KNU တပ်မဟာမှူး ၃ ဦးနှင့် ဗျူဟာမှူး ၃ ဦးတို့ကို အပြောင်းအလဲ ပြုလုပ်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၇ တို့တွင် တပ်မဟာမှူး ၃ ဦးနှင့် ဗျူဟာမှူး ၃ ဦးတို့ကို စက်တင်ဘာလ ၆ ရက်နေ့မှာ အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရ ပဒိုစောကလယ်စေး ထံမှ သိရပါတယ်။
တပ်မဟာ ၄ ရဲ့ ယခင်တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးမူ နေရာမှာ ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ ၆ တွင် ဗိုလ်မှူးချုပ် စောဆာမိစေးဖိုး နေရာမှာ ဗိုလ်မှူးကြီးစောကိုထူး နှင့် တပ်မဟာ ၇ တွင် ဗိုလ်မှူးချုပ်စောဖောဒို နေရာမှာ ဗိုလ်မှူးကြီး စောဒိကွယ်ထူးတို့ ကို ပြောင်းလဲ ခန့်အပ် တာဝန်ပေး ခဲ့ပါတယ်။
ထိုပြင် တပ်မဟာ (၇)၏ ဗျူဟာမှူးအသစ်အဖြစ် စောဖိုးဒူ ၊တပ်မဟာ (၆)၏ ဗျူဟာမှူးအသစ်အဖြစ် စောနယ်ဒါးထူး၊တပ်မဟာ (၄)၏ ဗျူဟာမှူးအသစ်အဖြစ် စောလေးသေ့ တို့ကို ခန့်အပ် ခဲ့ကြောင်း သိရပါတယ်။
” ပြောင်းလဲရတဲ့အကြောင်းကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ အသက်အရွယ် အပိုင်းအခြား ကြောင့် ဖြစ်တယ်။ ဒီလိုပြောင်းလဲမှုကလဲထွေထွေထူးထူး သက်ရောက်မှု မရှိပါဘူး။ တပ်မှူးပြောင်းလဲ လိုက်လို့ KNU ရဲ့ စစ်ရေးစီမံချက်ပြောင်းလဲ မှု မရှိပါဘူး။ KNU ရဲ့ စစ်ရေးစီမံချက်အတိုင်း ဆက် လက်တာဝန်ထမ်းဆောင်ဖို့ အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ ” လို့ ပဒိုစောကလယ်စေးက FJMM ကိုပြောပါတယ်။
တပ်မဟာမှူး အသစ်များအနက် တပ်မဟာ ၆ နှင့် တပ်မဟာ ၇ တပ်မဟာမှူးများသည် ယခင်က ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့ကြသူများ ဖြစ်ပြီး ဗျူဟာမှူးသည် တပ်မဟာတွင် တပ်ပိုင်းဆိုင်ရာ ဒုတိယအဆင့်ရှိသည့် ခေါင်းဆောင်များဖြစ်ပါတယ်။
တပ်မဟာမှူးသည် တပ်မဟာတစ်ခုလုံး၏ အရေးကိစ္စကို စီမံရခြင်းဖြစ်ပြီး ဗျူဟာမှူးသည် စစ်ဆင်ရေးဘက်၌ စီမံခန့်ခွဲရတယ်လို့ သိရပါတယ်။
လက်ရှိတော်လှန်ရေးကာလ ၂နှစ်ခွဲကျော် အကြာတွင် တပ်မဟာ ၆ မှ လွှဲပြီး တပ်မဟာ ၄ နှင့် တပ်မဟာ ၇ တို့မှာ စစ်ကောင်စီနဲ့ ထိတွေတိုက်ပွဲ ဖြစ်ပွားမှု အနည်းဆုံးဖြစ်တဲ့ တပ်မဟာ ၂ခု ဖြစ်ပါတယ်။
ဓါတ်ပုံ – CJ