(No. 70, September 1, 2023)
၁။ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ဆမားလမ်းခွဲတွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ
August 31, 2023
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်ရှိ ကဇူးယန်ကျေးရွာအကျော် ဆမားလမ်းခွဲမှာ ဩဂုတ်လ ၃၀ ရက်နေ့ကစပြီး ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက် ၆ နာရီ လောက်က တိုက်ပွဲစတင်ဖြစ်ပွားနေပြီးတော့ ဒီကနေ့မှာလည်း ကဇူးစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့လည်း ဗုံးလာကြဲတာတွေ လုပ်ဆောင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။“ကဇူကျေးရွာပေါ်မှာ လေးငါးခေါက်ခေါက်ပျံဝဲပြီးတိုက်ပွဲဖြစ်နေတဲ့နေရာကိုလှမ်းပစ် နေတယ်။ နောက်ထပ်ရောက်လာတဲ့ လေယာဉ်ကလည်း တိုက်ပွဲဖြစ်တဲ့ နေရာအထိ သွားပြီး ပစ်တယ်။ ဒီကဇူးစစ်တပ်စခန်း က လည်း လှမ်းပစ်နေကြတယ်။”လို့ ဒေသခံက ဆိုပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာတာကြောင့် လေယာဉ် ပစ်ကူခေါ်ပြီး တိုက်ခိုက်တာဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရတယ်လို့နောက်ထပ် အမည်မဖော်လိုသူ ဒေသခံအမျိုးသမီး တစ်ဦးကလည်း ဆိုပါတယ်။
ဒဘတ်ယန်ကျေးရွာနဲ့ ကဇူးယန်ကျေးရွာက ဒေသခံတွေကို အိမ်ထဲက အိမ်ပြင် မထွက်ကြဖို့အတွက် မနေ့ကတည်းက တားမြစ်ထားကြပြီး ဒီကနေ့မှာတော့ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာတွေ ရှိတဲ့အတွက် ကျောင်းတွေလည်း ပိတ်လိုက် ကြပြီလို့ ဆိုပါတယ်။ ဒါ့အပြင် ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း ဧရိယာချဲ့တာတွေ ပြု လုပ်နေကြပြီး စစ်ကြောင်းတွေလည်း အင်အားအများအပြား ရောက်ရှိနေပြီးတော့ တပ်စခန်းအတွင်းသာမက ဒေသခံတွေရဲ့ နေအိမ်တွေအထိ ဝင်ရောက်တပ်စွဲ နေထိုင်နေကြတယ်လို့ သိရပါတယ်။ မြစ်ကြီးနား-လိုင်ဇာ လမ်းတစ်လျှောက်ကို စစ်ကောင်စီကနေ ဇူလိုင်လ ပထမအပတ်လောက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်တော် (KIA) နဲ့ တောက် လျှောက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ https://www.facebook.com /photo/?fbid=314000861306914&set=a.26600199 9440134
၂။ စစ်ကောင်စီမှ လွှတ်ပေးရန်ကျန်ရှိနေသည့် ရခိုင်ပြည်သူအားလုံးကို မြန်နိုင်သမျှမြန်အောင် လွှတ်ပေးဖို့ AA ပြော
August 31, 2023
အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံရေးပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော လွှတ်ပေးရန် ကျန်ရှိ နေသည့် ရခိုင်ပြည်သူများအားလုံးကို မြန်နိုင်သမျှမြန်အောင် လွှတ်ပေးရန် ရက္ခိုင့်တပ်တော် ULA/AA က ပြောဆိုလိုက်သည်။ စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်မှ မတရားစွပ်စွဲတရားစွဲဆို၍ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) တို့ဖြင့် အမှုရင်ဆိုင်နေရသည့် မြို့နယ်အသီးသီးက ရခိုင်ဒေသခံ ၆၁ ဦး ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီက လွှတ်ပေးခဲ့ သည်။ စစ်ကောင်စီက ၇၂ ဦးကို လွှတ်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း တကယ်လွှတ်ပေးခဲ့ရာမှာ ၆၁ ဦးကိုသာ လွှတ်ပေးခဲ့ ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောထားသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ဖြစ်ပွား ခဲ့သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲကာလအတွင်းနှင့် တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ က အရပ်သားပြည်သူ ၅၉၄ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၂၀၂၃ ခုနှစ်၊ မတ်လမတိုင်ခင်အထိ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ဒေသခံ ၂၀၃ ဦးထဲမှ ဩဂုတ်လ ၁ ရက်နေ့က ၆၀ ကျော်ကို ပြလွှတ်ပေးခဲ့သော်လည်း စစ်ကောင်စီ၏ အကျဉ်းထောင်ထဲတွင် မတရားစွပ်စွဲ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်ပြည်သူ ၁၄၀ ကျော် ကျန်ရှိနေသေးသည်။
ရက္ခိုင့်တပ်တော်၏ ပြောခွင့်ရ ဦးခိုင်သုခက “AA နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားစွပ်စွဲ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ်ကျ ခံနေရတဲ့ ရခိုင်ပြည်သူ ဒီတစ်ခေါက်လွှတ်ပေးတဲ့ အထဲမှာ များများလွှတ်ပေးတာကို တွေ့ရတယ်။ ဒါပေမယ့် နောက်ထပ် အများ ကြီး ကျန်နေသေးတယ်။ အပစ်ရပ်သဘောတူညီထားတဲ့အတိုင်း လွှတ်ပေးဖို့ ကျန်နေသေးတဲ့သူတွေကို မြန်နိုင်သမျှမြန်အောင် လွှတ်ပေးဖို့ ပြောချင်တယ်”ဟု ပြောသည်။ စစ်ကောင်စီက အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူများကို နိုင်ငံ ရေးပုဒ်မဖြစ်သည့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) (၂) နှင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် မတရားဖမ်းဆီးချုပ် နှောင် တရားစွဲဆိုထားခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ယခုနှစ်နောက်ဆုံး စစ်ကောင်စီ၏ လွှတ်ပေးခဲ့သည့် ၆၁ ဦးမှာ သံတွဲအကျဉ်းထောင်က သံတွဲဒေသခံ တေးရေးဆရာ ကိုစန်းကိုအပါအဝင် ၁၆ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က ၁၀ ဦး၊ စစ်တွေအကျဉ်းထောင်က ၁၂ ဦး၊ ကျောက်တော်အချုပ်ခန်းက ၂ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၉ ဦး၊ မောင်တော အချုပ်ခန်းမှ ၄ ဦး၊ တောင်ကုတ်အချုပ်ခန်းမှ ၃ ဦး၊ အမ်းအချုပ်ခန်းက ၅ ဦး တို့ဖြစ်သည်။ ယင်းအပြင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုခဲ့သည့် ရခိုင်ဒေသခံများထဲမှ ဒေသခံ ၉၅ ဦးကို လည်းအပြီးသတ်အမိန့်ချမည့်ရက်ကို စစ်ကောင်စီတရားရုံးများမှ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်။ https://www.facebook.com/photo/?fbid=73619488518 6607&set=a.682731967199566
၃။ကာလရှည်ကြာ စစ်ဘေးရှောင်နေရတဲ့ ကရင်နီပြည်သူတွေ စားနပ်ရိက္ခာအတွက် ပူပန်နေရ
August 31, 2023
ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးရှောင်ရတဲ့ ကာလရှည်လာတာနဲ့အမျှ စစ်ဘေးရှောင် စခန်းတွေမှာ စားနပ်ရိက္ခာ မလုံ လောက်မှုတွေကို လစဉ် ကြုံတွေ့လာရကြောင့် စစ်ဘေးရှောင် ပြည်သူတွေ ပူပန်သောက ရောက်နေကြတယ်လို့ ကူညီသူတွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလ ကတည်းက အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်နယ်တွင်းက တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်သူ အများစုဟာ စတင်ပြီး စစ်ဘေးတိမ်းရှောင် ခဲ့ကြရတာပါ။ လက်ရှိအချိန်မှာ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့မှု အားနည်းလာတာကြောင့် အလှူငွေ ရရှိမှု နည်းလာပြီး စစ်ရှောင် တွေ အတွက် ရိက္ခာ မလုံလောက်မှုတွေ မကြာခဏ ဖြစ်လာရတယ်လို့ ကူညီသူတွေက ဆိုပါတယ်။ ဒါ့အပြင် ကရင်နီပြည်နယ် တွင်း ဆန်အပါအဝင် ကုန်စည် ဝင်ရောက်နိုင်တဲ့ လမ်းမကြီးတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ပြည်နယ်တွင်းက နေရာ အနှံ့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံတွေ လယ်ယာ စိုက်ပျိုးရေး မလုပ်နိုင်ဘဲ ရိက္ခာရရှိဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကရင်နီပြည်နယ်တွင်း ဆန်ကြမ်း တစ်အိတ်ကို ကျပ် ၈ သောင်းကနေ တစ်သိန်းဝန်းကျင်ထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။
ကရင်နီ တစ်ပြည်နယ်လုံးမှာ စစ်ဘေးရှောင် ၃ သိန်းဝန်းကျင် ရှိနေရာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့မြို့နယ်တွေ အပါအဝင် ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံဒေသ ဘက်တွေမှာပါ စစ်ဘေးရှောင်တွေ ပြန့်ကျဲ နေထိုင်ကြရတာ ဖြစ်ပါတယ်။ စစ်ရှောင်တွေ အများစု နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒီးမော့ဆိုမြို့နယ် အနောက် ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတွေမှာတော့ ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားတယ်လို့ စစ်ရှောင်ကူညီ သူတွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီရာမှာ ရိက္ခာပြတ်တောက်လုနီးပါး ဖြစ်နေသူတွေကို ဦးစားပေး လှူဒါန်းနေရပြီး အဲ့ဒီလို လှူဒါန်းတာ ကို စစ်ရှောင်ပြည်သူတွေ နားလည်အောင် ရှင်းပြနေရတဲ့ အခက်အခဲတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေ သွားကူတဲ့ အခါမှာ အရမ်းဆန်ပြတ်လပ်တဲ့ သူတွေကိုပဲ ကူရတဲ့အခါမှာ အချက်အလက်တွေ အတိအကျ ကောက်ရတာတွေရှိတယ်။ အဲ့လိုလုပ်ဖို့အတွက် သူတို့နားလည်ဖို့လိုတယ်။ သူတို့ လက်ခံဖို့လည်း လိုတယ်။ တချို့ စစ်ဘေးရှောင် တွေကလည်း ရိက္ခာ လိုချင်ကြတယ်။ ဒါပေမယ့် ပိုလိုအပ်တဲ့လူ ပိုပေးချင်တော့ အခက်အခဲ ဖြစ်တာမျိုးရှိတယ်” လို့ စစ်ရှောင် ကူညီသူတစ်ဦးက ဆိုပါတယ်။ လက်ရှိ ရိက္ခာပြတ်လုနီးပါး ဖြစ်နေတဲ့ ကရင်နီ စစ်ရှောင်စခန်းတွေအတွက် စစ်ရှောင်ကူညီသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တစ်ဦးချင်း အလှူရှင်တွေအပါအဝင် ဒေသတွင်းကအဖွဲ့အစည်းတွေအားလုံးဝိုင်းဝန်း အဖြေရှာ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ https://www.facebook.com/photo/?fbid=329132819473169&set=a.28 5900490463069
၃။ ထန်တလန်တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အရာရှိအချို့သေဆုံးဟု CNA ပြော
August 31, 2023
