သတင်း

ရှမ်း-ကယား(ကရင်နီ)နယ်စပ်က တိုက်ပွဲကာလ ၅လကျော်အတွင်း ချေးယူသုံးစွဲခဲ့ရတဲ့ ကျည်ဆံတွေကို ပြန်ဆပ်ဖို့ JPRF လိုအပ်နေ

ရှမ်း-ကယား(ကရင်နီ)နယ်စပ်က တိုက်ပွဲကာလ ၅လကျော်အတွင်း ချေးယူသုံးစွဲခဲ့ရတဲ့ ကျည်ဆံတွေကို ပြန်ဆပ်ဖို့ JPRF လိုအပ်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၄ ရက်၊ ၂၀၂၃။ 

ရှမ်းပြည်နယ်နဲ့ ကယား(ကရင်နီ)နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလ ၅လကျော်အတွင်း ချေးယူသုံးစွဲခဲ့ရတဲ့ ကျည်ဆံတွေကို ပြန်ဆပ်ဖို့ လိုအပ်နေတယ်လို့ ရှမ်းတောင်အခြေစိုက် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF)ထံကနေ သိရပါတယ်။ 

JPRFအနေနဲ့ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် တောင်မဲသင်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အခုနှစ်၊ မတ်လကစတင်ပြီး ဒီကနေ့အထိ ရှမ်း​တောင်နဲ့ ကရင်နီရှေ့တန်း စစ်မျက်နှာပြင်တွေမှာ တာဝန်ထမ်း​ဆောင်နေတယ်လို့ ဒီကနေ့ သြဂုတ်လက ၄ ရက်မှာ ပြည်သူတွေထံ အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲကာလ ၅လကျော်အတွင်း လိုအပ်နေတဲ့ ကျည်တွေကို အရေးပေါ်အခြေအနေအရ မိမိတို့ရဲ့ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေထံကနေ ချေးယူသုံးစွဲခဲ့ရပြန်လည်ပေးဆပ်ဖို့ ကျည်ဖိုးလိုအပ်တဲ့အတွက် မိဘပြည်သူများအနေနဲ့ တက်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ JPRF က တောင်းဆိုထားတာဖြစ်ပါတယ်။

“ရှေ့တန်းကာလ ၅လကျော်အတွင်း တိုက်ပွဲတွေမှာ လိုအပ်နေတဲ့ ကျည်တွေကို အရေးပေါ်အခြေအနေအရ မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေထံ ချေးယူသုံးစွဲခဲ့ရပါတယ်ဗျ။ အခုအခါ ချေးယူသုံးစွဲခဲ့တဲ့ ကျည်တွေကို ပြန်လည်ပေးဆပ်ဖို့ ကျည်ဖိုးလိုအပ်နေတဲ့အတွက် မိဘပြည်သူများအနေနဲ့ တက်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြပါအုံးဗျ”လို့ JPRF တာဝန်ရှိသူ တဦးက ပြောပါတယ်။

အဲဒီလို ချေးယူသုံးစွဲခဲ့ရတဲ့ ကျည်တောင့် ၅၀၀ကို ပြန်လည်ပေးဆပ်နိုင်ဖို့ JPRFအနေနဲ့ ဇူလိုင်လ ၃၁ရက်ကနေ သြဂုတ်လ ၄ရက်အထိ ကျည်တစ်ထောင့် ၆၀၀၀ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးကြဖို့ ကမ်ပိန်းတစ်ခုပြုလုပ်နေပြီး ၁၆ဒသမ၄၆ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ သိရပါတယ်။

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကို ၂၀၂၂ခုနှစ်၊ မတ်လ ၇ရက်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီအချိန်ကနေ ရှမ်းတောင်နဲ့ ကယားနယ်စပ်အပြင် ရှမ်းနဲ့ မန္တလေးတိုင်းဒေသကြီးနယ်စပ်၊ သာစည်မြို့နယ်မှာလည်း တော်လှန်ရေးလှုပ်ရှားမှုတွေပြုလုပ်နေသလို စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းတာတွေပါ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button