သတင်း

မူဆယ်ရှိ သျှမ်းရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်တွေ ဖျက်ဆီးလိုက်တာကြောင့် အရေးယူပေးဖို့ အရပ်ဖက်အဖွဲ့ ၄၀ က လက်မှတ်ရေးထိုးတောင်းဆို

မူဆယ်ရှိ သျှမ်းရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်တွေ ဖျက်ဆီးလိုက်တာကြောင့် အရေးယူပေးဖို့ အရပ်ဖက်အဖွဲ့ ၄၀ က လက်မှတ်ရေးထိုးတောင်းဆို

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၇၊ ၂၀၂၃။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ဒေသရှိ သျှမ်းလူမျိုးတို့ရဲ့ သျှမ်းရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်တွေ ဖျက်ဆီးလိုက်တာကြောင့် အရေးယူပေးဖို့ အရပ်ဖက်အဖွဲ့ ၄၀က သြဂုတ်လ ၁၆ရက်မှာ လက်မှတ်ရေးထိုးတောင်းဆိုထားတယ်လို့ သိရပါတယ်။

သျှမ်းဧကရာဇ်စဝ်ဆေခန်ဖလက်ထက်က ရှေးဟောင်းမြို့ရိုးကို TNLA တပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၇ရက်၊ ညနေပိုင်းမှာ ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးခဲ့တာကြောင့် အရေးယူပေးဖို့ အရပ်ဖက်အဖွဲ့အစည်းပေါင်း (၄၀)က လက်မှတ်ရေးထိုးတေုင်းဆိုတာဖြစ်တယ်လို့ သျှမ်းပြည်သံဃာနှင့် ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှာကော်မတီမှ သြဂုတ်လ ၁၆ရက်က ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။

“ဒီတောင်းဆိုစာကို ပူးပေါင်းပါဝင်လိုတဲ့ အဖွဲ့အစည်းတွေရှိရင်လည်း ဆက်သွယ်လာလို့ရပါတယ်။ ပူးပေါင်းပါဝင်တောင်းဆိုဖို့ လက်ခံပါတယ်။ တောင်းဆိုစာမှာပါတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လာလို့ရသလို ဖေ့စ်ဘွတ်ကနေလည်းဆက်သွယ်လို့ရပါတယ်။ ဒီစာထုတ်ပြီးနောက်ပိုင်းမှာ ထပ်ဆက်သွယ်လာတာ ၃ဖွဲ့ရှိပါပြီ”လို့ တောင်းဆိုစာထုတ်ပြန်ရာမှာ ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက FJMM ကိုပြောပါတယ်။

ရှေးဟောင်းမြို့ရိုးကို ဖျက်ဆီးတာဟာ သျှမ်းတိုင်းရင်းသားအားလုံးရဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေ၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေ၊ သက်ဝင်ယုံကြည်မှုတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂဌာနတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာကြေငြာစာတမ်း အပိုဒ် ၃၀ကို ဖောက်ဖျက်ရာကျရောက်တယ်လို့ အဲဒီတောင်းဆိုစာမှာ ဖော်ပြထားပါတယ်။

အဲဒီလိုပဲ ရှေးဟောင်းမြို့ရိုးဖျက်ဆီးခံရမှုကို စိတ်မကောင်းကြီးစွာဖြစ်ရကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSAက ဩဂုတ်လ ၁၂ရက်မှာထုတ်ပြန် ကြေညာချက်ထုတ်ပြန်ပြီး တာဝန်ရှိတဲ့အဖွဲ့အစည်းက ရှင်းလင်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူတွေထံ FJMMက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသလို တောင်းဆိုစာနဲ့ပါတ်သက်ပြီးတော့ တစ်စုံတစ်ရာမှတ်ချက်ပြုတာ၊ တုံ့ပြန်တာမရှိသေးဘူးလို့လည်း သိရပါတယ်။

ဓါတ်ပုံ – The Kachin Sub-State Media

Related Articles

Back to top button