ချင်းပြည်နယ် ထန်တလန်မြို့ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ခဲ့သူများတွင် ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် အရာရှိအချို့ပါဝင်သည်ဟု ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော်(CNF/CNA) ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီ က ပြောသည်။ CNF/CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊CDF-ဟားခါး၊ CDF-ဇိုဖေတပ်များ ပူးပေါင်းပြီး ထန်တလန်မြို့ပေါ်၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာ ခုနစ်ခုထက်မနည်းကို ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးများပြားခဲ့သည်။ လတ်တလောတွင် စစ်ရေးထူးခြားမှုမရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က အရာရှိအချို့ ကျဆုံးခဲ့ကြောင်း ဆလိုင်းထက်နီက ရှင်းပြသည်။ “ဗိုလ်မှူးတစ်ဦး၊ အရာရှိတစ်ဦး ကျတယ်လို့ သိရတယ်။ တပ်ရင်းဌာနချုပ်တွေကို ဦးတည်တိုက်ခိုက်ခဲ့တာမို့လို့ ဆုံးရှုံးမှုတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က ထိုးစစ်အနေအထားပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။
ဩဂုတ် ၂၇ ရက်နှင့် ၂ ၈ရက် ထန်တလန် တိုက်ပွဲများ၌ ချင်းပူးပေါင်းတပ်မှ ရဲဘော် ၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု CDF ထန်တလန်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ တပ်ဘက်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများအသုံးပြု တိုက်ခိုက်ခဲ့၍ ချင်းပူးပေါင်းတပ်မှ ကျဆုံးမှုများခဲ့ရသည်ဟု ဆို သည်။ ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှလက်နက် ၅ လက်နှင့် ကျည်များစွာသိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထန်တလန် CDF က အသိပေးထားသည်။ https://www.facebook.com/photo?fbid=6388 75381644591&set=a.55939618 6259178
၄။ စယ်လန့်မှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်ဒဏ်ရာရ
August 31, 2023
ရှမ်းမြောက် မူဆယ်မြို့အနီး စယ်လန့်ကျေးရွာအနီး စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(TNLA) အကြား တိုက်ပွဲမှာ အရပ်သား ၂ ဦးထိမှန်ဒဏ်ရာရတယ်လို့ သိရပါတယ်။ သြဂုတ် ၂၉ ရက် မနက်ပိုင်းကစပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျကာ နေအိမ် ၇ လုံးထက်မနည်းလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပါတယ်။ သြဂုတ် ၃၀ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီဘက် လက်နက်ကြီးတွေနဲ့ ယမ်းသမ်း ပစ်ခတ်တာတွေရှိနေသေးတယ်လို့ မန်ကန်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ” ဒဏ်ရာရတဲ့သူက ၂ ယောက်ရှိတယ်။ တစ်ယောက်က ပေါင်ထိတယ်။ တစ်ယောက်က တင်ပါးထိတယ်။ စစ်ကောင်စီပစ်တဲ့ လက်နက်ကြောင့်ထိတာထင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီအဖွဲ့က သေနတ်ပစ်ပြီး TNLA ရှိတဲ့ဘက်ကို ထိုးတက်တာ” လက်ရှိအချိန်အထိ စစ်ကောင်စီ တပ်နဲ့ TNLA တပ်အကြား စစ်ရေးတင်မာနေဆဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာခံတွေနေရပ်မပြန်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးအလုံး ၆၀ ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ သြဂုတ် ၂၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ၃ နေရာ အထိဖြစ်ပွားခဲ့ပြီး သြဂုတ်လအတွင်း TNLA နဲ့စစ်ကောင်စီတို့အကြား စုစုပေါင်း တိုက်ပွဲ ၁၈ ကြိမ်အထိဖြစ်ပွားခဲ့ပါတယ်။ https: //www.facebook.com/photo/?fbid=625290289778239&set=a.40450321519 0282
၅။ ဘီးလင်းတွင် လူနာပို့သည့်လူမှုကယ်ဆယ်ရေးကားပစ်ခတ်ခံရပြီး လူနာအမျိုးသမီးဒဏ်ရာရ
August 31, 2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာပို့သည့် လူမှုကယ်ဆယ် ရေးကားတစ်စီး ပစ်ခတ်ခံရပြီး လူနာအမျိုးသမီးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ကပြောသည်။ ပစ်ခတ်ခံရသည့် ကား သည် ကျိုက်ထိုမြို့က တောင်တန်းမေတ္တာလူမှုကူညီရေးအသင်းကားဖြစ်ပြီး ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမှ မော်လမြိုင်သို့ လူနာဆေးခန်းပြရန် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ ပို့ဆောင်စဉ် ဝင်းပြန်ကျေးရွာ အနီးအရောက်တွင် လက်နက်ကိုင်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အသက် ၄၅ နှစ်အရွယ် လူနာအမျိုးသမီး ကျည်နှစ်ချက် ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။“လူနာတင်ကားက မော်လမြိုင်ကို လူနာပို့ရင်း အပစ်ခံရတာ။ ပစ်ခံရတော့ ပါလာ တဲ့ လူနာအမျိုးသမီးကို ကျည်ထိမှန်သွားတယ်။ နှစ်ချက်ထိသွားတယ်” ဟု ၎င်းက ဆိုသည်။ ညာဘက်ပေါင်နှင့် ဘယ်ဘက် ခြေသလုံးတို့တွင် ကျည်ထိမှန်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
အလားတူ ဩဂုတ်လ ၁၆ ရက်နေ့က ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ခရီးသည် တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကျိုက်ထို မြို့နယ် ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ် အတွင်း ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ခရီးသည် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။ ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ကားများနှင့် လူမှုကယ်ဆယ်ရေး ကားများ ပစ်ခတ်ခံရသည့်ဖြစ်စဉ်၊ မိုင်းဆွဲ ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်လေ့ရှိပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။ https://www.facebook.com/photo?f bid=669650961980922&set=a.591171916495494
၆။ KNU တပ်မဟာ ၆ နယ်မြေရှိ စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
August 31, 2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ သြဂုတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် တပ်မဟာ ၆ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ ခြေကုတ် စခန်းကို VENOM စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်မှ ၆၀ မမ ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး VENOM စစ်ကြောင်းမှ စနိုက်ပါသမားက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိမှန်သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့်ပတ်ခတ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၄၀ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စနိုက်ပါ ၂ ချက် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း VENOM စစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ည ၇ နာရီ ၃၀ နာရီမိနစ်ခန့်တွင် KNDO ပူးပေါင်းအဖွဲ့နှင့် အတူ RPG ဖြင့် ထပ်မံ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ထပ်မံ သေဆုံးကြောင်း၊ ဒဏ်ရာရ စစ်သားများကိုလည်း Ambulance များဖြင့် ဝေါလေဘက်ကို သယ် ဆောင်သွားပြီး အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခက်ခဲ့သော်လည်း VENOM စစ်ကြောင်းမှ ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ ရာသီဥတု အခက်အခဲများကြားမှ ဇွဲသတ္တိအပြည့်ဖြင့် အကြမ်းဖက်စစ်တပ်ကို ချီတက်တိုက်ပွဲ ဝင်ခဲ့သည့် VENOM စစ်သည် တစ်ဦးချင်းစီအားဂုဏ်ယူစွာ မှတ်တမ်းတင်အပ် ကြောင်းနှင့် Cobra Column 2 VENOM စစ်ကြောင်း သည် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွတ်လျက် အကြမ်း ဖက်စစ်ကောင်စီတပ်များအား အနားမပေးပဲ ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=657159043178372&set=a.568142255413385
၇။ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်
August 31, 2023
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက (သြဂုတ် ၃၁ ရက်) နံနက်အစောပိုင်းတွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နံနက် ၄ နာရီခန့်ကစ၍ သုံးကြိမ်တိုင်တိုင် ပစ်ခတ်ဗုံးကြဲမှု တွင် ထိခိုက်သူမရှိခဲ့ဟု ဆိုသည်။ “ဘုရားကျေးဇူးတော်ကြောင့်လို့ပဲ ပြောရမယ်။ ကန့်နဲ့ ပေ ၃၀ လောက်အကွာမှာ ပေါင် ၅၀၀ ဗုံး သီး မပေါက်ကွဲဘဲဖြစ်နေခဲ့တာ”ဟု ဗုံးကြဲခံရသည့် စစ်ရှောင်စခန်းတွင်နေထိုင်သူက ပြောသည်။ ဩဂုတ် ၂၅ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အ နောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည်။ ထိုစဥ်က နေအိမ်များနှင့် စာသင်ကျောင်း တစ်ကျောင်းအပါအဝင် အဆောက်အဦး ငါးလုံးထက်မနည်းပျက်စီးကာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာသို့ စစ်ကောင်စီက သြဂုတ် ၂၃ ရက်က ဒရုန်းဖြင့် ဗုံးကြဲ၍ ကလေးငယ်သုံးဦး ထိခိုက်ဒဏ် ရာရခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ နှင့် စစ်ရှောင်နေရာများသို့ စစ်ကောင်စီက မကြာခဏလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျှက်ရှိကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ထားသည်။ https://www.facebook.com/photo?fbid=638837 621648367&set=a.559396186259178
၈။ စစ်သားသစ်လာစုဆောင်းချိန် တံခါးဖွင့်မပေးလို့ဆိုပြီး ကိုးကန့်တပ်က သေနတ်နဲ့ပစ်ခတ်၊ အမျိုးသားတစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရ
August 31, 2023
