ရွှေကူ ကျောက်ကြီး ရဲစခန်းသိမ်းပိုက်ခံရ၊ နမ်ဆန်ယန်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁ ရက်၊ ၂၀၂၃။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာက အင်အား ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်သားနဲ့ရဲ ပူးပေါင်းထိုင်တဲ့ ရဲစခန်းကို ဒီနေ့မနက်ပိုင်းက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် လိုက်တယ်လို့ FJMM ရဲ့သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
အဲဒီ သိမ်းပိုက်ခံရတဲ့ ကျောက်ကြီးရဲစခန်းမှာတော့ စစ်ကောင်စီ ရဲနဲ့ စစ်သားတွေပူးပေါင်း တပ်ထိုင်နေတဲ့ ရဲစခန်း ဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်း ၄ နာရီအချိန်ခန့်မှာ KIA တပ်ရင်း ၅ နှင့် မြို့လှ KPDF ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ပြီးနောက် မနက်ပိုင်း ၇ နာရီခန့်မှာတော့ အပြီးသိမ်းပိုက် လိုက်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စခန်းသိမ်းပိုက်မှုအတွင်း စစ်သားနဲ့ ရဲ တချို့လည်း သေဆုံးမှု ရှိသလို၊ အရှင်ဖမ်းမိခဲ့တာ ရှိပြီး လက်နက် ခဲယမ်း တွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်း ရင်းမြစ်က ဆိုပေမယ့် FJMM က သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဂျက်ဖိုက်တာ တစ်စီးနဲ့ ကျောက်ကြီးကျေးရွာနဲ့ အနီးဝန်းကျင်နဲ့ တောပုန်း ကျေးရွာအနီးတို့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လာတာကြောင့် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည် ဆုတ်ခွာခဲ့ ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား- ဗန်းမော်ကားလမ်းမ တလျှောက်မှာ တည်ရှိတဲ့ ဂျာပူကျေးရွာနဲ့ နမ်ဆန်ယန်ကျေးရွာ ကြားမှာလည်း ယမန်နေ့ ဩဂုတ် ၃၀၊ ၃၁ နဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ထိ အင်အား ဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ခလရ ၈၃၊ ၂၃၆ နဲ့ KIA တပ်ရင်း ၁၈၊ တပ်ရင်း ၁၉ တို့ကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီ စစ်သားသေဆုံးမှု များလာပြီးနောက် မြစ်ကြီးနား မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)ဘက်က တက်လာတဲ့ Jet Fighter နဲ့ Helicopter ၂ စီးတို့ဖြင့် အပြင်းအထန် လာရောက် ဗုံးကြဲ တိုက်ခိုက် ကူပေးခဲ့တယ်လို့ KIA အာဘော် သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရလည်း သိရပါတယ်။
ပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းက နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ နှစ်ဖက်တပ်ဖွဲ့ဘက် ထုတ်ပြောလာတာ မရှိသေးသလို FJMM အနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဓါတ်ပုံ – CJ / Getty Images