ဖက်ဒရယ်ဒီမိုကရေစီ ဘွန်ဇိုင်းဥယျာဉ်တော်ကြီး မဖြစ်စေဖို့
မသီတာ – စမ်းချောင်း
ဘွန်ဇိုင်းပင်တွေအကြောင်း သေချာမသိပါဘူး။ အများအားဖြင့် အရိပ်ရအပင်ကြီးတွေကို အလှစိုက်ပန်း အိုးလေးထဲ ထည့်စိုက်ထားနိုင်အောင် အစာရေစာ အလင်းအာဟာရတွေကို ချိန်ဆဖြတ်တောက်ပြီး ပြုပြင်ထားတဲ့ ဂျပန်ပန်းအလှစိုက်နည်းပညာလို့ပဲ နားလည်ပါတယ်။ အလှသဘောတရားအရ သိပ်လှပါတယ်။
အနှစ်သာရအရ ကြည့်ရင်တော့ နည်းနည်းမျက်စိလည်စရာပေါ့။ အရိပ်ရအပင်ကြီးတွေရဲ့ အနှစ်သာရဟာ အရိပ်ပေးနိုင်ဖို့နဲ့ လေထုကို သန့်စင်ပေးနိုင်စွမ်း များစေဖို့လို့ သဘောရပါတယ်။ ဘွန်ဇိုင်းဖြစ် သွားတော့ မူလအဆင်အပြင် အသွေးအရောင် ပုံဟန်တွေ မပျက်ပေးမဲ့ အရိပ်ပေးနိုင်စွမ်းနဲ့ လေထုကို သန့်စင်ပေးနိုင်စွမ်း ချို့တဲ့သွားရတာပါပဲ။ တဆက်တည်းမှာ နွေဦးတော်လှန်ရေးဟာလည်း ဖက်ဒရယ်ဒီမိုကရေစီဘွန်ဇိုင်းကိုများ ပျိုးထောင်မိလေမလားလို့ တွေးမိပြီး ပူပန်စပြုပါတယ်။
ပန်းတိုင်ကို သေချာစိတ်ကူးယဉ်ပြီး ပုံဖော်တာဟာ တော်လှန်ရေးတိုင်းအတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ လမ်းခရီးနဲ့ နည်းလမ်းတွေဟာ ပန်းတိုင်နဲ့ ထပ်တူအရေးပါတာကို ဂရုစိုက်ကြဖို့လည်း လိုပါတယ်။ အိပ် မက်ပန်းတိုင်တွေက ကြီးမားခမ်းနားလွန်းပြီး အဲဒီကိုသွားဖို့ လမ်းခရီးနဲ့ နည်းလမ်းတွေကို သေချာချိန်ဆ ပြင်ဆင်တာမျိုး မရှိခဲ့ရင် ကိုယ့်အိမ်မက်ကိုယ်တိုင်က ကိုယ့်တော်လှန်ရေးကို နှောင့်နှေးကြန့်ကြာမှာ စိုး ရိမ်ရပါတယ်။
ဒါမှမဟုတ် လိုအပ်တဲ့ ရေခံမြေခံ အစာရေစာ အလင်းအာဟာရ စတာတွေ လုံလုံလောက် လောက် မရနိုင်သေးတာကို သိနေပေမဲ့ အိမ်မက်ပန်းတိုင်အပင်ကြီးက ကိုယ့်မျက်စိထဲက မထွက်နိုင်လွန်းလို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီအပင်မျိုးကိုပဲ မရမက ရသလို စိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ကြရင်တော့ အရိပ်ရအပင်ကြီးအစား အလှစိုက်ပန်းအိုးထဲက ဘွန်ဇိုင်းလေးပဲ ရပြီး လမ်းဆုံးသွားမှာကို စိုးရိမ်မိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီအိမ်မက်အပင်ကြီးကို ဆွေးနွေးငြင်းခုန်ကြ ပို့ချပြင်ဆင်ကြနဲ့ တော်လှန်ရေး တလျှောက် မမောမပန်း အားသွန်ခွန်စိုက် လုပ်နေကြတာဟာ အားရစရာကောင်းလှပါတယ်။ ဖက်ဒရယ် ယူနစ်အတွက် ပြင်ဆင်ကြတဲ့အခါ လူမျိုးအခြေခံပြီး ပြင်ဆင်ကြသလို နယ်မြေပိုင်စိုးမှုကို အားပြုပြီး လည်း ခရီးရောက်နေပြီ-မရောက်တရောက်ဖြစ်နေပြီဆိုတာမျိုး တွေးတောငြင်းခုန်ကြပါတယ်။