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တာမိုးညှဲမြို့ ဘီဖာဂျိုင်ရပ်ကွက်မှာ တံခါးဖွင့်မပေးလို့ဆိုပြီး ကိုရးကန့်(MNDAA)တပ်ဖွဲ့က အိမ်တစ်အိမ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အိမ်ထဲမှာရှိတဲ့ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၃၀ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်သားသစ်စုဆောင်းဖို့ ရောက်လာတဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်သားတွေကို အိမ်ရှင်က တံခါးမဖွင့်ပေးတာကြောင့် သေနတ်နဲ့ပစ်ခက်ခဲ့တာကြောင့် ဦးလုမ်ဆောင်ရဲ့သားဖြစ်သူ အသက် ၂၁ အရွယ် ဦးမာနော်ကပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်းရဲ့အစ်ကိုဖြစ်သူက ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ အကြောင်းသိရှိ သူ အမျိုးသားတစ်ဦးကပြောပါတယ်။ “သူ့ကိုတံခါးဖွင့်ခိုင်းတာ။ သူကနည်းနည်းကြာနေလို့ သူတို့ကဖွင့်ပြီး သူ့ကိုသေနတ်နဲ့ ချက် ချင်းပစ်လိုက်တာလို့ပြောတယ်။ ပွဲချင်းပြီးဘဲ” MNDAA ဟာလက်နက်ကိုင်တပ်ဖွဲ့တစ်ခုအနေနဲ့ပြီး မဆင်မခြင်နဲ့ ပြည်သူလူထု တွေကို အခုလိုလုပ်တာဟာ မဖြစ်သင့်သလို့ လုပ်လည်းမလုပ်စေချင်ဘူးလို့ တာမိုးညဲဒေသခံအမျိုးသမီး တစ်ဦးကပြောပါတယ်။
“အဲလိုမျိုးတော့ မလုပ်သင့်ဘူးပေါ့။ သေချာလေးစစ်ဆေးမေးမြန်ရမှာပေါ့။ သူတို့တံခါးဖွင့်တာနဲ့ တစ်ခါတည်း ပစ်တယ် လို့ကြားတာဘဲ။ ဘယ်သူမဆိုဖြစ်ရင် မကောင်းဘူးလေ” လက်ရှိမှာတော့ ဒဏ်ရာရထားတဲ့ ဦးဖောက်ဇောင်းခေါင် ကို တာမိုးညဲ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ တာမိုးညဲမှာ အရင်တုန်းက ဖြစ်ရပ်မျိုးမရှိခဲ့ဖူးဘဲ ဒါဟာပထမဆုံး အကြိမ် ဖြစ်တယ်လို့ ၎င်းအမျိုးသမီးကဆက်ပြောပါတယ်။ https://www.facebook.com/photo/?fbid=625957716378163&set=a. 404503215190282
၉။ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်
August 31, 2023
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Dawei Defense Team-DDT(ထားဝယ်-ပကဖ) က (သြဂုတ် ၃၀)ရက်နေ့က ထုတ်ပြန်သည်။ သြဂုတ် ၂၇ ရက် ညနေ ၅ နာရီခွဲက ဂေါ့အင်းကျေးရွာသို့ အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ကို လမ်းမှနေ၍ မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း စစ်တပ်က အပြစ်မဲ့ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသဖြင့် မစ်ရှင်ဖျက်သိမ်းခဲ့ရကြောင်း အသိပေးသည်။ သို့သော် ပြန်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စတင်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လက်နက်အင်အား၊ လူ အင်အားမမျှသော ကြောင့် ပစ်ဆုတ်ဆုတ်ရာတွင် M16 ကျည် (၅၀)၊ စနိုက်ဘာကျည် (၃၀)နှင့် ဆိုင်ကယ်တစ်စီးအား ထားရစ်ခဲ့ရသည်ဟု DDT တပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော် ပြသည်။
“တောင်ပေါ်ကနေ အသာစီးနဲ့ ပစ်တဲ့အချိန် ကျနော်တို့က ခံပစ်ရတာရယ် အင်အားက ၈ ဆ လောက်ကွာတာရယ်။ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာရယ်ကြောင့် ခုခံမနိုင်တဲ့အဆုံး ဆုတ်ခွာရင်း တစ်ချို့ပစ္စည်းတွေ ဝင်ယူမရတာကြောင့် ဆုံးရှုံးခဲ့ရပါတယ်”ဟုတိုက်ခိုက်မှုတွင်ပါဝင်သည့် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei)မှ တာဝန်ရှိသူပြောသည်။ အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်ရာတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ DDT တပ်ခွဲ (၃)၊ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei)တို့ပါဝင်ပြီး အင်အား ၁၂ ဦး၊ စနိုက်ပါတစ်လက်၊ မောင်းပြန် တစ်လက် နှင့် လက်လုပ်တစ်တောင့်ထိုးများဖြင့် ခုခံတိုက်ခိုက်ရသဖြင့် အချိန်ကြာမြင့်စွာခုခံတိုက်ခိုက်ရန် အဆင်မပြေဖြစ်ခဲ့ကြောင်း ၎င်း တပ်ဖွဲ့များက အသိပေးသည်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လက်နက်အင်အား၊ လူအင်အား အသာစီးဖြင့် ပိတ်ဆို့ပစ်ခတ်သည့်ကြားမှ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များအထိအခိုက်အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း အသိပေးထားသည်။ https://www. facebook.com/photo?fbid=638832288315567&set=pcb.638832318315564
၁၀။ ဖာပွန်မြို့နယ်နှင့် လယ်ကလေးကျိုးဒေသတို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA တိုက်ခိုက်
August 31, 2023
ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် လယ်ကလေးကျိုးဒေသတို့ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းများကို KNLA တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။ ဩဂုတ်လ (၂၇)ရက်နေ့က ဖာပွန်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၄၃၄)တပ်စခန်းနှင့် ဩဂုတ်လ (၂၈) ရက်နေ့တွင် လယ်ကလေးကျိုးဒေသရှိ စစ်ကောင်စီတပ်များကို KNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု KNLA တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားသည်။ ထို့နောက် လယ်က လေးကျိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လူသောမြို့နယ် ထီးထာကျေးရွာကို လက်နက်ကြီး (၁၃)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ (၂၆)ရက်နေ့ကလည်း ဖာပွန်အခြစိုက် စစ်ကောင်စီတပ်ဖွဲ့များက ထူမောဒဲကျေးရွာအတွင်းသို့ လက်နက်ကြီး (၁၈)လုံးဖြင့် ပစ်ခတ်ခဲ့ရာ စေတီတစ်ဆူ၊ သိမ်တစ်ဆောင်နှင့် အိမ်(၂)လုံးပျက်စီးပြီး နွားတစ်ကောင် ဒဏ်ရာရရှိခဲ့သည်ဟုသိရ သည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့များသည် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများဖြည့်တင်းနေပြီး ဩဂုတ်လ (၂၈) ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် လာရောက်ဖြည့်တင်းပေးခဲ့ကြောင်း KNLA တပ်မဟာ(၅)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ https://www.facebook.com/photo/?fbid=691031713070149&set=a.5882451100 15477
၁၁။ ဖွဲ့စည်းပုံ ပုဒ်မအချို့ပြင်ဆင်ရေး စစ်ကောင်စီနှင့် အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံနေ
August 31, 2023
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေမှ ပုဒ်မ အချို့ကို ပြင်ဆင်ရေးအတွက် ဩဂုတ်လ ၂၉ ရက်မှစပြီး ဆွေးနွေးနေကြောင်းသိရသည်။ စစ်ကောင်စီနှင့်တွေ့ဆုံနေသော အဖွဲ့ များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ ဖြစ်သည်။“NSPNC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ် အဖွဲ့တို့ သဘောတူညီခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပြင်ဆင်လိုသည့်ပုဒ်မများ၊ လေ့လာဆန်းစစ် ဖော်ထုတ် ပြုစုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပြဋ္ဌာန်းချက်များ (ပုဒ်မများ) အနက်မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ် ယူဆရသည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြောင်း” ဟု ဩဂုတ်လ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
သို့သော်လည်း မည်သည့်ပုဒ်မများကို ပြင်ဆင်ရန် ဆွေးနွေးနေသည်ကို အသေးစိတ်ဖော်ပြခြင်း မရှိပေ။ ဆွေးနွေးပွဲတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးနေ ကြပြီး ဆွေးနွေးမည့်ရက် အရေအတွက်ကို မသိရပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေမှာ စစ်အာဏာရှင်စနစ် ရေရှည်စိုးမိုးနိုင် ရေးအတွက် အကွက်ချစီစဉ်ထားသည့် ဉပဒေဖြစ်၍ လက်ရှိဆွေးနွေးမှုမှာ တစ်စုံတစ်ရာထူးခြားမှု ရှိလာမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။“၂၀၀၈ ဖွဲ့စည်းပုံဉပဒေဟာ စစ်အာဏာရှင်စနစ် ရေရှည်စိုးမိုးနိုင်ရေး အတွက် အကွက်ချပြီးတော့ စီစဉ်ထားတာ ဖြစ်တယ်။ NLD အစိုးရလက်ထက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ၅ နှစ်လုံး လုံးကြိုးစားခဲ့တယ်။ ဒါပေမယ့် မဖြစ်နိုင်ခဲ့ဘူး။ သာမန်ပုဒ်မလေးတွေကိုတော့ ပြင်ချင်ရင်ပြင်မှာပေါ့ဗျာ။ သူတို့ အခုဆွေးနွေးပွဲက ဘာမှထူးခြားလာမှာ မဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ ယခင်ကလည်း စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိသော်လည်း ယနေ့အချိန်ထိ တစုံတရာ ထူးခြား သည့် ရလဒ်များ မတွေ့ရသေးပေ။ https://www .facebook.com/photo?fbid=689844796522453&set=a.6432098085953
၁၂။ ထန်တလန် စစ်တပ်က ရွာဖက်ကို လက်နက်ကြီးပစ်ခတ်လို့ စစ်ရှောင်အမျိုးသာတစ်ဦး သေဆုံး
August 31, 2023
ထန်တလန် စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ်လ ၃၀ရက်နေ့ မနေ့ညနေပိုင်းတွင် ထန်တလန်မြို့နယ်၊ ထလွာလာမ် (Thlualam) ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြ ကြောင်း သတင်းရရှိပါတယ်။ “ညနေပိုင်း ၄ နာရီလောက်မှာ ထန်တလန်မြို့ဖက်ကနေ ထလွာလာမ်ရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တယ်။ တောင်ယာကနေပြန်လာတဲ့ ထန်တလန်စစ်ဘေးရှောင် အမျိုးသားတစ်ဦး လမ်းမှာ လက်နက်ကြီး ထိလို့ သေသွားတယ်။ ရွာထဲမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရွာသား နှစ်ဦး အသေးစားဒဏ်ရာတွေ ရရှိကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် သေဆုံးသွားသော အမျိုးသားဟာ ကလေး ၄ယောက်ဖခင် ဦးကြာထန်း (၄၂)နှစ်လို့ သိရပြီး ထန်တလန်မြို့မီးလောင်ပြီးနောက် ထလွာလာမ်ကျေးရွာကို မိသားစုနဲ့ လာရောက်ခိုလှုံသော စစ်ဘေးရှောင် ဖြစ်ကြောင်း သိရပါတယ်။ ထန်တလန် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်သော ထလွာလမ် ကျေးရွာ ဟာ ထန်တလန်မြို့နဲ့ ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပါတယ်။ https://www.facebook.com/photo/?fbid=82765110270084 5&set=a.716654970467126
၁၃။ ကျောက်စုဒေသကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာနေ
August 31, 2023
