(No. 60, July 28, 2023)
၁။ ဆဒုံး – ကန်ပိုင်တီလမ်းတွင် စစ်ကောင်စီပူးပေါင်းတပ်ကို ကေအိုင်အေ တိုက်ခိုက်
July 27, 2023
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့အား ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တီလမ်းရှိ ဂေါ့နန်ကျေးရွာနှင့် လဂျွန်ကျေးရွာကြားတွင် ကေအိုင်အေအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီနှင့် ဒေသအခေါ် လီဆူ ပြည်သူ့စစ်ပူးပေါင်းတပ်ကို ကချင်လွတ်မြောက်ရေးတပ် တပ်ရင်း (၃) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော် လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။“ဖားကန့်က မိုင်းတွေသယ်ခွင့်ပေးတဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမိုး၊ 2IC တို့ကို စင်ကြိုင်(ရွာ)မှာ စစ်ကောင်စီတွေ ဖမ်းထားတာကို ရွှေမင်းပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေနဲ့ စစ်ကောင်စီတွေ ခေါ်လာတာ အင်အား ၅၀ ကျော်ကို ကြားဖြတ်ပစ်တာ ၁၅ မိနစ်လောက်ပဲဟုတ်တယ်”ဟု ပြောသည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း အသက် ၅၀ ကျော်အရွယ် ဆဒုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွှေမင်းရဲ့လူတွေလည်းပါတယ်။ အခုပြောနေတဲ့ ဗျူဟာမှူးလား စစ်ကြောင်းမှူးလား သူ့ကိုလာကြိုတယ်လို့လည်း ပြောကြတယ်။ ဆင်းလာတာကို စောင့်ပစ်တယ်လို့ပြောကြတယ်၊၊ ထိခိုက်ဒဏ်ရာရတာတွေကမသိရသေးဘူး” ဟုပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဖောက်ခွဲရေးတွင် အသုံးပြုသည့် ယမ်းများ ပြည်တွင်းသို့ တင်သွင်းခွင့်ပေးသည်ဟုဆိုကာ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော ကန်ပိုင်တီမြို့မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ စစ်ကောင်စီနှင့် ဒေသအခေါ် လီဆူပြည်သူ့စစ် ပူးပေါင်းတပ်နှင့် KIA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် တပ်ရင်း (၃) ၏ လဂတ်ကောင်ရှိ ရှေ့တန်းတပ် စခန်းတစ်ခုကို သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။ https://www.facebook.co m/photo/?fbid=600184955642510&set= a.535867405407599
၂။ မင်းတပ်တွင် စစ်ကောင်စီတပ်ဖမ်းသွားသည့် ခရစ်ယာန်ဓမ္မဆရာအပါအဝင်သုံးဦး သတ်ဖြတ်ခံရပြီဟု ဒေသခံများ ယူဆ
July 27, 2023
ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများ ဖမ်းသွားသည့် ခရစ်ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက် လူကြီးများ သတ်ဖြတ်ခံလိုက်ရပြီဟုယူဆကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ် ပြန်သည်။ ဇူလိုင် ၁၆ ရက်တွင် မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်း စစ်ဘေးရှောင်စခန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များလွန်းသည်ဟု အကြောင်းပြလျက် အရက်သေစာများ သုံးစွဲမူးယစ်နေသည့် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်း၏ စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင် ပြည်သူများကို ကူညီဆောင်ရွက်ပေးသည့် မင်းတပ်(ချင်း) အမျိုးသား ခရစ်ယာန်ဓမ္မဆရာ တစ်ဦးနှင့် သင်းထောက်လူကြီးများ သုံးဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ ခရစ်ယာန်ဘုရားကျောင်းရှိ စစ်ရှောင်စခန်းသည် စစ်ကောင်စီ၏ ခွင့်ပြု ချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံ ရသူများအရေး မိသားစုဝင်များ၊ ဘာသာရေးခေါင်းဆောင်များက မေးမြန်းစုံစမ်းရာတွင် ၎င်းတို့ကို ထိန်းသိမ်းထားကာ စစ်ဆေး မေးမြန်းလျက်ရှိသည်ဟု စစ်ကောင်စီတပ်က ကနဦးအကြောင်းပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးမှုမရှိဟု ငြင်းဆိုခဲ့သည် ဟု ဖော်ပြထားသည်။
ဇူလိုင် ၂၆ ရက် တွင် ဒုတိယအကြိမ် ထပ်မံမေးမြန်းရာ၌ ဖမ်းဆီးခံရသူများကို မသိကြောင်းသာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဖမ်းခံရသူများသည် မေးမြန်းနှိပ်စက်ရာတွင် အသက်သေဆုံးသွားကြသည်ဟု ယူဆကြောင်း မင်းတပ် (ပအဖ)က ထုတ်ပြန်သည်။ စစ်ကောင်စီ၏ အဆိုပါ လူမဆန်စွာအပြစ်မဲ့ ဘာသာရေးဓမ္မဆရာနှင့် သင်းထောက်လူကြီးများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်းကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။ အဆိုပါ ဓမ္မဆရာအပါအဝင် သုံးဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့တွင် ၎င်း၏ လူမှု ကွန်ရက်၌ ရေးသားထားရာ ဖမ်းဆီးခံရသူ သုံးဦးကို စစ်ကောင်စီက ခလရ(၂၇၄) အဝင်ဂိတ်၌ ရိုက်နှက်ထိုးကြိတ်ပြီး တပ်ထဲသို့ ခေါ်ဆောင်သွားသည်ကို နောက်ဆုံးကြားသိခဲ့ရသည်ဟု အသိပေးသည်။ တော်လှန်ရေးမပြီးမချင်း စစ်ကောင်စီတပ်များ၏ ယုတ်မာမှုများ ဆက်ရှိနေအုံးမည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူများ ဂရုစိုက်သွားလာနေထိုင်ကြရန်လည်း ဒေသခံ သတင်းရင်းမြစ်က တိုက်တွန်းထားသည်။ https://www.facebook.com /photo/?fbid=621771226688340&set=a.559396182925845
၃။ တနိုင်းမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း လမ်းတစ်လျှောက်ကျေးရွာက ဒေသခံများအားလူသားဒိုင်း အဖြစ် စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်
July 27, 2023
တနိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကနေ လမ်းတစ်လျှောက်ရွာတွေက ဒေသခံတွေကို လူသား ဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်တာတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ မနေ့က မနက် ၅ နာရီလောက်မှာ တနိုင်းလမ်းတစ်လျှောက်ကနေ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုက ပိန္နက်ကျေးရွာကို ရောက်ရှိလာပြီးနောက် ရွာအတွင်းက ဒေသခံအမျိုးသား၇ ဦးကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အထက်ပါ စစ်ကြောင်းဟာ ပိန္နက်ကျေးရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ရှင်လုံကျေးရွာအရောက်မှာ ပိန္နက်ရွာခံ ၆ ဦးကို ပြန်လွှတ်ပေး ပြီး ကျန်တစ်ဦးနဲ့အတူ ရှင်လုံရွာခံ အချို့ကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ပြီး လဂျားဘွမ်ဘက် စစ်ကြောင်း ထွက်ခွာသွား ကြတယ်လို့ အရပ်သားပြည်သူတစ်ဦးက အခုလို ပြောပါတယ်။ “ပိန္နက်ရွာက ယောက်ျားသား ၇ ယောက်ကို ခေါ်သွားတယ်။ ရှင်လုံကရွာကနေ ပြန်ချိန်းတယ်။၇ ယောက်ကနေ ၆ယောက်တော့ ပြန်လွှတ်ပြီ။ ရှင်လုံကတော့ဘယ်လောက် ခေါ်သွားတယ်ဆို တာ အတိအကျ မသိဘူး”လို့ သူက ပြောပါတယ်။
