သတင်း

ရှမ်းပြည်နယ်မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားအတု ပြုလုပ်ဖို့ ဆက်သွယ်မိသူတွေ ဖမ်းဆီးစစ်ဆေးခံနေရ

ရှမ်းပြည်နယ်မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားအတု ပြုလုပ်ပေးသူတွေကို မဖမ်းဆီးဘဲ ပြုလုပ်ဖို့ ဆက်သွယ်မိသူတွေသာ ဖမ်းဆီးစစ်ဆေးခံနေရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၁၅ ရက်၊ ၂၀၂၃

ရှမ်းပြည်နယ်မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားအတုတွေ ပြုလုပ်ပေးသူတွေကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက မဖမ်းဆီးဘဲ ပြုလုပ်ဖို့ ဆက်သွယ်မိသူတွေသာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ FJMMသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ရှမ်းပြည်နယ်မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားအတုပြုလုပ်ပေးတယ်လို့ အွန်လိုင်းမှာကြေညာတဲ့စာ အများအပြားရှိနေပြီး အဲဒီကြေညာသူတွေကို ဖမ်းဆီးတာမရှိဘဲ ကြေညာစာကို ယုံကြည်လို့သွားရောက်ဆက်သွယ်မိသူတွေသာ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

“ပေစ့်တွေမှာ တင်ထားတာတွေ့တော့ သွားဆက်သွယ်တာ၊ ငွေကြိုလွှဲရတယ်။ မှတ်ပုံတင်ကမရသေးဘူး၊ လူကိုအရင်လာဖမ်းသွားပြီ။ တကယ်လုပ်တဲ့သူတွေကိုမဖမ်းဘဲ မသိလို့ဆက်သွယ်မိတဲ့သူတွေကိုပဲ ဖမ်းနေကြတာ။ အများဆုံးကြတော့ မူဆယ်၊ တာချီလိတ်၊ တောင်ကြီးကလူတွေပေါ့”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးမှူးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွေက မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြုလုပ်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး မလုပ်ပေးတာ၊ ငွေကြေးသိန်းချီတောင်းခံတာ၊ အချိန်ကြန့်ကြာတဲ့အထိမလုပ်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်ပနိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်လိုသူတွေအနေနဲ့ အွန်လိုင်းကကြေညာထားတဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားပြုလုပ်ပေးသူတွေကို သွားရောက်ဆက်သွယ်လုပ်ကိုင်သူတွေရှိနေပြီး ဖမ်းဆီးခံရသးအများအပြားရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ယာဉ်မောင်းလိုင်စင်၊ ကား၊ ဆိုင်ကယ်လိုင်စင်တွေနဲ့ ငွေတုတွေ ပြုလုပ်ပေးတယ်လို့ အွန်လိုင်းကနေ ကြေညာကာ အတုပြုလုပ်ပေးသူတွေရှိပေမယ့် စစ်ကောင်စီနဲ့ စကစလက်အောက်ခံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေက အရေးတယူဖမ်းဆီးအရေးယူတာမရှိဘူးလို့လည်း သိရပါတယ်။

Photo – Social Media 

Related Articles

Back to top button