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်နဲ့ဖားဆောင်းမြို့နယ်ကြားက ကျောက်စုဒေသကိုစစ်ကောင်စီအင်အားအမြောက်အများ နဲ့ ထိန်းချုပ်တပ်စွဲထားလို့ စစ်ရေးအခြေအနေတွေ တင်းမာနေတယ်လို့ ဖားဆောင်း PDF တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်က မယ်စဲ့၊ ဖားဆောင်းနဲ့ သံလွင်မြစ်ကမ်း ကာကွယ်ရေးအတွက် ကရင်နီတော်လှန်ရေး အင်အားစုတွေ ရဲ့ ကာကင်းဖြစ်တဲ့ ကျောက်ပန်းညို နဲ့ ၀မ်အောင်း(ရှမ်း) ကျေးရွာက တပ်စခန်း ၃ ခုကို စစ်ကောင်စီ အင်အား ၃၀၀ ခန့်အသုံးပြု သိမ်းပိုက်ပြီးနောက် နယ်မြေချဲ့ထွင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။“ကျောက်စု၊ နန့်ပလိန်တို့၊ ပန်တိန်း တို့လောက်ထိ သူတို့ (စစ်ကောင်စီ) က ပြန်သိမ်းထားတယ်။ ကျွန်တော်တို့ ဘက်က ဆုတ်ပေးထားရတဲ့ အခြေအနေတော့ ရှိပါတယ်” လို့ သူကရှင်းပြ ပါတယ်။ လက်ရှိကျောက်စုကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့အထိုင်ချထားပြီး စစ်ရေးလှုပ်ရှားမှုတွေရှိပေမဲ့တိုက်ပွဲ မဖြစ် ပွား သေးဘူးလို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီဘက်က နယ်မြေ ချဲ့ထွင်လာလို့ တော်လှန်ရေး အင်အားစုတွေဘက်က တန်ပြန် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ထပ်ဖြစ်လာမယ်လို့ ဖားဆောင်း PDF ရဲဘော် တစ်ဦးက ပြောပါတယ်။“ပြန်ပြီး ဒီနယ်မြေ တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ပြင်ဆင်နေတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ စစ်ရေးသဘောအရ မဖြစ်လာသေးတဲ့ အခြေအနေ တွေကိုတော့ ပြောပြဖို့ စောပါသေးတယ်” လို့ သူကဆိုပါတယ်။ လက်ရှိ စစ်ကောင်စီက မယ်စဲ့၊ ဖားဆောင်းမြို့နယ်တွေကို ပြန် လည် ထိန်းချုပ်နိုင်ဖို့ ရခိုင်နဲ့ စစ်ကိုင်းက တပ်မတွေ၊ ရှမ်းအခြေစိုက် တပ်ရင်းတွေကိုပါ အသုံးပြုနေပြီး ကရင်နီပြည်နယ် ဒေသ အများစုမှာ ဆက်သွယ်ရေး ဖြတ်တောက်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ https://www.facebook.com/photo/?fbid=329181589468292&set=a.28590 0490463069
၁၄။ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာလိုအပ်နေ
August 31, 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာမှာ ဩဂုတ်လ ၂၈ နဲ့ ၂၉ ရက်တွေက စစ်ကောင်စီနဲ့ TNLA တိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်ရပြီး ရိက္ခာတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါ တယ်။ လက်ရှိ ဟိုနား ဘုန်းကြီးကျောင်းမှာ ၂၈၂ ဦး၊ စွမ်စော် (၁) လမ်း ဇရပ်မှာ ၁၆၀ ဦး၊ နမ့်စန့် (တုန်ခွမ်) ဂိုဒေါင် အနီးမှာ ၂၈၆ ဦးနဲ့ အဲဒီ ဂိုဒေါင် အနီး နောက်တစ်နေရာမှာ ၁၀၀ ကျော်၊ မူဆယ် အောင်မင်္ဂလာကျောင်း မှာ ၂၀၀ ဝန်းကျင် ခိုလှုံနေကြတယ်လို့ မူဆယ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ရက် တာဝန် ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါ တယ်။ “ပြန်လို့ မရသေးပါဘူး။ အခု လက်ရှိ စစ်ရှောင်စခန်းမှာပါ။ လက်ရှိ ကျနော်တို့ စာရင်း အရတော့ ၁,၀၀၀ ကျော် ရှိတာပေါ့” လို့ သူက ပြောပါတယ်။ စစ်ဘေးရှောင်ရတဲ့ ရွာတွေက စယ်လန့်၊ နမ္ပတီး၊ နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်၊ ဆိုင်းခေါင်၊ ဂေါင်ရာ စတဲ့ ရွာတွေ ဖြစ်ပြီး ရွာဘက် ရှောင်သူတွေ အတွက် အဓိက အစားအသောက်တွေ လိုအပ်ကာ တချို့ အခင်း၊ စောင်၊ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အခြေခံ စားသောက်ကုန်ကတော့ ဒီ ဟိုနားကျောင်းမှာ လာလှူကြတာလေးတွေနဲ့ အဆင်ပြေတယ်။ ဒါပေမယ့် (အကူ အညီ) မရောက် သေးတဲ့ ရွာတွေမှာကျတော့ တော်တော်လိုအပ်တာပေါ့လေ”လို့ သူက ပြောပါတယ်။ စယ်လန့်အောက်ရွာ နမ္ပတီးရွာခံ အမျိုးသမီးကတော့ တိုက်ပွဲနဲ့နီးတဲ့ ရွာတွေ ရွာလုံးကျွတ် ထွက်ပြေးရတာရှိပေပယ့် တချို့က အသိဆွေမျိုး အိမ်တွေ မှာ ခိုလှုံနေတာကြောင့် လူဦးရေ အတိအကျ မသိနိုင်ဘူးလို့ ပြောပါတယ်။ ဩဂုတ် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နေ့က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရာ ဒေသခံ ပြည်သူတွေ ထိမှန်ဒဏ်ရာရခဲ့သလို့ နေအိမ်တချို့လည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပါတယ်။ https://www.facebook. com/photo/?fbid=32922538946 3912&set=pcb.329225412797243
၁၅။ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေမှာ ကျင်းပပြုလုပ်
August 31, 2023
ဩဂုတ်လ ၃၁ ရက်နေ့(ဝါခေါင်လပြည့်နေ့)မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ တွေဖြစ် တဲ့ မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်အတွင်းက နေရာအချို့မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွေမှာ မွန်ပြည်သစ်ပါတီတာဝန်ရှိ သူ တွေက အမှာစကားပြောကြားတာ၊ မွန်တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံကို အခမ်းအနားတက်ရောက်လာသူတွေကို ရှင်းပြတာနဲ့ မွန်အမျိုးသားအလံတော်ကို အလေးပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ မဟာဝါဒီ အာဏာရှင်အဆက် ဆက်ကို အသက်သွေးချွေး စတေးပြီး လွတ်မြောက်ရေးအတွက် တော်လှန်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို မျိုးဆက်သစ်တွေက လွမ်းဆွတ်ချီးမြှင့်ဂုဏ်ပြုရင်း တော်လှန်ပန်းရဲ့ အဖူးအပွင့်တွေကို ထိန်းသိမ်းကာ အောင်မြင်တဲ့အထိ ကြိုးစားရုန်းကန်သွားမယ်လို့ မွန်တော်လှန်ရေးနေ့ ကျင်းပ ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေအပြင် မုဒုံမြို့နယ်၊ ဗျိုင်း နှစ်ကောင် ဝင်းစိန်တောရဝင်းအတွင်းရှိ မွန်အာဇာနည်ကုန်းမှာ ကျင်းပခဲ့သလို ပေါင်မြို့နယ်၊ စွယ်တော်သုသာန်ရှိ မွန်ခေါင်း ဆောင်တွေရဲ့ အုတ်ဂူတွေရှေ့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်လူမျိုးတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိဖို့ ဖဆပလအစိုးရလက်ထက် ခေတ်သစ်မွန်လူငယ်တွေက ကရင်ပြည်နယ်၊ဇာသပြင်ကျေးရွာရှိ ရဲစခန်းက လက်နက်တွေကို စီးနင်းသိမ်းပိုက်ရာကနေ အစပျိုးခဲ့တဲ့နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ်နဲ့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါ တယ်။ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ် နယ် မြေဖြစ်တဲ့ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဘုရားသုံးဆူဒေသနဲ့ ဗဟိုဌာနချုပ်တို့မှာလည်း ကျင်းပလေ့ရှိပါ တယ်။ https://www.facebook.com/photo/?fbid=65106802046 1685&set=pcb.651068100461677
၁၆။ မြစ်ကြီးနားတွင် နေအိမ်တအိမ်ကို စစ်တပ်က ဝင်စီးနင်းပြီး လူငယ် ၁၁ ဦးကို ဖမ်းဆီး
August 31, 2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီးတွေအပါအဝင် လူငယ် ၁၁ ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေထံက သိရပါတယ်။ အရှေ့လယ်ကုန်းရပ်ကွက်မှာ ရှိတဲ့ နေအိမ်တအိမ်ကို သြဂုတ် ၂၈ ရက် ညက စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်းက ဝင်ရောက်စီနင်းပြီး လူငယ် ၁၁ဦးကို ဖမ်းဆီးသွားတာ လို့ ဆိုပါတယ်။ လယ်ကုန်းရပ်ကွက် မှာ နေထိုင်သူ တစ်ဦးက “ည ၉ နာရီလောက် စစ်တပ်က ကားသုံးစီးနဲ့ အင်အား ၃၀ လောက် ရှိတယ်။ အိမ်ကိုပတ်လည်ဝိုင်းပြီး ဝင်စီးတာ။ PDF ရှိလို့ဆိုပြီးဖမ်းတာ။ အဲ့ဒီထဲက လူငယ်တစ်ဦးကတော့ သူအရင်က PDF အဖွဲ့ထဲပါခဲ့တယ်လို့ ကြားတယ်။ အဲ့ဒါကို လူငယ် ၁၁ ဦးလုံး ကားပေါ်တင် ဖမ်းသွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်အမျိုးသား ၆ ဦးနဲ့ လူငယ်အမျိုးသမီး ၅ ဦးတို့ပါဝင်ပြီး သူတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖမ်းဆီးသွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက် ကလည်း လယ်ကုန်း ရပ်ကွက်နဲ့ ဆက်စပ်နေတဲ့ ရမ်ပူရပ်ကွက်က နေအိမ်တအိမ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ လူငယ်တွေ နေထိုင်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် လူငယ် ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။ https:// burmese.dvb.no/post/612562
၁၇။ အင်းလေးမှာ PDF ဆက်စပ်မှုတယ်ဆိုပြီး ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် ၄ ဦး ဖမ်းဆီးခံရ
August 31, 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်ကျေးရွာအုပ်စု၊ အမှတ် ၃ ကျေးရွာမှာ ဩဂုတ် လ ၂၈ ရက်နေ့ ညနေပိုင်းက PDF ဆက်စပ်ရှိတယ်ဆိုပြီး မိသားစုဝင် ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းအရင်း အမြစ် တွေဆီက သိရပါတယ်။ နီးစပ်သူ တစ်ဦးက “အဲဒီ မနက်က ရွာငံနဲ့ သာစည်စပ်ကြား မြက်ခါးအင်းရွာမှာ တိုက်ပွဲ ဖြစ်တယ်။ အဲဒီမှာ PDF ၂ ယောက် ကျသွားတယ်။ ကျသွားတဲ့ PDF တွေ ဖုန်းတွေကို စစ်တော့ မအေးတို့ လင်မယားပုံတွေ တွေ့တယ်။ အဲက နေ ဆက်စပ်ပြီး ဖမ်းတာ” လို့ ပြောပါတယ်။ ပျူစောထီး (ဒလန်)တွေက လမ်းပြမှုကြောင့် စစ်ကောင်စီနဲ့ သူတို့ လက်အောက်ခံ ရဲတပ်ဖွဲ့တွေဟာ စက်လှေ ၂ စီး အင်အား ၂၀ ကျော်နဲ့ ရောက်ရှိလာပြီး ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူ တွေဟာ ဦးအောင်မျိုးဝင်း၊ ဒေါ်မြအေး ဇနီးမောင်နှံအပြင် အသက် ၁၈ နှစ်အရွယ် သမီးနဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူတို့ လည်း ပါဝင်တယ်လို့ သိရပါတယ်။
