သတင်း

စစ်ရေးတင်းမာနေတဲ့ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတချို့မှာ KIA ခရီးသွားခွင့် ယာယီပိတ်

စစ်ရေးတင်းမာနေတဲ့ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတချို့မှာ KIA ခရီးသွားခွင့် ယာယီပိတ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၂၃ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနားကနေ ဖားကန့်သို့ သွားတဲ့ လမ်းပိုင်းတချို့မှာ စစ်ရေးမာမှုတွေရှိနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)ဘက်က ဒီကနေ့ မနက်ပိုင်းက စပြီး ခရီးသွားခွင့် ယာယီပိတ်ပင် လိုက်တာလို့ သိရပါတယ်။

ယာယီ လမ်း ပိတ်ပင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး “23/8/23 ရက်က နေစပြီး မြစ်ကြီးနား ဖားကန့် လမ်းအား KIA ဘက် မှ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ၊ မြစ်ကြီးဖားကန့် လမ်း ဒီနှစ်ရက် သုံးရက် အတွင်း ခရီးသွား ခြင်း မပြုကြပါရန် အသိပေး နိူးဆော်အပ်ပါသည်။ ဘယ်ချိန် ဘယ်ရက်ထိ ပိတ်မည်ကို ရက်အတိအကျ မသိနိုင်သော ကြောင့် သတင်းကို နားစွန့်ပြီး ဆင်ခြင်သွားလာကြရန် တိုက်တွန်းအပ်ပါသည်” လို့ ဖားကန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ (Uma Gindai Garum Kahtau Hpung) ကလည်း အတည်ပြု ထုတ်ပြန်ထားတာပါ။

အခုလို လမ်းပိတ်ဆို့လိုက်တာဟာ နန့်ယားကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ဘက်ကို ဆက်ပြီး တက်လာလို့မရအောင် မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်ထုနဲ့ ဂေါ့လိုယာန်နေရာနားက နေရာ ၂ နေရာမှာ ပိတ်ဆို့ထားဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတွေက ကချင်သတင်းဌာန(KNG) ကို ပြောပါတယ်။

လက်ရှိ ဖားကန့်မြို့မှာတော့ ဒီမနက်ကုန်စိမ်းအဝင်တွေမရှိတော့တဲ့အတွက် ကုန်စျေးနူန်းတွေလည်း မနေ့ကထက် တစ်ဆမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ နှစ်ဖက် စစ်ရေးတင်းမှု ရှိနေသေးတာကြောင့် ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ နန့်ယား ကျေးရွာအပါ ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာနေ ဒေသခံတွေက နီးစပ်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိ နန့်ယားစစ်တပ်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ ကားမိုင်း ဘက်ကနေ တက်လာတဲ့အချိန် ကျောက်ထုကျေးရွာအရောက်မှာ KIA ရဲ့ စောင့်ကြို တိုက်ခိုက်ခံလိုက် ရတာပါ။

စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် စောင့်ကြို တိုက်ခိုက်ခံလိုက်ရပြီးနောက် နန့်ယားစစ်တပ်ကုန်းကနေ တနေ့လုံး လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ် ခဲ့တာကြောင့် နန်းယားကျေးရွာထဲမှာ လက်နက်ကြီး တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button