ဖားကန့်၊ ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်း သိမ်းပိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၁၁ ရက်၊ ၂၀၂၃။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်-တာမခန်သွားလမ်းပေါ်က၊ ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်း ကို ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့က ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(KPDF) ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဖားကန့်ဘက်က လာတဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်းကိုတော့ KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၂၆) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက် စစ်ကောင်စီက ဖားကန့်ဒေသ ဘက်ကို လေကြောင်းနဲ့ မြေပြင်အားပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။
ဒီကနေ့ ဩဂုတ် ၁၁ ရက်နေ့ မနက်အစောပိုင်း ၅ နာရီခန့်ကလည်း KIA တပ်ရင်း ၂၆ နယ်မြေထဲကို စစ်ကောင်စီတပ် ခမရ(၁၁၆)နဲ့ ရှမ်းနီအမျိုးသားတပ်(SNA) ပူးပေါင်းတပ်တို့ကို အင်အား ၈၀ ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာလို့ နန့်ကသာနဲ့ ပန်ရှီး ကျေးရွာအနီးကြားမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ FJMM ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ်ဖွဲ့တို့ဘက်က ထိခိုက်မှုသေဆုံးမှု ရှိခဲ့တယ်လို့ သိရပေမယ့် FJMM က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အလားတူ ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတလျှောက်မှာလည်း ကချင်ပြည် လွတ်မြောက် ရေး တပ်ဖွဲ့(KIA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြားမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကနေ နှစ်ဖက်တိုက်ပွဲပြန်လည် ပြင်းထန်လာပြီး အခုတော့ တကျော့ပြန် စစ်မြေပြင် ဖြစ်နေပြီလို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒေသတွင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
ဓါတ်ပုံ – CJ (သိမ်းပိုက်ခံရတဲ့ ကသိုဏ်းတောင် စစ်ကောင်စီ တပ်စခန်း မြင်ကွင်း)