“သူတို့ လင်မယားက CDM တွေကို အမျိုးတွေဆိုပြီး ခေါ်ထားတယ်။ အရင်ကလည်း PDF တွေ လာဖူးတယ်။ အခုက ရွာထဲက ဒလန်တွေနဲ့ ဘေးပတ်ဝန်းကျင်တွေ ရိပ်မိပြီး ဖော်တာပေါ့။ မှတ်ပုံတင်နံပါတ်၊ အဖေနာမည် အတိအကျနဲ့ ဖော်တာ” နီးစပ်သူ တစ်ဦးက ဆက်ပြောပြပါတယ်။ လတ်တလောမှာ သားသမီး ၂ ဦးကို ညောင်ရွှေ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိဘ ၂ ဦး နဲ့လည်း တွေ့ဆုံခွင့် မပေးဘူးလို့ ဆိုပါတယ်။ အမှတ် ၃ ရပ်ကွက်နေ အမျိုးသား တစ်ဦးကလည်း “မိဘက သပ်သပ်၊ ကလေးက သပ်သပ်ဖမ်းထားတာ။ မိဘက ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) စစ်ကြောရေးကို ပို့လိုက်ပြီလို့ ကြားတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း သပြေပင်ကျေးရွာနဲ့ နီးစပ်တဲ့ တောင်ပို့ကြီး၊ ခေါင်တိုင်၊ တုံးလည် စတဲ့ ကျေးရွာတွေထဲက အရပ်သား အယောက် ၄၀ ကို မတရား ဖမ်းဆီးခဲ့ပါသေးတယ်။ https://www.facebook.com/photo/?fbid=625815859725682&s et=a.404503215190282
၁၈။ ထားဝယ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့အလုပ်တွေရပ်ဖို့ KTLA သတိပေး
August 31, 2023
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောနယ် ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ခမောင်းသွယ်နဲ့ ဘန်ချောင်း ဒေသမှာ စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားရပ်တန့်ဖို့ တနင်္သာရီအခြေစိုက် ကော်သူးလေတပ်မတော် KTLA က ဩဂုတ်လ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်ဝင်ငွေရမယ့်ကိစ္စတွေကို တားဆီးချင်လို့ အခုလို ထုတ်ပြန်တာလို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောပါတယ်။ “အဲဒီဒေသ မှာ စစ်တပ်နဲ့ ပေါင်းပြီးလုပ်နေတဲ့ လုပ်ငန်းတွေကတော့ အများကြီးပဲ။ စစ်တပ်ကို လိုင်းကြေးပေးပြီးလုပ်နေတဲ့ လူမှောင်ခိုလုပ် ငန်းတွေ၊ မိုင်းလုပ်ငန်းတွေ၊ ဆီသယ်ယူတာတွေပေါ့လေ။ စစ်တပ်နဲ့ပတ်သက်ပြီးလုပ်နေတဲ့ လုပ်ငန်းကြီးသမားတွေပေါ့နော်၊ အဓိက စစ်တပ်ထဲဝင်မဲ့ ပိုက်ဆံတွေ မစီးဆင်းစေချင်တဲ့သဘောပါ” စစ်ကောင်စီတပ်ကို ကူညီထောက်ပံ့ပေးနေတဲ့ ရွာသူ၊ ရွာသား တွေနဲ့ ရွာအကြီးအကဲတွေကိုလည်း စစ်တပ်နဲ့ ဆက်လက် မပတ်သက်ဖို့ သတိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ဘယ်လိုအရေး ယူဆောင်ရွက်မယ်ဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။ ထုတ်ပြန်ချက်မှာပါတဲ့ နယ်မြေတွေမှာ KTLA ဆာကဆောတပ်မ၊ KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၀ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တချို့ အခြေချလှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီဒေသမှာ ရွှေ၊ ခဲမဖြူ၊ ကျောက်မီးသွေးစတဲ့ သတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းတွေကို ဒေသခံတွေ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသလို အကြီး စားလုပ်ငန်းတွေလည်း ရှိပါတယ်။ https://www.rfa.org/burmese/news/ktla-daei-military-08312023120302.html
၁၉။ ကရင်နီပြည် တိုက်ပွဲတွေအတွင်း သေဆုံးစစ်သားတွေကို နေအိမ်တွေထဲထည့်ပြီး မီးရှို့သင်္ဂြိုဟ်
September 1, 2023
ကရင်နီပြည်နယ် တိုက်ပွဲတွေ အတွင်း သေဆုံးသွားတဲ့ စစ်သားတွေကို စစ်ကောင်စီက ဒီးမော့ဆို-ဖရူဆို လမ်းပေါ်က ကျေးရွာတွေရှိ နေအိမ်တွေထဲထည့်ကာ မီးရှို့သင်္ဂြိုဟ်နေတယ်လို့ ဒီးမော့ဆို PDF တွဲဖက်ပြန်ကြားရေးတာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းဘေးက ကျေးရွာတွေရှိ နေအိမ်တွေထဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို စုပုံထားပြီး နေအိမ်ကိုပါ မီးရှို့ သင်္ဂြိုဟ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။“သူတို့ (စစ်ကောင်စီ) က ထိသွားတဲ့ သူတွေကို အိမ်ထဲထည့်စုပုံပြီး မီးရှို့တာတွေလည်း ရှိတယ်။ ဟိုးအရင် ကတည်းက လုပ်နေကြပေါ့လေ။ အခုက ကျွန်တော်တို့လည်း အဲ့နေရာကိုပြန်ကပ်လို့မရသေးလို့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး”လို့ သူကရှင်းပြပါတယ်။ ဒဏ်ရာရ စစ်သားတွေကိုတော့ ဒီးမော့ဆို-ဖရူဆို လမ်းဘေးမှာချထားပြီး စစ်ကားတွေနဲ့ နောက်တန်း ဒါမှမဟုတ် ဆေးကုသ တဲ့ နေရာတွေကို သယ်ဆောင်သွားလေ့ ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ငွေတောင်ရွာသစ်၊ ကဒါးလား နဲ့ ဒေါညေးခူကျေးရွာထဲကနေအိမ်တွေကို ဩဂုတ်လ ၂၅ ရက် ကစပြီး စစ်ကောင်စီတပ်က လိုက်လံ မီးရှို့နေတယ်လို့ သူကဆက်ပြောပါတယ်။“ကျေးရွာ သုံးလေး ရွာပေါ့။ တစ်ရွာကို အိမ် ၂ လုံး၊ ၃ လုံး မီးရှို့သွားတာ။ ဖရူဆို-ဒီးမော့ဆို လမ်းပိုင်း တစ်လျှောက်ပေါ့နော်” လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိ သူကရှင်းပြပါတယ်။ လက်ရှိမှာတော့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ စစ်ရေး အခြေအနေတင်းမာနေတာကြောင့် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ငွေတောင်ရွာသစ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လ အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ် အရာရှိ ၂ ဦး အပါအ၀င် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးသွားတယ်လို့ BATTLE WINGS ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo?fbid=329685772751207&se t=pcb.329685816084536
၂၀။ ကျောင်းပြင်ပရောက် လူငယ်တွေကို စုပြီး အသက်မွေးဝမ်းကြောင်း နဲ့ အနုပညာဆိုင်ရာ သင်တန်းတွေပို့ချ
August 31, 2023
ထိုင်း – ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ကျောင်းဆက်မတက်တဲ့ လူငယ်တွေကို Karenni Community Youth (KnCY )အဖွဲ့ က ခေါ်စုပြီး အဲ့ဒီလူငယ်တွေကို အသက်မွေးဝမ်းကြောင်း နဲ့ အနုပညာဆိုင်ရာသင်တန်းတွေ ကို ပို့ချပေးလျက်ရှိနေတယ်လို့ KnCYမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူးဖရေရယ် (ဖိလိ)က ပြောပါတယ်။ “တစ်ခါတစ်လေကျရင် အခြားအဖွဲ့အစည်း NGO, CBOs တို့ သင်တန်းလာပေးတွေရှိတယ်။ တစ်ချို့အဖွဲ့တွေက အမေရိကန်က အဖွဲ့တို့ဆိုရင် သူတို့ကို စီးပွားရေး သင်တန်းလာပေးတာ သူတို့ ကျောင်းမတက်တော့တာ သူတို့အတွက် ပြန်လည်အသုံးချနိုင်အောင် စီးပွားရေးစိတ်ပါတဲ့ သူဆိုရင် စီပွားရေးသင်တန်းလာပေးတာ အချို့ရှိတယ်။ စိုက်ပျိုးရေးစိတ်ဝင်စားတဲ့သူရှိရင် စိုက်ပျိုးရေးသင်တန်းပေးတာတွေရှိ တယ်။ သူတို့ ထိုင်းစကားတတ်ချင်တယ်ဆိုရင် ကျနော်တို့ထိုင်းတွေကို ခေါ်လာပေးတယ် ၆ လတစ်ခါ ၃ လတစ်ခါပေါ့နော်။ speaking ပဲသင်တယ် writing မပါဘူးပေါ့နော် စကားပိုင်းပဲ သင်တာပေါ့နော်။ ပြီးတော့ Leadership Traning လည်း ရှိတယ် Computer ပိုင်းမှာလဲ သင်တာရှိတယ်။” လို သူကပြောပါတယ်။ အဆိုပါ Karenni Community Youth ( KnCY ) က စုပြီး သင်တန်းတွေပေးထားတဲ့ ကျောင်းပြင်ပရောက် လူငယ် ၇၄ ဦး ရှိပြီး အဲ့မှာ အသက် ၁၆ နှစ် ကနေ ၂၄ နှစ် အထိ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။
“သူတို့တွေက အရင်ကဆိုလဲ ကွန်ပျူတာသင်တန်းတွေလည်းရှိတော့ တစ်ချို့ဆိုရင် Youtube ရိုက်တယ် ဗီဒီယိုတွေ ရိုက်ပြီး ပြန်အက်ဒစ်လုပ်တာတွေရှိတယ်။ သူတို့တွေက သင်တန်းတွေတက်တော့ သိလာတာလည်း ရှိတယ်။ စီးပွားရေးဝါသနာ ပါတဲ့သူက ဆိုင်ရောင်းတာတွေရှိတယ် တစ်ချို့ဆိုရင် သင်တန်းတွေတက်ပြီး ရုံး၊ အဖွဲ့အစည်းတွေမှာဝင်လုပ်တာတွေရှိတယ်။” လို့ ခူးဖရေရယ် ( ဖိလိ) က ဆက်ပြောပါတယ်။ KnCY မှာ သင်တန်းတက်ရောက်ခဲ့ပြီး လူငယ်တွေနဲ့တွေ့ဆုံရတာ ပျော်ရွင်သလို သင်တန်းကနေ ပို့ချပေးတဲ့အရာတွေကိုလည်း လက်တွေ့ပြန်အသုံးချခဲ့တယ်လို့ လူငယ်တစ်ဦးဖြစ်တဲ့ ခူးညေးရယ် က ပြောပါ တယ်။ “ကျနော်က အိမ်မှာဆိုတစ်ယောက်တည်းပဲနေတယ်ပေါ့နော်။ အစက ကျနော် KnCY လူငယ် ကိုတော့ မသိဘူးပေါ့နော်။ ဆရာဖရေရယ် တို့လူငယ် ရှိတယ်ဆိုတာ ကြားလိုက်ရတော့ ကျနော် ဒီလိုလာတာပေါ့။ လူငယ်တွေနဲ့ ပူးပေါင်းရတာပျော်ပါတယ် သင်တန်းပေးတာအများကြီးရှိတယ် ကွန်ပျူတာသင်တန်းတို့၊ ဂီတာ သင်တန်းတို့ ရရှိတာပေါ့နော်။ ကျနော် ပြန်အသုံးချတာတော့ အစတော့ မသိဘူးပေါ့နော် ဒီသင်တန်းတွေတက်ပြီး ပြန်အသုံးချတယ်ပေါ့နော်။ ကွန်ပျူတာ ပစ္စည်းတွေ မရှိဘူးဆိုလို့ရှိရင် သူများဆီ သွားငှားပြီး တစ်ဖြေးဖြေးလေ့ကျင်ရင်း တတ်သွားတာပေါ့ သင်တန်းလာပေးချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ကို လာပေးလိုပါတယ် ကျနော်တို့ ရှေ့ဆက်သိရှိလာဖို့ပေါ့”လို့ ခူးညေးရယ်က ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1% 80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80
၂၁။ မိုးမောက်တွင် စစ်တပ်က လူငယ် ၁ ဦးအား သတ်ဖြတ်ပြီး ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီး
August 31, 2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ လိုင်ဇာဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဩဂုတ် ၃၀ ရက်နေ့ မနက်မှာ မိုးမောက်မြို့နယ် ကထန်ယန်ကျေးရွာမှာ လူငယ်တယောက်ကို သတ်ဖြတ်ပြီး ပြည်သူ ၁၀ ယောက်လောက်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ လူငယ်ဟာ သူငယ်ချင်းဖြစ် သူနဲ့ အတူ ဒေါ့ဖုန်းယန်ဘက်ကနေ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့အချိန် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ကို တော့ ထိုးကြိတ်ပြီး စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ မိုးမောက်မြို့ခံတယောက်က “နွမ်လန်ကနေ မနက်က ထွက်သွားတဲ့ စစ်ကြောင်းတွေ ကထန်ယန်ဘက်ကိုရောက်တော့ အထက်ဘက်ကနေ လူငယ်နှစ်ယောက် ဆိုင်ကယ်စီးပြီး ဆင်းလာတာ ဆိုင်ကယ်စီးပြီး ဆင်းလာတဲ့အချိန် သူတို့နှစ်ယောက်ကိုဖမ်းပြီး စစ်ဆေးတာပေါ့။ တယောက်က ဗမာစကား မတတ်တော့ သတ်လိုက်တယ်။ အဲတယောက်က ရှမ်းကလေး၊ တယောက်ကတော့ ကချင်၊ သူတော့ ဗမာစကားနည်းနည်းတတ်တယ်၊ သူ့ကိုလည်း အရမ်းနှိပ်စက်လိုက်တယ်၊ ပြီးတော့ ကြိုးချည်ပြီး ကားပေါ် တင်ပြီးခေါ်သွားတာတဲ့။ နောက် အဲဒီ ကထန်ယန် က ပြည်သူ ၁၀ ယောက်လောက်ကိုလည်း ဖမ်းပြီး အတူခေါ်သွားတယ်၊ အဆက်အသွယ်လည်း ပြတ်နေတယ်” လို့ ပြောပါတယ်။