အလားတူ ရှင်လုံ ဒေသခံတွေအားလုံးကို ပြန်လွှတ်ပေးပြီးတဲ့နောက် လဂျားဘွမ်ရွာရောက်တဲ့အချိန် ဒေသခံအမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားပြီး တရုံကျေးရွာအရောက် ပြန်လွှတ်ပေးလိုက်တယ် လို့လည်း ကြားသိရပါတယ်။ “၁၁ နာရီမှာ အဲဒီစစ်ကြောင်း ရှင်လုံနဲ့ လဂျားဘွမ်ကြားမှာ မိုင်းတစ်ခေါက်ဆွဲခံရတယ်။ ဘာမှတော့ မဖြစ်ကြဘူးတဲ့။”လို့ အထက်ပါ အရပ်သားပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ လက်ရှိ အဲဒီ စစ်ကောင်စီ ခြေလျင် စစ်ကြောင်းဟာ လဂျားဘွမ်ကနေ ၄ မိုင်လောက်ဝေးတဲ့ တရုံကျေးရွာမှာ ရောက်ရှိနေပြီး စစ်ကြောင်းပြန်လှည့်လာတဲ့အချိန် အိမ်တံခါးပိတ်ထားတာတွေ တွေ့ရှိရင် မီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတာတွေရှိနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြ တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း စစ်ကောင်စီ တပ်သားတွေကနေ တနိုင်းလီဒိုလမ်းပေါ်က နောင်းမီ၊ ဒွမ်ဘန်၊ မန်ပန်ကျေးရွာတစ်လျှောက် အရပ်သားတွေကို စစ်ကြောင်းနဲ့ အတူ ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါ တယ်။ https://www.facebook.com/ photo/?fbid=294219116618422&set=a.266001999440134
၃။ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ဆိုင်ခေါင်ရွာခံရဲ့အလောင်းကို စစ်ကောင်စီက TNLA စစ်ဝတ်စုံ ဝတ်ပေးပြီး အလောင်းဖျောက်ထားဆဲ
July 27, 2023
ရှမ်းမြောက် မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာမှာ စစ်ကောင်စီတပ်က တစ်ဖက်သတ် ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကြောင့် ထိမှန်သေဆုံးသွားတဲ့ ရွာခံရဲ့အလောင်းကို စစ်ကောင်စီတပ်က လုယူသွားပြီး တအာင်းတပ်မတော် (TNLA)ရဲ့ စစ်ဝတ်စုံ ဝတ်ပေးကာ အလောင်းဖျောက်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် နေ့လည်ပိုင်းက ဆိုင်ခေါင်ရွာအနီး TNLA တပ်ဖွဲ့ရဲ့ စစ်ကြောင်း ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းနဲ့ပါ ထိုးစစ်ဆင် ပစ်ခတ်တိုက် ခိုက်မူကြောင့် ဆိုင်ခေါင်ရွာခံ အသက် (၄၀)နှစ်အရွယ် ဦးအိုက်လော ဟာ နေအိမ်ထဲမှာတင် လက်နက်ကြီးထိမှန် သေဆုံးခဲ့သွားခဲ့ တာပဲဖြစ်ပါတယ်။ အဲဒီနေ့ညနေ ၄ နာရီခန့်မှာဘဲ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းက ဆိုင်ခေါင်ရွာထဲဝင်ရောက်ခဲ့ပြီး သေဆုံးသွား တဲ့ ဦးအိုက်လော ရဲ့အလောင်းကို ဗိုလ်မှူး ဦးထူးသန့်ဇင် ဦးဆောင်တဲ့ ကွတ်ခိုင်မြို့မ (၂၄၁)တပ်က မိသားစုဝင်တွေဆီကနေ လုယူသွားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ဦးအိုက်လောရဲ့အလောင်းကို စစ်ကောင်စီတပ်က TNLA စစ်ဝတ်စုံ ဝတ်ပေးထားတဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နှံ့လာခဲ့ပြီး ဦးအိုက်လော ဟာ သာမန်အရပ်သားတစ်ဦးသာဖြစ်ကြောင်း ဦးအိုက်လောရဲ့ မိသားစု ဝင်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။“ဒီမနက်ဘဲ လိုင်းပေါ် တွေ့တယ်။ သူက ရွာမှာဘဲ နေတဲ့လူ ဘာစစ်သားမှ မဟုတ်ဘူး။ သူ့အလောင်းကို ပြန်လိုချင်သေးတယ်။ ဘယ်ရောက်နေလဲ မသိသေးဘူး” လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေတဲ့ ပုံထဲမှာ နေအိမ်ထဲ သေဆုံးသွားတဲ့ ဦးအိုက်လောနဲ့ TNLA စစ်ဝတ်စုံဝတ်ဆင်ပေးထားတဲ့ ရုပ်အလောင်းရဲ့ညာဘက် ပါးပေါ်က မှဲ့နဲ့ မျက်နှာ ပေါ် လက်နက်ကြီး ထိမှန်ထားတဲ့ နေရာတွေ တူညီနေတာကြောင့် ဦးအိုက်လောဆိုတာကို အတည်ပြနိုင်ကြောင်း သူကဆက် ပြောပါတယ်။ အလောင်းကို မိသားစုဝင်တွေက ပြန်လည်ရရှိဖို့ လုယူသွားတဲ့ ကွတ်ခိုင်မြို့မ (၂၄၁)တပ်ကို အကြိမ်ကြိမ် မေးမြန်း ခဲ့ပေမယ့်လည်း အလောင်းကို ၎င်းတို့ မယူသွားကြောင်း ငြင်းဆိုထားပြီး အလောင်းကို ဖျောက်ထားဆဲ ဖြစ်ပါတယ်။ ဇူလိုင် ၂၅ ရက် မနက် ၄ နာရီခန့်မှာလည်း (၁၀၅)မိုင် အမြှောက်တပ်နဲ့ နမ့်ဖတ်ကာ အမြှောက်တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ နမ့်အွမ်ရွာရှိ ဈေးဆိုင်ခန်းအချို့နဲ့ ဆိုင်ခေါင်ရွာထဲက နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။ https://www.facebook.com/phot o?fbid=607935694847032& set=pcb.607934838180451
၄။ လောင်းလုံးတိုက်ပွဲမှာ PDF ရဲဘော် ၃ ဦးကျဆုံး
July 27, 2023
လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာနဲ့ စခန်းကြီးရွာအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ လောင်းလုံး PDF အဖွဲ့ကနေ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၂ ရက်နေ့ကစလို့ လောင်း လုံးမြို့နယ်၊ ခမောင်းတောင်ရွာဘက်ကိုဝင်ရောက်လာပြီး အနီးအနားရွာတွေကို စစ်ကြောင်းထိုးတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ လောင်းလုံး PDF က ပြည်သူ့ ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံးခဲ့တာပါ။ “လက်နက်ကြီးထိတာမျိုးမဟုတ်ပါဘူး။ သုံးယောက်စလုံး သေနတ်ဒဏ်ရာနဲ့ကျတာ ပါ။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုလည်း ကျနော်တို့ထုတ်ပြန်ဖို့ရှိပါတယ်” လို့ လောင်းလုံး PDF ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းကပြောပါတယ်။
ကျဆုံးခဲ့သူတွေကတော့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ကိုဘဲ့၊ ရဲဘော် F-0ne နဲ့ ရဲဘော် ဝတုတ် တို့ဖြစ်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အာဇာနည် သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အမိန့်ပြန် တမ်းကြေညာပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ဆိုပါတယ်။ ကျဆုံးရဲဘော်သုံးဦးစလုံးဟာ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း ပရိတ်သတ်တွေဖြစ်ပြီး သူတို့ကျသွားရင်မန်ယူအင်္ကျီထည့်ပေးဖို့မှာထားတဲ့အတွက် သူတို့ဆန္ဒအတိုင်း မန်ယူအင်္ကျီတွေနဲ့အတူ နောက်ဆုံးခရီးကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/photo?fbid=310062138078209&set=a.1 96212682796489
၅။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး နဲ့ ကလေးတစ်ဦး အပါအဝင် မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာရ
July 27, 2023
