သတင်း

လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်း တစ်ခုကို KIA သိမ်းပိုက်

လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်း တစ်ခုကို KIA သိမ်းပိုက်

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၇ ၊ ၂၀၂၃
 
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်က နမ့်ဆန်ယန်ကျေးရွာ တစ်ဖက် ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီ စစ်အင်အား ၃၀ ခန့်ဖြင့် တပ်ချထားတဲ့ အောင်ဂျာတပ်စခန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၈ နာရီ ခန့်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
လိုင်လွမ့်အောင်ဂျာ (Lailum AungJa) တပ်စခန်း ၃ ခု ရှိတဲ့ထဲက ပင်မစခန်းနဲ့ ဝေးတဲ့ တပ်စခန်းတခုကို မနက်ပိုင်း ၆ နာရီခန့်ကနေ စတင် စီနင်းတိုက်ခိုက်ခဲ့ပြီးနောက် ၈ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
 
 
စစ်ကောင်စီ တပ်စခန်းကို ၈ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လေကြောင်း ကနေ နေရာအနှံ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
တပ်စခန်းသိမ်းပိုကမှုအတွင်း စစ်ကောင်စီ လက်နက်ခဲယမ်းများကိုလည်း ရရှိခဲ့သလို နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်လက်နက်ကြီး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် သေဆုံးမှု ရှိနိုင်ပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
 
 
တိုက်ပွဲဖြစ်ပွားတဲ့ အောင်ဂျာရွာဟာ နမ်ဆန်ယန်ကျေးရွာရဲ့ ချောင်းတစ်ဖက်ကမ်းမှာဘဲ တည်ရှိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ လောက်ကနေ စစ်ကောင်စီ တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလာတာဟာ ၃ လလောက်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်  တလျှောက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
 
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် တလျှောက် မှာတော့ စစ်ဇုံပြန်လည် ဖြစ်ပေါ်နေပြီလို့ ပြောထားသလို စစ်ကောင်စီဟာ KIA ဌာနချုပ် ရှိရာ လိုင်ဇာ အနီး ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက အင်အားအလုံးအရင်းများစွာဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
 
အဲဒီလို စစ်ကောင်စီဘက်က ကချင်ဒေသ KIA ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဟာ စစ်ကိုင်း ဘက်က NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF) တွေနဲ့ အဆက် ဖြတ်နိုင်ဖို့ စစ်ရေးအရ ဖိအားပေး တိုက်ခိုက်လာတာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောနေ ကြပါတယ်။
 
ဓါတ်ပုံ – CJ (ပုံဟောင်း)

Related Articles

Back to top button