အသတ်ခံရတဲ့ လူငယ်အလောင်းကိုတော့ လမ်းဘေးမှာ ပစ်ထားခဲ့ပြီး ဓားဒဏ်ရာတွေကြောင့် သေဆုံးသွားတာလို့ ဆိုပါ တယ်။ လူငယ်တဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကထန်ယန်ကျေးရွာဟာ နွမ်လန်ကျေးရွာနဲ့ ၃ မိုင်အကွာမှာ တည်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ ဩဂုတ် ၂၉ ရက်က နွမ်လန်ကျေးရွာကို ဗန်းမော်မြို့ဘက်ကနေ ရောက်ရှိလာပြီး ဩဂုတ် ၃၀ ရက် မနက်အစောပိုင်း နွမ်လန်ကျေးရွာကနေ ပြန်လည်ထွက်ခွာလာရာကနေ ကချင်လွတ်မြောက် ရေးတပ်မတော်က ဟန့်တားတိုက်ခိုက်ခိုက်ရာကနေ ဒေါ့ဖုန်းယန်နဲ့ နွမ်လန်ကျေးရွာကြားမှာ တိုက်ပွဲတွေ တနေကုန်ဖြစ်ပွားခဲ့တယ်လို့ မိုးမောက် ဒေသခံက ပြောပါတယ်။ https://burmese.dvb.no/post/612547
၂၂။ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၄၀၁၇ ဦးထိရှိလာ
August 31, 2023
မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ၂၀၂၃ ခုနှစ် သြဂတ်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၄၀၁၃ ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် သြဂတ်လလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်ထိ AAPP က ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၂၄၅၃၂ဦးထိရှိနေပြီး ၇၂၀၈ ဦးဟာထောင်ဒဏ်ချမှတ်ခံ ထားရကြောင်းသိရသည်။ စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၁၄၅ ဦးသည် သေဒဏ်ချမှတ်ခံထားရ တယ်လို့လဲ AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၁၉ ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၃ ဦးကို မျက်ကွယ် သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ သြဂတ်လ ၃၀ ရက်နေ့အထိ သေဒဏ် ချမှတ်ခံရသူစုစုပေါင်းသည် ၁၄၈ ဦးထိရှိနေပြီး ပြန်လည်လွတ်မြောက်သူစုစုပေါင်းသည် ၄၅၆၂ ဦးရှိပြီဖြစ် သည်။ နွေဦးတော်လှန် ရေးကာလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရတဲ့အရပ်သားပြည်သူတွေရဲ့ သတင်းကိုသိရှိပါက AAPP အဖွဲ့ထံ ဆက်သွယ်ပြီး အသိပေးအကြောင်းကြားနိုင်ကြောင်းလည်း AAPP မှ ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=280264111432632&set=a.121904670601911
၂၃။နောင်ပိုအောင်စံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းအဖွဲ့က အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပြီး ဒေသခံ ၃ ဦးကိုထပ်မံပစ်သတ်
September 1, 2023
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်ည ၁၂ နာရီဝန်းကျင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကာသတ် ဖြတ်ခဲ့ပြီး အမျိုးသား ၃ ဦကိုပါ ထပ်မံပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည်။ သတ်ဖြတ်ခံခဲ့ရသည့် အမျိုး သမီးတစ်ဦးနှင့် အမျိုးသားသုံးဦးမှာ နောင်ပိုအောင်၊ ရေကန်မြောက်ကျေးရွာမှ ရွာသားများဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)တို့က သတ်ဖြတ်သွား ခြင်းဖြစ်ကြောင်း သိရသည်။ “သူတို့တွေ(အသတ်ခံရသူများ)ကို PDF နဲ့ပတ်သက်တယ်ဆိုပြီး စစ်တပ်နဲ့ ရှမ်းနီတပ်တွေပူးပေါင်းပြီး သက်သက်ကိုယုတ်မာပြီး သတ်ဖြတ်သွားကြတာ။ စစ်တပ်နဲ့ရှမ်းနီတွေယုတ်မာတာ တွေကတော့ အရမ်းဆိုးဝါးလာတယ်။ အင်တာနက်လိုင်းတွေကလည်း မကြာ ခဏ ဖြတ်တောက်ခံနေရလို့ သတင်းတွေ မသိကြ တာ ” ဟု နောင်ပိုအောင် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်နှင့် SNA တို့သည် နောင်ပိုအောင်နှင့် ကပ်လျက်ရှိသည့် လွှစင်ကုန်းကျေးရွာ အနီး တွင် တပ်စွဲကာအထိုင်ချနေကြောင်း ဒေသခံများထံက သိရသည်။ ယခုအခါ စစ်ကောင်စီစစ်သင်္ဘောသည် မော်လိုက်ကိုရောက် ရှိနေသောကြောင့် တွန်းပင်ရွာ၊ မော်လိုက်ကလေးရွာ၊ မော်ကူးရွာ၊ တပ်ကုန်း၊ ယူးဝ၊ ပန်သား၊ ဝါးရုံသာ၊ ဝဲကသာ၊ လက်ပံ၊ ရွှေလင်းတ၊ မှုံကြီး၊ ကတွန်းရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြောင်း ဒေသခံများထံကသိရသည်။ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရှမ်းနီ(SNA)တပ်ဖွဲ့၀င်များသည် မော်လိုက်မြို့နယ်၊ ဟုမ္မလင်းမြိုနယ်၊ နောင်ပိုအောင်ကျေးရွာစသည့် ကျေးရွာ များကို စစ်ကြောင်းထိုး ၀င်ရောက်မွှေနောက်သည့်အပြင် ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် ရေယာဥ်များ ကိုလည်း ဆက် ကြေးကောက်ခံမှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ https://www.facebook.com/photo/?fbid =629068126028877&set=a.583120797290277
၂၄။ ကသာနှင့်မဘိန်းမြို့နယ်အစပ်သို့သွားသောစစ်ကောင်စီထောက်ပို့ယာဥ်တန်းကို KIA၊PDF သုံးရက်ဆက်တိုက်ခိုက်
September 1, 2023
ကသာမြို့နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ မဘိန်းမြို့နယ်ရှိစစ်ကောင်စီတပ်ရင်းသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ပို့ရန် ကြိုးစားနေသည့် စစ်တပ်ယာဉ်တန်းအား KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သုံးရက်ဆက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့ကပြောသည်။ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်းလည်းဒေသတွင်း သတင်းရင်းမြစ်အချို့ကပြောသည်။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ မဘိမ်းမြို့ နယ်စပ်ရှိ ငါးအိုးကျေးရွာအခြေစိုက် ခလရ(၁၂၁)ထံသို့ စစ်ကောင်စီတပ်က မြေပြင်မှတဆင့် ရိက္ခာနှင့် လက်နက်ပို့ရန် ကြိုးစား နေခြင်းဖြစ်သည်။ မဘိမ်းမြို့နယ်သည်ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်အတွင်းပါဝင်ပြီး ကသာမြို့နယ်နှင့်ထိစပ်နေသည်။ စစ်ကောင်စီ တပ် ကားနှစ်စီး၊ချောဆွဲထားသည့် အရပ်သားကား လေးစီးပါသည့် အဆိုပါ စစ်ကားယာဥ်တန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဩဂုတ် ၂၈ ရက်မှစကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၂၈ (သြဂုတ်) ရက်ကဆို မနက် ၅ နာရီ ၁၅ လောက်ကနေ တနေကုန်ဖြစ်တာ။ နေ့ခင်း ခဏပဲနားတယ်။ အခုထိ သူတို့ ရှေ့မတိုးနိုင်ပါဘူး။ လမ်းတဝက်မှာပဲ။ သူတို့ လုံခြုံရေးမလောက်လို့ ရပ်နေတာ။ ငါးအိုးကို သူတို့ မဝင်နိုင်ပါဘူး”ဟု ပြည်သူ့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ ဩဂုတ်လ ၂၈ ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်းသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရထားသည်ဟု သတင်းရရှိထားကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။သို့သော် စစ်ကောင်စီတပ်သေဆုံး ထိခိုက်မှုအခြေအနေကို သီးခြားအတည်မပြုနိုင်ပါ။ ” ငါးအိုးထဲ ကို လက်နက်နဲ့ ရိက္ခာ လုံးဝမရောက်မခံဘူးဆိုပြီး ပိတ်ထားတာပါ”ဟု ၎င်းကဆက်ပြော သည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်း သည် ယနေ့(စက်တင်ဘာလ ၁ ရက်)တွင် ကသာမြို့နယ်အင်းဒရမ့်နှင့် ကုလား ရွှေ ကျေးရွာကျောင်း လမ်းဆင်းနေရာသို့ ရောက် ရှိနေကြောင်း လည်းသတင်းရရှိသည်။ https://www.faceboo k.com/photo/?fbid=639414304924032&set=a.5593961862 59178
၂၅။ ပင်လောင်းမြို့နယ် ကန့်ဖြူအောက်ကျေးရွာသို့ KNEC စေတနာ့ဝန်ထမ်း စေလွှတ် ပညာသင်ကြားပေး
August 31, 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ကန့်ဖြူအောက်ကျေးရွာမှာ ဆရာ မရှိလို့ ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့အတွက် ကယန်းအမျိုးသား ပညာရေး ကော်မတီ-KNEC က စေတနာ့ ဝန်ထမ်း ၂ ဦး စေလွှတ် ကူညီပေးခဲ့တယ်လို့ KNEC က ထုတ်ပြန်ပါတယ်။ ကန့်အောက်ဖြူကျေးရွာဟာ ပင်လောင်းမြို့နယ်နဲ့ ကယန်းဒေသ အစွန်အဖျားမှာရှိတဲ့ ကျေးရွာ ဖြစ်ပြီး စာသင်ကျောင်း ရှိပေမယ့် ဆရာ မရောက်လာတာ ၂ နှစ်ရှိပြီလို့ KNEC က ပြောပါတယ်။ ဒါကြောင့် ဒေသခံ ကလေးတွေ KNFC အနေနဲ့ ပညာသင်ကြားပေးနိုင်မယ့် စေတနာ့ဝန်ထမ်း ၂ ဦးကို ဩဂုတ်လ တတိယပတ်မှာ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
“ပင်လောင်းမြို့နယ် အစွန်အဖျားမှာရှိတဲ့ ကယန်းရွာတွေက ဖွံ့ဖြိုးတိုးတက်မှုလည်း နည်းတယ်။ ခေတ်အဆက်ဆက် လျစ်လျူရှူခံခဲ့ရတယ်။ တစ်ချို့ရွာတွေဆို ကားလမ်း၊ ဆိုင်ကယ်လမ်း မပေါက်တာလည်းရှိတယ်။ ကလေးတွေအားလုံး ပညာသင် ကြားခွင့် မဆုံးရှုံးဖို့ တာဝန်ရှိသူတွေ တာဝန်သိဖို့ လိုတယ်” လို့ ပင်လောင်းမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။ လက်ရှိ ကန့်ဖြူအောက်ကျေးရွာမှာ KNEC က စေလွှတ်တဲ့ ဆရာ ၂ ဦး ရောက်ရှိလာပြီ ဖြစ်တာကြောင့် ကျေးရွာက ကလေးတွေ စာသင် ကြားခွင့် ပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်။ ကန့်အောက်ဖြူကျေးရွာဟာ ကယန်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် လူမှုရေးအသင်းအဖွဲ့တွေ ရောက်ရှိမှု နည်းပါးတဲ့ ကျေးရွာ ဖြစ်တယ်လို့ KNEC က ပြောပါ တယ်။ https://www.facebook.com/photo/?fbid=3 29349989451452&set=pcb.329350042784780
၂၆။ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း တို့အား ငြိမ်းချမ်းရေး စွမ်းဆောင်ရည်ဆု ဂုဏ်ပြုချီးမြှင့်
August 31, 2023