ကရင်နီပြည် လွိုင်လင်လေးမြို့နယ်မှာ အခြေစိုက်တဲ့ ခမရ(၅၃၀ )တပ်ကနေ ဝမ်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့ မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သွားတဲ့သူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် ပဒါးညေး ကျေးရွာက အရပ်သားပြည်သူ ၃ ဦးထိခိုက်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကုန်းသာ ကျေးရွာက ကလေးငယ် တစ်ဦးနဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လွိုင်လင်လေးမြို့နယ်မှာ ခလရ (၅၃၀) တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု မကြာ ခဏရှိနေပြီး ဇူလိုင်လ ၂ ရက် နေ့မှာလည်း လင်ဖုံကြီးကျေးရွာ၊ နမ်းဟူးကျေးရွာထဲကို လက်နက်ကြီးကျရောက်ပြီး နေအိမ်တချို့ ပျက်စီးသွားခဲ့ရပါတယ်။ လွိုင်ကော်-မိုးဗြဲလမ်းမကြီး၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်ကို ဖြတ်သန်းသွားလာဖို့ မပြုဖို့ KNDF မှဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပြီးနောက် လွိုင်ကော်မြို့ဘက်ကို အင်အား ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ https://www.kantara waddytimes.org/%e1%80%85%e1%80%85%e1%80%ba%e1% 80%80%e1%80%b1%
၆။ ခြံသွားရင်း မိုင်းနင်းမိတဲ့ မောက်မယ်မြို့နယ် နမ့်ပါတက်ရွာက အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ သေဆုံး
July 26, 2023
ရှမ်းတောင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု နမ့်ပါတက်ရွာခံ အမျိုးသားတစ်ဦးဟာ ခြံသွားနေရင်း မိုင်းတစ် လုံး နင်းမိခဲ့တာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ အသက် (၃၂)နှစ်အရွယ်ရှိ ခွန်မောင်သန်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းမှာ ကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ၎င်းရဲ့ခြံသို့ သွားနေချိန် လမ်းပေါ်မှာ မိုင်းနင်းမိပြီး အလောင်းကို တော့ ဇူလိုင် ၂၄ ရက်မှာမှ ရွာခံတွေသွားရောက်ကောက်ယူနိုင်ခဲ့တယ်လို့ PNLO ရဲ့ စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံ က ပြောပါတယ်။ “အဲနေ့က မိုင်းပေါက်ကွဲသံတွေ ကြားရတယ်။ ကြားရတော့ ငါတို့ရွာသား မိုင်းနင်းမိပြီလားဆိုပြီး ရွာသားတွေက သွားကြည့်ဖို့ လုပ်တဲ့အခါမှာ အဲဒီမိုင်းပေါက်ကွဲသံ ကြားတဲ့နေရာမှာ RCSS တပ်သားတွေ သွားလာနေတာကို သူတို့တွေ့လိုက် တယ်ပေါ့နော်။ တွေ့တော့ သူတို့သွားမကြည့်ရဲတော့ဘူး။ အဲည မောင်သန်းက ရောက်မလာတော့ ၂၄ ရက် မနက်စောစောမှာ ပေါက်ကွဲသံကြားရတဲ့နေရာ သွားကြည့်တော့ သေဆုံးနေပြီးသား ခွန်မောင်သန်းရဲ့ အလောင်းကို သွားတွေ့တာ” ခြေထောက်နဲ့ ပေါင်မှာ ပြင်းထန်ဒဏ်ရာ ရခဲ့တာအပြင် မျက်လုံးတစ်ဖက်မှာ ထိခိုက်ခဲ့ပြီး အဲဒီဒဏ်ရာတွေနဲ့ သေဆုံးသွားတာ ဖြစ်တယ်လို့ ခွန်ရုဲင်းယံ က ဆိုပါတယ်။
