ကရင်နီပြည်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စကစတို့ စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဖက်က ၇၈ ဦးသေဆုံး
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၄၊ ၂၀၂၃
ကရင်နီပြည်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စကစတို့ စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဖက်က ၇၈ဦးသေဆုံးခဲ့တယ်လို့ KNDFက အောက်တိုဘာလ ၃ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်အတွင်း ဩဂုတ်လကနေစက်တင်ဘာလအထိ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဥ်တန်းတွေ ဖြတ်သန်းသွားလာနိုင်ရေးအတွက် စစ်ကြောင်းထိုး ဝင်ရောက် လာ တာကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ၊ ပထမပါတ်အတွင်း စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဥ်တန်းတွေဟာ ဒီးမော့ဆိုမြို့နယ် ကနေ ဖရူဆိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို စက်တင်ဘာလ၊ ဒုတိယပါတ်ကစပြီး ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဖရူဆို-ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း သူတို့ရဲ့ ထောက်ပို့ယာဥ်တန်းတွေ ဖြတ်သန်းနိုင်ဖို့ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စက်တင်ဘာလအတွင်း KNDFဟာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၂၉ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စကစဖက်က ၇၈ဦးသေဆုံးပြီး KNDFက ရဲဘော် ၈ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါတယ်”လို့ KNDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော်နဲ့ နန်းဖဲကျေးရွာတွေအထိ အနည်းဆုံး စစ်ကြောင်း ၆ကြောင်းနဲ့ စစ်ကြောင်း ထိုးခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စက်တင်ဘာလ၊ ဒုတိယပါတ်ကစတင်ပြ တစ်လလုံးနီးပါး တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ KNDFက ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တဲ့အတွက် နန်းဖဲ၊ ပရယ်တော်နဲ့ ထားလဲကျေးရွာတို့မှာ စစ်ကောင်စီမှ တိုက်လေယာဥ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းအချို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းမှာ ဆုံရပ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဥ်တန်း ကားအစီးရေ ၆၀ခန့်က ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုကနေ ဘောလခဲမြို့နယ်ကို ဖြတ်သန်းနိုင်ခြင်း မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လွိုင်ကော်မြို့နယ်အတွင်းမှာလည်း ရှမ်းပြည်နယ်ကနေ လွိုင်ကော်မြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်တပ်ရဲ့ ယာဥ်တန်း ၆စီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့သလို စစ်ဆေးရေးစခန်းတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီမှ (၂)နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားတဲ့ ပူဖားနံ့ သေးဆူလဲကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်တွေကို စက်တင်ဘာလ၊ ပထမပါတ်အတွင်း ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနဲ့ အနီးတဝိုက်မှာ အခိုင်အမာ ခြေကုပ်ယူတပ်စွဲနေပြီး မယ်စဲ့မြို့နယ်ကို ပြန်လည်ထိုးဖောက် သိမ်းပိုက် နိုင်ရေး၊ လူသူလက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ရေးအတွက် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တို့ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ငယ်(၃၆)လက်၊ လက်နက်ကြီး (၅)လက်နဲ့ ခဲယမ်း မျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီတပ်ရဲ့ ကား (၂)စီးကို မီးရှို့ဖျက်စီးနိုင်သလိုခဲ့ ၁စီးကို မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်း (၅) ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ (၁)ဦး သေဆုံးခဲ့ရတယ်လို့ KNDFက ပြည်သူတွေထံ အသိပေးထားပါတယ်။
Photo – KNDF