ရခိုင်မှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ခပ်စိပ်စိပ် တွေ့လာနေရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၉၊ ၂၀၂၃။
ရခိုင်ပြည်မှာ ဒီလပိုင်းတွေအတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှုတွေကို ခပ်စိပ်စိပ်တွေ့လာနေရတယ်လို့ သိရှိရပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ သရက်ချောင်းကျေးရွာမှာ အသက် ၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက်ကို အိမ်နီးနားချင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုကြည် လှအေးဆိုသူက အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရှိရပါတယ်။
ကိုကြည်လှအေးဟာ အဆိုပါအမျိုးသမီးငယ်အား မုန့်ပေးခေါ်ဆောင်သွားပြီး ခုလိုပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ဆိုကြပါတယ်။
လက်ရှိမှာ ကျူးလွန်သူကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA / AA က ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ အလယ်ရွာချေကျေးရွာမှာ သက်ငယ်မုဒိမ်းမှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ လူငယ်ကို အာရက္ခပြည်သူ့အစိုးရက ဖမ်းဆီးထိန်းသိမ်း ထား တယ်လို့ အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ (တိုးချဲ့) ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက် အဓမ္မပြုကျင့်ခံခဲ့ရပြီးတော့ စက်တင်ဘာလ ၃၀ ရက်နေ့က မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာလည်း အဓမ္မပြုကျင့်ခံရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလအတွင်းက ပညာရေးဝန်ထမ်းဆရာမနှစ်ယောက်ဟာလည်း အကြမ်းဖက် သတ်ဖြတ် ခံရမှုတွေ ရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ပန်းဖိုပြင်ကျေးရွာမှ အလယ်တန်းပြ ဆရာမ တစ်ယောက် သတ်ဖြတ်ခံခဲ့ရပြီးတော့ အမ်းမြို့နယ်၊ ရူးကျေးရွာမှာ တာဝန်ကျနေတဲ့ ဆရာမ တစ်ယောက်ဟာလည်း ခင်ပွန်းဖြစ်သူထံတွင် ဓားထိုးခံခဲ့ရပြီး ဒဏ်ရာတွေ ရရှိသွားပါတယ်။
ရခိုင်ပြည်တွင် အခုလိုမျိုး မုဒိမ်းမှုတွေများလာတာဟာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူသုံးစွဲလို့ ရနေတဲ့အတွက် ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဒီလိုမျိုး ကျူးလွန်မှုတွေ လျော့နည်းသွားအောင် ပညာပေးတွေ ပြုလုပ်ဖို့လိုအပ်သလို ကျူးလွန်သူ တွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးဖို့ လိုအပ်တယ်လို့လည်း ရှေ့နေတွေနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။