မြေပြင် က စစ်ရေးဦးဆောင်နိုင်သူနဲ့ လွတ်မြောက်ရာအရပ်က ပံ့ပိုးနိုင်သူတွေရဲ့ အခန်းကဏ္ဍဟာ ဒစ်ဂျစ်တယ် ဂရောင်းလို့ဆိုရမယ့် ပုံရိပ်ယောင်ကမ္ဘာမြေကြီးမှာ ကြီးကျယ်ခမ်းနားလွန်းလှပါတယ်။ ပုံရိပ်စစ်ကမ္ဘာထဲက သာမန်လူထုအများစုကတော့ မီးမမှန်သလို အင်တာနက်လည်း ကောင်းကောင်းမရလေတော့ ဘယ်သူတွေက ဘာတွေပြောဟောပြီး ဘယ်လိုမျှော်မြင်ကြတယ်၊ ဘယ်သူ့စကားကို ရာနှုန်းပြည့် နားထောင်အပ်ပြီး ဘယ်လိုသဘောမတူနိုင်ရင် ဘယ်သူနဲ့ဘယ်မှာကို စောဒက သွားတက်ရမယ်ဆိုတာ မသိတဲ့ ပုံ ရိပ်ယောင်သတင်းသုံးစွဲသူများအဖြစ်သာ ရှိနေကြပါတယ်။
သူတို့တတွေရဲ့ ကိုယ်ပိုင်စိတ်ကူးပုံဖော်နေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအပင်ကြီးကဖြင့် ဘယ်လိုပင်စည် ဘယ်လိုအကိုင်းအခက် ဘယ်လိုပန်း ပွင့်တွေ ဘယ်လိုအသီးတွေနဲ့ ရှိလေမလဲဆိုတာ သေချာစေ့ငုလေ့လာခွင့်တော့ သာပြီး ခက်ခဲလှပါတယ်။ မြေပြင်အခြေအနေအရရော တော်လှန်ရေးဦးဆောင်သူများနဲ့ အပြန်အလှန် လက်လှမ်းမီမှုအရာအရ မှာပါ အခက်အခဲတွေက ရှိနေတာပါ။
တနည်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီအပင်ကြီးအတွက် လူထု အများစု (တဦးချင်းတယောက်မကျန်ရဲ့သဘောထားအပါအဝင်) ဆိုတာ ရေခံမြေခံ ဖြစ်ရမယ့်အရာပါ။ လူများနိုင်သလောက် အများစုရဲ့ ဆန္ဒသဘောထားနဲ့ အိပ်မက်တွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည် တောင်းခံပြီးမှ ဒီအပင်ကြီးအတွက် လိုမယ့်အာဟာရတွေကို ဖြည့်ဆည်းပူးပေါင်းပေးကြဖို့ စည်းရုံးဆွဲဆောင်နိုင်ပါမယ်။
အခုအခါမှာ တဖွဲ့ပြီးတဖွဲ့၊ တယောက်ပြီးတယောက်၊ တစုပြီးတစု ပေါ်လာသမျှတွေက သူတို့ တတ်သိ နားလည် ခံယူထားတဲ့အတိုင်း အပင်ကြီးကို ပုံဖော်ပြပြီး အဲဒီအတိုင်းဖြစ်အောင် လုပ်ကြရမယ်လို့ ဆိုလာကြပါတယ်။ ဒီမှာတင်မကဘဲ အဲဒီအတိုင်းဖြစ်အောင် မလုပ်လိုသူတွေ ရှိနေကြောင်း ဒါမှမဟုတ် မလုပ်တတ်သူတွေက ပါနေကြောင်းစတဲ့ အချင်းချင်း တံတောင်တွက်ချက်တွေကလည်း တဖြောင်း ဖြောင်း ပြင်းထန်လာပါတယ်။
ဒါ့အပြင် လမ်းခရီး ဘယ်လောက်ကြာကြာ အရေးမကြီးဘူး၊ ဒီပန်းတိုင် အပင်ကြီးရဲ့ ဒီဇိုင်းကတော့ နည်းနည်းမှ လွဲလို့ မဖြစ်ဘူး၊ စိတ်တိုင်းကျ အပင်ရုပ်မပေါက်ရင်တော့ မရဘူး၊ ဖြစ်တဲ့နည်းနဲ့ ဒီအပင်သာ ရအောင်လုပ်ကြရမယ်၊ မြေကြီးပေါ် ချမစိုက်နိုင်လည်း ပန်းအိုးလေးထဲ စိုက်သာစိုက် အရေးကြီးတာ အပင်ရုပ်ပေါက်ဖို့ပဲဆိုတာမျိုး တွန်းတွန်းထိုးထိုး ဆိုလာကြသလိုပါပဲ။
