်ပွဲ ဝင်သွားမယ် လို့ အသိပေးထုတ်ပြန်ထားသလို ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA)ကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။
ဓါတ်ပုံ – CJ (ပုံဟောင်း)