ကဒူးကြီးဘက်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့ကသာ အဓိက သွားလာနေတာ ကြောင့် အဲဒီမိုင်းဟာလည်း RCSS တပ်ဖွဲ့က ထောင်ထားတဲ့မိုင်း ဖြစ်တယ်လို့ ပြောဆိုနေကြပြီး သီးခြားအတည်မပြုနိုင်ပါဘူး။ ဆက်လက်ပြီး ခွန်ရုဲင်းယံက “ရွာခံတွေ လုပ်ကိုင်စားသောက်တဲ့ တောင်ယာတွေမှာ မိုင်းထောင်တာက ပြည်သူတွေပဲ ထိခိုက် တယ်။ လက်နက်ကိုင်တွေအနေနဲ့ ဒေသခံတွေ သွားလာနေတဲ့ တောင်ယာတွေမှာ မိုင်း မထောင်ဖို့ပေါ့နော်။ ဒေသခံတွေလည်း အဲဒါတွေပဲ တောင်းဆိုလာတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာလည်း ကဒူးကြီးကျေးရွာ အုပ်စုထဲက အမျိုးသမီး ၂ ဦး အပါအဝင် ၈ လသားအရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိပြီး PNLO တပ်ဖွဲ့က အချိန်မှီ ဆေးကုသပေးနိုင်တာကြောင့် လက်ရှိမှာ သက်သာသွားပြီလို့ ဆိုပါတယ်။ https://www.facebook.com/photo?fbid=607556158218319&set=a.404503 215190282
၇။ စစ်တပ်က အလူးကျေးရွာကို လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်၊ နေအိမ် ၂ လုံး ထိမှန်ပျက်စီး
July 28, 2023
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် အလူးကျေးရွာမှာ ဇူလိုင် ၂၇ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် လူနေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သလို လက်နက် ကြီး ကျည်တွေ မပေါက်ကွဲတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ကျိုက်ထိုမြို့ဘက် ကနေ စစ်ကား ၁၅ စီးပါ စစ်ယာဉ်တန်းကို လမ်းလုံခြုံရေးယူပေးဖို့ ကြိုတင်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလူး ကျေးရွာအရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အလူးလေးအလယ်ရွာနဲ့ အနောက်ရွာလေး အတွင်း ကို ကျရောက်ခဲ့ပါတယ်။ ဒေသခံရွာသားတဦးက “တိုက်ပွဲမဖြစ်ဘဲ ရွာနားရောက်တာနဲ့ ပစ်ခတ်တာ။ လမ်းလုံခြုံရေးအတွက် ရှေ့ပြေးထွက်လာတဲ့အဖွဲ့လို့ သိရတယ်။ စစ်ယာဉ်တန်း ၁၅ စီးလောက်ရှိတယ်။ ဘားအံဘက်တက်သွားတာ။ လက်နက်ကြီး လက်နက်ငယ်ပစ်တော့ ရွာက လူအကုန်ထွက်ပြေးရတယ်။ အိမ်တွေတော့ ထိခိုက်ပျက်စီးတာရှိတယ်။ ညနေ ၆ နာရီလောက် ပြန်လာပြီး ထပ်ပစ်သွားသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှစ်ဖက်တိုက်ပွဲမရှိဘဲ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ တောတောင်နဲ့ ဥယျာဉ်ခြံတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် မနက် ၉ နာရီလောက်က ၊ ကျိုက်ထိုမြို့ဘက်ကနေ ဘီလင်းမြို့ဘက်ကို စစ် ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ စစ်ကား ၃ စီး ရန်ကုန်-မော်လမြိုင်ကားလမ်း အလူးကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်က ၅ ယောက်သေဆုံး ခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် အလူး၊ အလယ်၊ အနောက်ရွာ လေး၊ အရှေ့ရွာလေးစတဲ့ အနီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ https://bur mese.dvb.no/post/606532
၈။ တီးမားကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ လူငယ် ၂ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ
July 26, 2023