ဒီတော့ အပင်ပေါက်လာရင် အရိပ်တွေ ရ၊ အပွင့်တွေ ပွင့်၊ အသီးတွေ သီးမဟဲ့လို့ နားလည်သူတွေနဲ့ ယုံကြည်သူတွေ အတန်အသင့်ကတော့ ရေခံမြေခံကောင်းတွေအဖြစ် ပံ့ပိုးကြတာပေါ့။ ကျန်တဲ့ လက်လှမ်းမမီတဲ့ လူထုနဲ့ တော်လှန်ရေးနဲ့ ဝေးနေသူများကတော့ ပန်းအိုးအပြင်က မြေကြီးတွေလို အပင်ကို လိုလားသလောက် မြေဆီလွှာအဖြစ် မပါဝင်နိုင်ဘဲ ကျန်ရစ်ခဲ့နေသေးတာပါပဲ။
ဒါ့အပြင် တချို့က ပေါင်းသင်ပိုးရှင်းအလုပ်ကို အားစိုက်သလောက် တချို့ကတော့ အပင်ပုံပေါ်ဖို့က ပိုအရေးကြီးသလို ရှုမြင်ကြပြန် လေရာမှာ ပိုးမကင်းတဲ့ မြေဆီမှာလည်း အပင်က မစိုက်နိုင်မို့ အလျင်ဦးရတဲ့ ပန်းအိုးထဲကိုပဲ ကိုယ့် အိပ်မက်အပင်ကို ထိုးထည့်ကြပေါ့။ အပင်ကလည်း ပန်းအိုးထဲမှာ အမြစ်တွယ်ရတာမို့ ကျယ်ပြောလွတ်လပ်တဲ့ ပိုးကင်းမြေပြင်မှာ ကြီးပြင်းရသလို မြေဆီရေဆီ မလုံလောက်ပေတော့ဘူး။
နောက်တခါ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ နှစ်ရှည်ပင်အဖြစ် ပျိုးထောင်ရမှာမျိုးပါ။ တော်လှန်ရေးကတော့ နှစ်ရှည်စီမံကိန်း မလုပ်ကောင်း၊ အဓွန့်ရှည်ပါစေ ဆုမတောင်းကောင်းတဲ့ အရာပါ။ ဒါပေမဲ့ တချို့တွေအတွက်က နှစ်လတ်စီမံကိန်းတွေ ရေးဆွဲရတာနဲ့ အသားကျနေလေတော့ အစီရင်ခံစာမှာ ပုံပေါ်နေတဲ့ အပင်လေးကို ဦးတည်ပြီး တော်လှန်ရေးကို ပျိုးထောင်ကြပြန်ပါတယ်။
တကယ်တော့ ဖက်ဒရယ် ဒီမိုကရေစီ ပျိုးထောင်ရေးကို လုပ်နေကြသူတွေလည်း ရှိပါတယ်။ သေချာအမြစ်တွယ်အောင် လုပ်ရမှာမို့ အပင်ပုံပေါ်ဖို့ထက် အမြစ်တွယ်ဖို့ လုပ်ရတော့ သူတို့ကို အပင်စိုက်နေသူတွေလို့တောင် မမြင်တတ်ကြပါဘူး။ အပင်ပုံလေး အရုပ်ရေးပြပြီး အမြစ်ကို မြေကြီးထက် ပန်းအိုးကလေးထဲ ဦးအောင် ထိုးထည့် ပြနိုင်သူတွေကတော့ အများကြီးပဲရယ်။ ထားပါတော့။
ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆိုတဲ့ အရိပ်ရအပင်ကြီး အမြစ်တွယ် ကြီးထွားလာရအောင် ပိုးသတ် ပေါင်းသင် မြေရှင်းတဲ့ တော်လှန်ရေးကို ဦးစားပေးကြစေချင်ပါတယ်။ အဲဒီအစား အပင်ပုံဒီဇိုင်းကို အာရုံစိုက်ရာက ဖက်ဒရယ်ဒီမိုကရေစီဘွန်ဇိုင်းဥယျာဉ်တော်ကြီး ပေါ်ပေါက်လာပြီး လိုရင်းဖြစ်တဲ့ အရိပ်လည်း မရ၊ အသီးကလည်း လှီ၊ အပွင့်ကလည်း မဲ့နဲ့ ခွကျကုန်မှာကို စိုးရိမ်မိတာပါပဲ။ ။