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့အား ဝင်းရော်ဒေသခံတို့က ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက်နေ့တွင် ဖားပြကျေးရွာ မင်္ဂလာသိပ္ပံဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။ ရိုးသားခြင်း၊ မိမိကိုယ်ကို နှိမ့်ချပြော ဆိုခြင်း၊ ဖြစ်ပြီးခဲ့သည့်ကိစ္စအား ပြန်လည်အစမဖော်ခြင်း၊ ကြင်နာတတ်သည့် စိတ်ထားရှိခြင်းစသည့်အချက်များအပါအဝင် ၁၁ ချက်အပြင် အမျိုးသားတော်လှန်ရေး တစ်လျှောက်တွင် ၎င်းတို့ပေးဆပ်ခဲ့မှုနှင့် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ် ပြုဆုပေးအပ်ခြင်းဖြစ်သည်ဟု ဆုချီးမြှင့်ရေးတာဝန်ရှိသူထံမှ သိရသည်။ ဖားပြရွာ မင်္ဂလာသိပ္ပံကျောင်းဆရာတော် ဦးပညာစာရ က “ကျေးဇူးတရားကို ပြန်လည်သိတတ်ခြင်း၊ ပတ်ဝန်းကျင်ကို အပြုံးလေးဖြင့်ဆက်ဆံခြင်း၊ ကြင်နာတတ်သည့် စိတ်ထားရှိခြင်း၊ သူတစ်ပါး နောက် ကွယ်တွင် ကောင်းသတင်းပြောခြင်း၊ စကားပြောဆိုရာတွင် မိမိကိုယ်ကိုယ် နှိမ့်ချပြောဆိုခြင်း၊ အောင်မြင် လာသည့်အခါတွင် ဘဝကိုမမေ့ခြင်း၊ နာခံတတ်သည့် အလေ့ အကျင့်ရှိခြင်းစတဲ့အရာတွေဟာ အထက်တန်းတို့၏ စိတ်ဓာတ်ဖြစ် တယ် ” ဟု အခမ်းအနားတွင် ဂုဏ်ပြုခံရသူအား ချီးမွမ်းမိန့် ကြားသွားသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရန် ဖားပြကျေးရွာဒေသခံတို့မှ ဆန္ဒသဘောထား ရယူပြီး ကော်မတီတစ်ရပ်အနေဖြင့် ဖွဲ့စည်းကာ ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆုအား ချီးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့အပြင် ဖားပြ ကျေးရွာ မွေးရပ်ဇာတိဖြစ်သူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းကိုလည်း ဝင်းရော်ဒေသ ကျေးရွာတာ ဝန်ရှိသူများ နှင့် ဒေသခံတို့က ဂုဏ်ပြုဆုချီးမြှင့်သင့်သည်ဟု ဆန္ဒသဘောထားရှိကြ၍ ချီးမြှင့်ဂုဏ်ပြုပေးခြင်းဖြစ်သည်ဟု ဆုပေးအပ်ပွဲတွင် ပါဝင် သူတစ်ဦးကပြောသည်။“ဒီပွဲက အဓိက အဖိုးမူတူးစေးဖိုးကို ဂုဏ်ပြုကြတာပါ။ ပထမကခရိုင်ဥက္ကဋ္ဌကို ဂုဏ်ပြုတဲ့ အစီအစဉ် ထဲမှာ မပါဘူးပေါ့နော်။ သူတို့တွေ တော်လှန်ရေးဖြတ်သန်းမှုပေးဆပ်မှုတူတူလောက်မှာရှိတယ်ဆိုပြီး ဆန္ဒသဘောထားရှိလာ ကြတော့ ဂုဏ်ပြုသင့်တယ်ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတယ်။ ဆုမပေးခင်အထိ သူကိုယ်တိုင်က မသိထားဘူး။ ငြိမ်းချမ်းရေး ကြိုးပမ်း လုပ်ဆောင်တဲ့အပေါ်မှာ ဂုဏ်ပြုကြတာပါ။ ငြိမ်းချမ်းရေးရသွားတယ်မရဘူးဆိုပြီး ဂုဏ်ပြုတာ မဟုတ်ဘူးပေါ့လေနော်” ဟု ဝင်းရော်ဒေသခံတစ်ဦးက ပြောသည်။ https://kicne ws.org/2023/08/knu%e1%80%a5%e1%80%80%e1%80%b9%e1 %80%80%e1%80%
၂၇။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်တွေကို တဝက်စျေးနဲ့ရောင်းပေးတဲ့ တဝက် စျေးဆိုင်တွေ အခက်အခဲဖြစ်လာ
August 31, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေ သက်သာချောင်ချိရေးအတွက် ကုန်ပစ္စည်းတချိုု့ ကို တဝက်စျေးနဲ့ ရောင်းချပေးတဲ့ တဝက်စျေးဆိုင်တွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ကုန်စျေးနှုန်းမြင့်တက်လာမှု ကြောင့် ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေရတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။“အခုလမ်းခရီး အခြေအနေတွေကြောင့် တစ်လမှတစ်ကြိမ်ဘဲကုန်ပစ္စည်းရောက်တယ်။ တစ်ခါတစ်လေ ၁ပတ်တစ်ကြိမ်တော့ ရောက်ပါတယ်။ အရင်ကတော့ ပစ္စည်းကတော့ ၁၃ မျိုး ၁၄ မျိုးလောက်တော့ရှိတယ်ပေါ့။ ဒီနောက်ပိုင်းခက်ခဲလာတဲ့ခါကြတော့ အဓိက ဆန်၊ ဆီ၊ ဆား ကြက်ဥပေါ့။ ပြီးတော့ စစ်ရှောင် အိမ်ခြေတွေ အားလုံးရစေချင်တဲ့အတွက် နောက်ပိုင်းတော့ ဆန်ဆိုဆန်တစ်ခေါက် ဆီဆိုဆီ တစ်ခေါက် ကုန်ပစ္စည်းက တစ်မျိုးစီဘဲတင်သွင်းတော့တာပေါ့။” လို့ တဝက်စျေးဆိုင် ရဲ့ တာဝန်ရှိသူကပြောပါတယ်။
အဆိုပါတဝက်စျေးဆိုင်ကို ယခင်က တပတ်မှာ ၃ ကြိမ်ဖွင့်လှစ်ပြီး ကုန်ပစ္စည်း ၁၄ မျိုးခန့်ကို စစ်ရှောင်တွေဆီ တဝက် စျေးနဲ့ ရောင်းချပေးခဲ့တာပါ။ အခုတော့ အခက်အခဲတွေကြောင့် အကန့်အသတ်နဲ့ ရောင်းချနေပေမဲ့ စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်စေတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။“တစ်ဝက်စျေးဆိုင်က အကန့်သတ်နဲ့ရောင်းပေးတာပေါ့။ ဥပမာ- တစ်အိမ်ထောင်ကို ဆီတစ်ဘူးဆိုတစ်ဘူးနှုန်းဘဲရောင်းပေးတာပေါ့။ ဒါပေမဲ့လဲ တစ်ဝက်စျေးဘဲ ပေးရတော့ စျေးပိုသက် သာတာပေါ့” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တစ်ဝက်စျေးဆိုင် ဖွင့်လှစ်တာ ၄ ဆိုင်ရှိပြီး နယ်လှည့်ရောင်းချပေးတဲ့ စျေးဆိုင် ၄ ခု၊ စုစုပေါင်း ၈ ခုရှိနေတယ်လို့ သိရပါတယ်။ https://ww w.kantarawaddytimes.org/%e1%80%9c%e1%80%99%e1%80 %ba%e1%80%b8%e1%80%95%e1%80
၂၈။ NGO, INGO များကို အာဏာသိမ်းစစ်ခေါင်းဆောင် ကြပ်မတ်ထိန်းချုပ်နေ
August 31, 2023
NGO, INGO အဖွဲ့အစည်းများမှာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေးအတွက် စနစ်တကျကြပ်မတ် ထိန်းသိမ်းကြရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးနေကြောင်း သိရ သည်။ NGO, INGO အဖွဲ့များကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က သက်ဆိုင်ရာဝန်ကြီးဌာနများကို ကြပ်မတ်ပေးရန်ညွှန်ကြားခဲ့သည်။ ယင်းအစည်းအဝေးကို မင်းအောင်လှိုင်အပါအဝင် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ် များက အွန်လိုင်းမှ တက်ရောက်ခဲ့ကြသည်။ အချို့သော ပြည်ပအကူအညီများသည် INGO ၊ NGO များမှတစ်ဆင့် မျှဝေဆောင် ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများနှင့် ထုတ်လွှင့်မှုများ မရှိစေရေးအတွက် ထိန်းချုပ်ရန် လိုအပ်သည်ဟု ဆိုသည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေ ဖြင့် စနစ်တကျ ကြပ်မတ်ကြရန် မင်းအောင်လှိုင်က စည်းရုံးပြောဆိုခဲ့သည်။ ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှာ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ပွဲများနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ကူညီထောက်ပံ့ဆောင်ရွက်နေကြပြီး မေလက တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသင့်ပြည်သူများကိုလည်း အကူအညီပေးအပ်နိုင်ရန် ယူအန်အိုချာက စစ်ကောင်စီနှင့် ညှိနှိုင်းကြိုပမ်းနေသည်။ မိုခါမုန်တိုင်းကို ရခိုင်ပြည်သူများက အဓိက ခံစားခဲ့ရပြီး လူပေါင်း ၁၂ သိန်းကျော်မှာ အမိုးအကာအောက်သို့ ပြန်လည်ရောက်ရှိရေးနှင့် အရေးပေါ်ကူညီကယ်ရေး အထောက်အပံ့များမှာ လိုအပ်နေ ခြင်းဖြစ်သည်။ ဆက်လက်ပြီး မင်းအောင်လှိုင်က INGO များနှင့် NGO များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ထပ်မံ ထိန်းချုပ်တင်း ကျပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြည်တွင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများက သုံးသပ်ပြောဆိုကြသည်။ https://www.facebook.com/photo/?fbid=736696398469789&set=a.682731967199566
၂၉။ KNDF တပ်ရင်း ၁ ထံကို တခြားတပ်ဖွဲ့က ရဲဘော် ၃၈ ဦး ကူးပြောင်းလာ
August 31, 2023
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၁) ဆီကို တခြားကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၃၈) ဦး လာရောက်ပူးပေါင်းခဲ့တယ်လို့ တပ်ရင်း (၁) က သြဂုတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စုပေါင်းစစ်ရေးဦးဆောင်မှု တစ်ခုအောက်မှာ ခံယူလိုတဲ့ ရည်ရွက်ချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တပ်စုတစ်ခုလုံး လာရောက်ပူးပေါင်းတာဖြစ်တယ်လို့ KNDF တပ်ရင်း(၁) ကဆိုပါတယ်။ လာရောက်ပူးပေါင်းသူတွေကို တပ်ခွဲ(၁)၊ တပ်စု (၅) အဖြစ် တရား၀င်ရပ်တည်စေခဲ့ပြီး စစ်သင်တန်းပေးခြင်း၊ ကိုယ်ပိုင်နံပါတ်ပေးအပ်ခြင်း၊ Uniform အပ်နှံခြင်း၊ ဘက်တံဆိပ်အပ်နှံခြင်းနဲ့ ကတိသစ္စာခံယူခြင်းတို့ ဆောင်ရွက်ကာ ကြိုဆိုခဲ့ပြီး COC တစ်ခုထဲအောက်မှာ လာရောက်ပူးပေါင်းတဲ့ မည်သည့်လူပုဂ္ဂိုလ်/ အင်အားစုမဆို အမြဲတမ်း ကြိုဆိုလျက်ရှိတယ်လို့ KNDF တပ်ရင်း(၁) က ထုတ်ပြန်ပါတယ်။
လာရောက်ပူးပေါင်းတဲ့အဖွဲ့ကို ဘယ်အဖွဲ့ကလို့ ထုတ်ဖော်မပြောထားပေမယ့် ကရင်နီဒေသအခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ ကန္တာရဝတီတိုင်းမ်မှာတော့ မြေပြင်တိုက်ပွဲတွေမှာ ပရဟိတတပ်ဖွဲ့တစ်ခုအဖြစ် ပါဝင်တိုက်ခိုက်နေတဲ့ Karenni Generation Z ( KGZ ) Volunteer Fighters အဖွဲ့က တပ်ဖွဲ့ဝင် ၃၈ ဦးဟာ တိုက်ပွဲလှုပ်ရှားနယ်မြေချင်း နီးစပ်မှုရှိနေတဲ့ KNDF တပ်ရင်း(၁) ကို ကူးပြောင်းသွားကြောင်း ရေးသားထားပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကလည်း KGZ (ခ) ပရဟိတတိုက်ခိုက်ရေးအဖွဲ့ဝင် (၃၈) ဦး KNDF B-01 ကို တစုတစည်းထဲ သွားရောက်ပူးပေါင်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောထားပါတယ်။ KGZ တပ်ဖွဲ့ဟာ ပရဟိတတိုက်ခိုက်ရေးသမားတွေနဲ့ စုဖွဲ့ထားတဲ့တပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာလည်း ဒေသတွင်း စစ်ရေးစစ်ရာနဲ့ နည်းပညာပူးပေါင်းတဲ့အပိုင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းပါဝင်နေတဲ့ တပ်ဖွဲ့ တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ https://www.facebook. com/photo/?fbid=688643326637693&set=pcb.688643 553304337
၃၀။ ကျောင်းသားလက်ရုံးတပ်တော် ကို AA မှ အထူးတိုက်ခိုက်ရေး သင်တန်းပေး
August 31, 2023