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမားကျေးရွာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ လူငယ် ၂ ဦးအား နမ့်အွန် ကျေးရွာမှ အပြန်လမ်းတွင် စစ်ကောင်စီတပ်က ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် အကြောင်းမဲ့ ဖမ်းဆီးသွား ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းလူငယ် နှစ်ဦးသည် အသင်းတော်၏ SURF ကား မောင်းနင်ပြီး မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာမှ တီးမားကျေးရွာသို့ အပြန်လမ်းတွင် ကျေးရွာမှအထွက် သစ်တောအနီး၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရ ပြီးနောက် အဆက်အသွယ် မရရှိသေး၍ မိသားစုနှင့် အသင်းတော်လူကြီးများက စိုးရိမ်နေကြသည်ဟု ဒေသခံက ပြောသည်။
နမ့်အွန်ကျေးရွာမှ အသင်းတော်၏ ကုန်ပစ္စည်းများ ယူနေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေယာဉ်များဖြင့် ပစ်ခတ်လာ၍ ပြန်လာသည့်လမ်းတွင် စစ်ကောင်စီတပ်နှင့် ဆုံမိကာ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးမှာ ကိုတူးဂျာ အသက် ၂၅ နှစ်၊ ကိုဘရန်အောင် အသက် ၂၇ နှစ်တို့ ဖြစ်ကြောင်း သိရသည်။ နမ့်အွန်ကျေးရွာ အထက် ဆီဆိုင်အနီးတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ နမ့်အွန်ကျေးရွာမှ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ https://www.facebook.com/photo/?fbid= 672610041569556&set=a.605896064907621
၉။ ဒေါက်တာခလမ်ဆမ်ဆွန် အမှုတွေအတွက် ဩဂုတ်လမှာ ဆုံးဖြတ်ချက်ချဖွယ်ရှိ
July 27, 2023
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင် စီက မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ အတွက် ထောင်ဒဏ် ၂ နှစ်၊ တပ်မတော်ကို အကြည်ညိုပျက်အောင် သွေးထိုးလှုံဆော်မှု ၅၀၅(က) အတွက် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ကျခံဖို့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ချမှတ်ခဲ့တာပါ။ ဒီအတွက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ခရိုင်တရား ရုံးမှာ အယူခံဝင်ခဲ့ပေမဲ့ ပလပ်ခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်နယ်တရားလွှတ်တော်ကို အယူခံ လျှောက်လဲချက် တင်ခဲ့တာဖြစ်ပါတယ်။ အမှုအခြေအနေ အသေးစိတ်ကို သူ့ရှေ့နေဖြစ်သူကခုလို ပြောပြပါတယ်။“တက်ထားတယ်။ ရက်ပိုင်းက ပြင်ဆင်မှု တက်ထားတယ်။ ပြင်ဆင်မှု တက်တယ်ဆိုပေမဲ့ လျှောက်လဲ ချက်တော့ မပေးရသေးဘူး။ လျှောက်လဲချက်ပြီးမှ အမိန့် ချမယ်။ လျှောက်လဲချက်က နောက်လလောက် ဖြစ်မယ်။ ဘုတ်စလစ် မထွက်သေးဘူး။ ကျမတို့ကတော့ အများကြီးမျှော်လင့် တာ ပေါ့ကွယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောတတ်သေးဘူးရှင့်။” ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလက လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် တို့ပါဝင်တဲ့ အစည်းအဝေးတခု ကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်း အက်ဥပဒ ၁၇/၁ နဲ့တရားစွဲခဲ့တာပါ။
