ထန်တလန်တိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့ဝင် ကျဆုံးမှုရှိခဲ့
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၂၉ ရက်၊ ၂၀၂၃။
ချင်းပြည်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီ ခလရ ၂၆၉ ဌာနချုပ်စခန်းအပါ ၄ နေရာကို ချင်းကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ယမန်နေ့ သြဂုတ် ၂၈ ရက်နေ့ မနက်အစောပိုင်းကနေ သွားရောက်တိုက် ခိုက်ခဲ့ပြီးနောက် တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ နေရာကို ချင်းအမျိုးသားတပ်(CNF)နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက မနေ့မနက်အစောပိုင်း ၅ နာရီ ဝန်းကျင်ခန့်မှာ တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ထန်တလန် CDF တပ်ဖွဲ့ဝင် သတင်းရင်းမြစ်က FJMM ကိုပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် (CNA)က ဒုဗိုလ် တစ်ဦးပါ ပူးပေါင်းတပ်တွေဘက်က ၁၁ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူလည်း ၂၀ ဝန်းကျင်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိပေမယ့် သေဆုံးသူ ဦးရေအတိအကျကို မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ကတော့ ယမန်နေ့တိုက်ပွဲတွင်း ဟားခါးဗျူဟာကုန်းကနေ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သလို လေကြောင်းဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ကျရှုံးခဲ့ရတဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထဲမှာတော့ ချင်းအမျိုးသား တပ်မတော်(CNA)က ၅ ဦး၊ CDF ဇိုဖေက ၄ ဦး၊ CDF ဟားခါးက ၁ ဦးနဲ့ CDF ထန်တလန်က ၁ ဦးတို့ ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
နှစ်ဖက် ထိခိုက်ကျဆုံးမှု များလာတာကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က မနေ့ ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာခဲ့ပြီး လက်ရှိ အချိန်မှာတော့ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုကို စောင့် ကြည့်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ | ထန်တလန်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ။