စစ်ကောင်စီ ဥက္ကဋ္ဌ နှင့် KNU ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံခြင်းက KNU နဲ့ မဆိုင်ကြောင်း ထုတ်ပြန်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၊ ၂၀၂၃။
စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် KNU ရဲ့ ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံခြင်းက KNU နဲ့ လုံးဝ ပတ်သက်ခြင်း မရှိကြောင်း KNU မှ အောက်တိုဘာလ ၂ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ရက်နေ့က KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုး ၊ CEC ဟောင်း စောရာဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဌ တာဝန်မှ အနားယူထားသည့် စောရွှေမောင်း တို့ အာဏာသိမ်းစစ်ခေါင်းဆောင် နှင့်နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။
ထို့တွေ့ဆုံမှုက KNU နဲ့ လုံးဝ ပတ်သက်ခြင်း မရှိကြောင်း နှင့် သြဂုတ်လ ၁၀ရက်နေ့က KNU ရဲ့ ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲမှာ KNU အနေဖြင့် စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မရှိကြောင်း အသိပေးထားခြင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။
ယခုတွေ့ဆုံမှုက စစ်ကောင်စီက KNUအတွင်း ရှုပ်ထွေးစေအောင်ပြုလုပ်သည့် လုပ်ရပ်ဖြစ်ပြီး တိုက်ပွဲဝင်နေသည့် မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေးအတွက် လုပ်ဆောင်သော စစ်တပ်၏ အစီအစဉ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
KNUက နိုင်ငံရေးရည်မှန်းချက်များအောင်မြင်စေရေးအတွက် ဘဝတူတော်လှန်ရေးအင်အားစုများနှင့်အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားတယ်။