သတင်း

ဖယ်ခုံမှာ လယ်စပါးရိတ်သိမ်းနေတဲ့ ဒေသခံတောင်သူတွေကို စစ်တပ်က ပွိုင့်-5နဲ့ နေ့စဉ် ပစ်ခတ်ခြိမ်းခြောက်နေ

ဖယ်ခုံမှာ လယ်စပါးရိတ်သိမ်းနေတဲ့ ဒေသခံတောင်သူတွေကို စစ်တပ်က ပွိုင့်-5နဲ့ နေ့စဉ် ပစ်ခတ်ခြိမ်းခြောက်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၈၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လယ်စပါးရိတ်သိမ်းနေတဲ့ ဒေသခံတောင်သူတွေကို စစ်ကောင်စီတပ်က ပွိုင့်-5နဲ့ နေ့စဉ် ပစ်ခတ်ခြိမ်းခြောက်နေတာကြောင့် ဒေသခံတွေအခက်ကြုံနေရတယ်လို့ ဖယ်ခုံPDF၊ တပ်ရင်း-၂ထံကနေ သိရပါတယ်။

ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ကျေးရွာအချို့မှာ တောင်သူလယ်သမားတွေ လယ်စပါးရိတ်သိမ်းနေစဉ် စစ်ကောင်စီတပ်က ပွိုင့်-5နဲ့ နေ့စဉ် ပစ်ခတ်ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့စက်တင်ဘာလကနေ ဒီကနေ့အထိ ကျွန်တော်တို့တပ်ဖွဲ့နဲ့ စကစတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတော့ မရှိဘူး။ ဒါပေမယ့် လယ်သမားတွေ လယ်ရိတ်နေချိန် ပွိုင့်-5နဲ့ နေ့စဉ်ပစ်ခတ်ခြိမ်းခြောက်တာတွေတော့ ရှိနေပါတယ်”လို့ ဖယ်ခုံPDF၊ တပ်ရင်း-၂ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပီတာက FJMMကို ပြောပါတယ်။

အဲဒီလိုပဲ အင်းလေးPDFအခြေစိုက်တဲ့ ဖယ်ခုံမြို့နယ်အတွင်းက ဒေသတွေမှာ ပြီးခဲ့တဲ့သြဂုတ်လက အင်းလေးPDFအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာလအစပိုင်းမှာ စစ်ကောင်စီက ဆုတ်ခွာသွားပေမယ့် နင်းမိုင်းအများအပြားထောင်ထားခဲ့တာကြောင့် မိုင်းရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းတွေအားလုံးနီးပါးခိုးယူသွားသလို ဒေသခံတွေ စိုက်ပျိုးဖို့ ဝယ်ယူထားတဲ့ မြေဩဇာတွေလည်း စစ်ကောင်စီတပ်က ခံတပ်အဖြစ် အသုံးပြုထားတာတွေကြောင့် ပျက်စီးဆုံးရှူံးနေတာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။

ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲဒေသမှာ လက်ရှိထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအတွင်းကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတာကြောင့် နေအိမ်အဆောက်အဦအချို့ ထိမှန်ပျက်စီးတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button