ကျောင်းသားလက်ရုံးတပ်တော် ကို ရက္ခိုင့်တပ်တော် AA မှ အထူးတိုက်ခိုက်ရေးသင်တန်းပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား ပူးတွဲကျင်းပပြုလုပ်ခဲ့ကြောင်း ဩဂုတ် ၃၀ ရက်နေတွင့် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်က ထုတ် ပြန်သည်။ အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို မဟာမိတ်တပ်အသီးသီးမှအရာရှိ၊ အရာခံများနှင့် အကြပ်စစ်သည်များ ကျောင်းသား လက်ရုံးတပ်တော်မှ ရဲဘော်များလည်း တက်ရောက်ခဲ့ကြသည်။ ရက္ခိုင့်တပ်တော်မှ လေ့ကျင့်သင်ကြားပေးခဲ့သော အထူးတိုက် ခိုက်ရေးသင်တန်းကို သင်တန်းသား ၆၀ ဦး တက်ရောက်သင်ကြားခဲ့သော်လည်း သင်တန်းသား ၅၈ ဦးသာ သင်တန်းဆင်းနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ရက္ခိုင့်တပ်တော်မှ တာဝန်ရှိသူများမှ တက်ရောက် အမှာစကားပြောကြားခဲ့ ကြောင်း အဆိုပါ ကျောင်းသားလက်ရုံးတပ်တော်ကို ရခိုင်ပြည်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်စိုးမိုးရာ နေရာတွင် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့ကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် AA အပါအဝင် ၎င်းတို့၏ ညီနောင် မဟာမိတ်များဖြစ်ကြသည့် တအင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA တို့က နွေဦးတော်လှန် ရေးတွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများကို လက်နက်ခဲယမ်းများနှင့် စစ်တန်းပေးမှုများကို လုပ်ဆောင်နေသည်။ စစ်တပ် က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနွေဦးတော်လှန်ရေးနှင့် အတူ စစ်အာဏာရှင်များကို တော်လှန်ဖို့ နယ်မြေအသီးသီးက လူငယ်များသည် တိုင်းရင်းသား လက်နက်ကိုင်များရှိရာသို့ ဝင်ရောက်လာပြီး လက်နက်ကိုင်ကာ စစ်အာဏာရှင်ကျရှုံးရေးတော် လှန်တိုက်ပွဲဝင်နေကြသည်။ https://www.faceboo k.com/photo/?fbid=736643181808444&set=pcb.736643635141732
၃၁။ ရွှေကူ ကျောက်ကြီးရဲစခန်းသိမ်းပိုက်ခံရ၊ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကျဲ
September 1, 2023
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ စခန်းကို ဒီနေ့မနက်ပိုင်းက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကျောက်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ရဲနဲ့ စစ်သားတွေပူးပေါင်း တပ်ထိုင်နေတဲ့ ရဲစခန်းကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက် ၃ နာရီအချိန်မှာ KIA တပ်ရင်း ၅ နှင့် မြို့လှ PDF ပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြို့လှ PDF အဖွဲ့တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ ”စခန်းကသိမ်းလိုက်ပြီ ကျောက်ကြီးကရဲ စခန်းဟုတ်တယ် မနက်သုံးနာရီကနေ စသိမ်းတာ ၄ နာရီ ကျော်ကျော်လောက်မှာသိမ်းပြီးသွားတယ်။ အထဲမှာရှိတဲ့ရဲနဲ့စစ်သားတွေက တချို့သေတဲ့လူသေ အရှင်ဖမ်းမိတာလည်းရှိတယ် တချို့လည်းထွက်ပြေးသွားတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ ရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဂျက် ဖိုက်တာ တစ်စီးနဲ့ ကျောက်ကြီးကျေးရွာနဲ့ အနီးဝန်းကျင်တွေကိုဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
”အဲ့စခန်းသိမ်းပြီးတော့ မိုးမလင်းတလင်းအချိန်လောက်ကနေ လေယာဥ်နဲ့လာကျဲတယ်ဗျ တောပုန်းရွာအနီးမှာလည်း တစ်လုံးကျတယ် ကျောက်ကြီးကိုလည်းကျဲတယ် အခြေအနေ အသေးစိတ်ကတော့မသိရသေးဘူးအခုအားလုံးက ပြာယာခတ် နေကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရဲစခန်းသိမ်းပိုက်ခံလိုက်ရတာကြောင့် KIA နှင့်PDFဘက်က လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရမိတယ်လို့သိရပြီးအသေးစိတ်ကိုတော့အတည်ပြုနေဆဲ ဖြစ်ပါတယ်။ ကျောက်ကြီးရဲစခန်းမှာ အင်အား ၅၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး သုံးပုံနှစ်ပုံလောက်က စစ်သားတွေဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့မနက် စခန်းသိမ်း တိုက်ပွဲကြောင့်ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် လေယာဥ်ဗုံးကျဲမှုကြောင့် ပြည်သူထိခိုက်မှုနဲ့ အခြား ထိခိုက်မှုကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။ https://www.facebook .com/photo/?fbid=688866719941269&set=a.60 1270192034256
၃၂။ “ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း” သိန်း ၅၀၀၀ ရန်ပုံငွေ ကမ်ပိန်း CDF ကန်ပက်လက် စတင် ပြုလုပ်
September 1, 2023
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ခုခံပျောက်ကျားစနစ်မှ ပြန်လည်ထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရေး အချိန်ကျ ရောက်လာပြီး ဖြစ်သောကြောင့် ဒရုန်းနှင့် လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရန် “ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ် လောင်း” ရန်ပုံငွေ ကမ်ပိန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်က စတင်ပြုလုပ်နေသည်။“ဒီအစီအစဉ်လေးမှာ မိဘပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ ၃ နှစ်တာ ကာလမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ရက်ရှည်စစ်ဆင်ရေးတွေ ဆောင်ရွက်ရတဲ့အခါမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေမပြည့်စုံမှုဟာ တော်တော်လေးကိုခက်ခဲစေ တဲ့အရာတွေဖြစ်ပါတယ်။ အခုအစီစဉ်မှာ နည်းပညာပိုင်းဆိုင်ရာ ဒရုန်းပိုင်းဆိုင်ရာတွေ လက်နက်ကြီး၊ လက်နက်ငယ်တွေဖြည့် တင်းနိုင်ဖို့၊ စခန်းသိမ်းစစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့အတွက်မြောက်များစွာ ရည်ရွယ်ထားတာဖြစ်ပါတယ်” CDF ကန်ပက်လက်မှ ဒုတပ်မဟာမှူး ဆလိုင်းမနားနိုင် က ပြောသည်။ တော်လှန် ရေး ၃ နှစ်တွင် စစ်ကောင်စီသည် ကန်ပက်လက်မြို့နယ်မှာ စစ်ကြောင်းဖြန့်ချီ ထိုးစစ်ဆင်မှုများနှင့် လေကြောင်းတိုက် ခိုက်မှုများ မကြာခဏပြုလုပ်နေချိန်မှာ CDF ကန်ပက်လက်ကလည်း ခုခံပျောက်ကျားစနစ်မှ ထိရောက်သည့် ပြန်လည် ထိုးစစ်ဆင်မှုပြုလုပ်နိုင်ရေးနှင့် စစ်တပ်အထိုင်စခန်းများကို ပြန်လည်သိမ်းယူရေး အချိန်ကျရောက်လာပြီဟု CDF ကန်ပက် လက်က ထုတ်ပြန်သည်။
ထိုကြောင့် လိုအပ်နေသော ဒရုန်းအပါအဝင် လက်နက်ကြီးလက်နက်ငယ်များ၊ ခဲယမ်းများဖြည့်တင်းနိုင်ရန် “ဝိတိုရိယ သူရဲ ကောင်း စုပေါင်းအားသစ်လောင်း” ကမ်ပိန်းဖြင့် ကျပ်သိန်း ငါးထောင် ရန်ပုံငွေရှာဖွေနိုင်ရေးအတွက် ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ ပြုလုပ်နေသည်။ အများအားဖြင့် ချင်းရိုးရာတူမီးများသာ ကိုင်ဆောင်တိုက်ပွဲဝင်နေရသော CDF- ကန်ပက်လက်သည် ချင်းပြည်၏ အရှေ့ဘက် စစ်မျက်နှာဖြစ်နေပြီး လက်နက်အင်အား ကွာဟမှုကြောင့် တပ်ရင်း(၂) စခန်းကို သုံးကြိမ် လက်လွှတ်ခဲ့ရသည်၊ တပ်မဟာ ဌာနချုပ်ကိုလည်း တစ်ကြိမ် လက်လွှတ်ခဲ့ရသည်ဟု သိရသည်။ ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်သည် တပ်မဟာတစ်ခုအဖြစ် တပ်ရင်း (၇)ရင်းဖြင့် ဖွဲ့စည်းထားပြီး ခုခံတော်လှန်ရေး ၃ နှစ်နီးပါးတွင် တိုက်ပွဲ ပေါင်း ၁၅၀ ကျော်ဖြစ်ပွား၍ စစ်ကောင်စီမှ အရာရှိတချို့အပါအဝင် ၂၀၀ ဦးထက်မနည်း သေဆုံးသည်၊ CDF- ကန်ပက်လက်မှ ရဲဘော် (၁၆) ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ https://www .facebook.com/photo/?fbid=780088387453550&set=a.7231 51876480535
၃၃။ တရားစီရင်ရေးကောင်းမွန်ပါက အဖမ်းခံသွားမည်ဟု ရခိုင်ကျောင်းသားများပြော
August 31, 2023
စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ရခိုင် အမျိုး သမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး ဖမ်းဆီးတရားစွဲတင်မှုမှာ ဦးဆောင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားများ သမဂ္ဂ မှ ခေါင်းဆောင်များကို ဖမ်းဆီးရမိမှ ဒေါ်ညိုအေးအမှုကို စစ်ဆေးစီရင်မည်ဟု တရားရုံးက ပြောဆိုထား သည်။ ရခိုင်ပြည် ကျောင်း သားများသမဂ္ဂ (ရ.က.သ)မှ ခေါင်းဆောင်များက အဖမ်းခံရန် အစီအစဉ်မရှိဟု ပြောထားသော် လည်း ပြည်သူလူထုများအတွက် မျှတသောတရားစီရင်ရေးရရှိပါက အဖမ်းခံသွားမည်ဟု ရ.က.သ ပြန်ကြားရေးတာဝန် ခံကပြောသည်။“ကျနော်တို့ခေါင်းဆောင် တွေဟာ ၂၀၂၀ ခုနှစ်က ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ တရားစီရင် တဲ့အခါမှာ ဟိုနေ့ရွှေ့၊ ဒီနေ့ရွှေ့နဲ့ ရွှေ့ဆိုင်းမှုတွေရှိ တယ်။ တရားစီရင်ရေးမှာ ပြတ်ပြတ်သားသား မကျဘူး။ အစိုးရဘက်ကို အခု စစ်ကောင်စီဘက်ကို မျက်နှာမူတယ်။ တရားရုံးကို ကျနော်တို့က အယုံအကြည်မရှိဘူး။ တကယ်လို့ တရားရုံးသာ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ တရားစီရင်ရေးရှိရင်တော့ အဖမ်းခံသွားမယ်။ ” ဟု ပြောသည်။ စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့မှုနှင့် ဒေါ်ညိုအေး ကို စစ်တွေမြို့မရဲစခန်းက ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲတင်ခဲ့သည်။
ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်က ဒေါ်ညိုအေးအား ပထမအကြိမ်ရုံးထုတ်ကာ တရားခွင်တွင် ရ.က.သ မှ ဦးသန်းနိုင်နှင့် အပေါင်းအပါများကို ဖမ်းဆီးပြီးမှ အမှုစီရင်ဆုံးဖြတ်မည်ဟု စစ်တွေမြို့နယ် တွဲဖက်တရားရုံးမှ တရားသူကြီးက ပြောဆိုခဲ့ခြင်းဖြစ် သည်။ ထိုကဲ့သို့ တရားရုံးမှ ပြုလုပ်ခြင်းသည် ဥပဒေနှင့်ကော ညီရဲ့လားဟု ဒေါ်ညိုအေး သမီးဖြစ်သူ မသန္တာက မေးခွန်းထုတ် လိုက်ပြီး ကျောင်းသားများကို မဖမ်းမိသ၍ အမေဖြစ်သူ ဒေါ်ညိုအေးမှာ ချုပ်နှောင်ခံထားရမည်လားဟု မသန္တာက ဆိုသည်။ အမည်မဖော်လိုသည့် စစ်တွေဒေသခံ ရှေ့နေတစ်ဦးက “ တရားသူကြီးက အဲလို ဆုံးဖြတ်ထားရင် ဒေါ်ညိုအေးကို အာမခံနဲ့ လွှတ်ပေးထားသင့်တယ်။ အကျဉ်းထောင်မှာ မချုပ်နှောင်ထားသင့်ဘူး။ ဒေါ်ညိုအေး ရှေ့နေတွေကလည်း အာမခံရဖို့ကို တရားရုံးမှာ တောင်းဆိုသင့်တယ်။ ပြီးတော့ တကယ်ကော တရားစွဲတင်ဖို့အထိ အမှုမြောက်ရဲ့လားဆိုတာ ပြန်လည်ချယ်ပသင့်တယ်။ ” ဟု ပြောသည်။ တရားသူကြီး၏ ပြောဆိုချက်အရ ရ.က.သ မှ ဦးသန်းနိုင်နှင့်အပေါင်းအပါများကို မဖမ်းမိသရွေ့ ဒေါ်ညိုအေးအား အကျဉ်းထောင်၌ ချုပ်နှောင်ထားမည့် သဘောကို သက်ရောက်နေသည်ဟု သမီးဖြစ်သူက ပြောဆိုထားသည်။ https://www.facebook.com/photo?fbid=7363527851 70817&set=a.682731967199566
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။