လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ရပ်ကွက်မှာ စစ်ကောင်စီ ကားယဉ်တန်းကားမ ကြားဖြတ်ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၀ ရက်၊ ၂၀၂၃။
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဖက်ရှိ နမ့်ကွတ်ရပ်ကွက်၊ ဘီလူးချောင်းရေစီးအကွေ့နားမှာ ယမန်နေ့ (၉)ရက်နေ့ မနက် (၇) နာရီခန့်က စစ်ကောင်စီ ယဉ်တန်းကား( ၄ )စီးဖြတ်လာနေစဥ် KNDF /KAတပ်တို့မှ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ကားတစ်စီး ဘီးလူချောင်းထဲသို့ ထိုးကျခဲ့ပြီး ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ ကရင်နီဘက်ကလာတဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။
အဲဒီကြားဖြတ် တိုက်ခိုက် ခံရမှုအတွင်း စစ်ကောင်စီဖက်က တပ်ကြီးတစ်ဦးအပါဝင် ( ၉ ) ဦးသေဆုံးပြီး၊ (၁၂) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက FJMM ကို ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နမ့်ကွတ် ဒေသခံတစ်ဦးပြောတာက ” မနေ့က မနက်( ၇ )နာရီ လောက်ပေါ့ စစ်ကောင်စီကား (၄)စီးလောက်နဲ့လာတယ်၊ အင်အားတော့ ( ၁၀၀ )လောက်တော့ရှိတယ်၊ အဲမှာ KNDF/ KAတို့ကစောင့်ပစ်တာ ကားတစ်စီးက ဘီးလူးချောင်းထဲကျသွားတယ်၊တိုက်ပွဲဖြစ်တာ မိနစ်(၃၀)လောက်တော့ကြာတယ်၊ ကျနော်တို့ကြားသလောက်တော့ စစ်ကောင်စီဖက်က တပ်ကြီးတစ်ဦးအပါဝင် ( ၉ )ယောက်သေပြီး၊ (၁၂)လောက်ဒဏ်ရာရတယ်လို့သိရတယ်”
ဒီကနေ့မနက်ပိုင်း လွိုင်ကော်မြို့အရှေ့ဖက် ဒေါတခြားကျေးရွာအနီးမှာလည်း KNDF/KA နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရှားတောမြို့နယ်ဖက်သို့ လက်နက်ရိက္ခာဖြည့်တင်းဖို့ ရှိနေသည့်အတွက် လွိုင်ကော် – ရှားတော လမ်းတစ်လျောက်တို့မှာ တိုက်ပွဲများပြင်းထန်လာနိုင်လို့ လွိုင်ကော်ကနေလာတဲ့ သတင်းအမြစ်ကနေ သိရသလို ခရီးသွားပြည်သူများအနေဖြင့် အသွားအလာ သတိထားကြဖို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးနေပါတယ်။
ဓါတ်ပုံ – KNDF