ရခိုင်ကျောင်းသားခေါင်းဆောင်တွေကို တရာခံပြေးအဖြစ် သတ်မှတ်ပြီးမှ ဒေါ်ညိုအေးအမှုကို စစ်ဆေးမည်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၉ ရက်၊ ၂၀၂၃။
၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ ရခိုင်ကျောင်းသားတွေကို တရားခံပြေးအဖြစ် သတ်မှတ်ပြီးမှ ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး အမှုကို စစ်ဆေးမယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဆန်ပြဿနာနေ့အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့် ခံခဲ့ရတဲ့ ဒေါ်ညိုအေးအား ဒီနေ့တွင် စစ်တွေမြို့နယ် တွဲဖက်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်ခဲ့တာဖြစ်ပါတယ်။
ဒေါ်ညိုအေးအား ရုံးတင်ရာတွင် ကျောင်းသားတွေကိုလည်း တရားခံပြေးအဖြစ် သတ်မှတ်မယ်ဆိုတဲ့အကြောင်းကို ပြောကြားခဲ့တယ်လို့ ရခိုင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။
” ကျမတို့ ကြားသိရတာကတော့ ဒေါ်ညိုအေးနဲ့ ကျောင်းသားတွေကို သီခြားစီ တရားစွဲမယ်လို့ ပြောတာကို ကြားသိရတယ်။ ကျောင်းသားတွေကို တရားခံပြီး အဖြစ်သတ်မှတ်မယ်။ ပြီးမှပဲ ဒီအမှုကို စစ်ဆေးမယ်လို့ ပြောတယ်။ ကျောင်းသားဘယ်နှစ်ယောက်ပါတယ်ဆိုတာကိုလည်း တိတိကျကျ မပြောဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီမှ ကျောင်းသားတွေကို တရားခံပြေးအဖြစ် သတ်မှတ်တာဟာ ရခိုင်ပြည်သူလူထုအား ခြိမ်းခြောက်တာဖြစ်တယ်လို့ ရခိုင်ကျောင်းသားခေါင်းဆောင် ကိုဦးသန်းနိုင်က ပြောပါတယ်။
” ဒါကတော့ ကျောင်းသားထုနဲ့ ရခိုင်ပြည်သူလူထုကို ခြိမ်းခြောက်တာလို့ပဲ မြင်ပါတယ်။ ကျနော်တို့ ကျောင်းသားဘယ်နှစ်ယောက်ကို တရားစွဲထားတယ်လို့လဲ သူတို့ဖက်က တိတိကျကျ မပြောဘူး။ ကျနော်တို့ အနေနဲ့ အဖမ်းခံဖို့လဲ အစီအစဉ်မရှိဘူး။ စစ်ကောင်စီရဲ့ တရားစီရင်ရေးအပေါ်မှာလည်း ကျနော်တို့ အယုံအကြည်မရှိဘူး။ အသိအမှတ်လည်း မပြုဘူး” လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်ညိုအေးအား စစ်တွေအကျဉ်းထောင် အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး လာမယ့် ဩဂုတ် ၁၂ ရက်နေ့ကို ထပ်မံရုံးချိန် လိုက်တယ်လို့ သိရပါတယ်။
ဒီနေ့ရုံးချိန်းတွင် သူမအား ဖမ်းဆီးထားခြင်းမှာ မတရားဖမ်းဆီးခြင်းသာဖြစ်တယ်လို့ သူမရဲ့ မိသားစုဝင်တွေ၊ သူမအား ဝန်းရံသူတွေနဲ့ တွေ့ဆုံရာတွင် ဒေါ်ညိုအေးက ပြောကြားခဲ့ပါတယ်။
ဆန်ပြဿနာနေ့အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ ဒေါ်ညိုအေးကို ဩဂုတ် ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်တွေက သူမရဲ့ ရုံးခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ဦးနေဝင်းအစိုးရလက်ထက်တွင် ရခိုင်ပြည်၊ စစ်တွေမြို့မှာ ဆန်ပြဿနေ့ အရေးအခင်းဖြစ်ပေါ်ခဲ့ပါတယ်။
ဆန်ပြဿနာနေ့ အရေးအခင်းတွင် ဆန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူထုအား စစ်တပ်မှ ပစ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၃၀၀ ကျော်အထိ သေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
ဓါတ်ပုံ – CJ