၅၀၅(က) အတွက်ကတော့ လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့ အချိန် နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါ တယ်။ နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ တူးခေါင် နဲ့ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန် တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက် ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။ ၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိလို့ဆို ပြီး ဖမ်းဆီးခေါဆောင်သွားခဲ့တာပါ။ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ မွေးရာပါအဆုတ်ရောင်ရောဂါ ခံစားနေရသူဖြစ်တာကြောင့် အခုလို ထောင်ကျနေချိန်မှာ ကျန်းမာရေးပိုမိုထိခိုက်လာမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် နှလုံးနဲ့သွေးတိုး ရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ကိုဗစ် ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားခဲ့ရပြီး မကြာခဏဆိုသလို ရင်ကြပ်တတ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။ လက်ရှိ သူ့ကျန်းမာရေးအခြေအနေကိုသိရဖို့ မိသားစုအနေနဲ့ တွေ့ခွင့် ရချင်ပေမဲ့ ဖမ်းသွားချိန်ကစလို့ ခုချိန်ထိတွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ် KBC ဘက်ကတော့ ဆရာတော်ကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌဆီ စာတင်တောင်းဆိုထားပေမဲ့ တစုံတရာ အကြောင်းပြန်တာမရှိပါဘူးလို့ KBC က ပြောပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ လူသားချင်းစာနာ ထောက်ထားရေးလုပ် ငန်းနဲ့ ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ https://burmese. Voanews.com/a/court-decision-likely-to-happen-in-august-for-dr-hkalam-samson-cases/7200336.html
၁၀။ ရေဖြူမြို့ ခေါင်ပြန်ရွာက ဒေသခံ ရွာသား ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ပြုလုပ်ထား
July 27, 2023
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စုရှိ ခေါင်ပြန်နှင့် ဒိုက်တဂေါ်ကျေးရွာ အရပ်သား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြော သည်။ အင်အား ၁၅၀ နီးပါး ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့် အချိန်တွင် မြေတင် ကား ၅ စီးဖြင့် စစ်ကောင်ထိုး ကျေးရွာသို့ ဝင်ရောက်လာပြီး ဖမ်းဆီးပြီးကာ ကျေးရွာအတွင်းလည်း တပ်ဖြန့်၍ နေရာချထားသည် ဟုဒေသခံများ ကပြောသည်။ အမည်မဖော်လို့သည့် ကံပေါက်ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်က အခုစစ်ကြောင်းထိုးနေတာ ကတော့ ခရမ်းချောင်း တရုတ်ကျောက် ဆိုဒ်ဘက်ကို ထိုးနေတာပါ။ ရွာထဲက ဒေသခံတွေကိုတွေ့ရာ လူကို ဖမ်းဆီး ခေါ်ဆောင် သွားတာပါ။ ဘာမှ မဆိုင်တဲ့ ဒေသခံရွာသားတွေက လူသားဒိုင်း အနေနဲ့ အသုံးချခံ နေရတယ်”ဟု ပြောသည်။ အဆိုပါ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့တွင် ကံပေါက်အခြေစိုက် မောရဝတီရေတပ်ဌာနချုပ်နှင့် ခလရ (၂၇၃) နှင့် အခြားတပ်ရင်းများမှ တပ်သားများ ပါဝင်နိုင်ခြေများကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
PDF ရဲဘော် တစ်ဦးက “အခု စစ်တပ်က စစ်ကြောင်းထိုး တောနင်းရှာနေတော့ နှစ်ဖက် တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ ထွက်ပြေး နေရပြီး ဖြစ်တယ်”ဟု ပြောသည်။ စစ်ကောင်စီ တပ်များသည် ခေါင်ပြန်ရွာမှ တစ်ဆင့် ခွေးမဖောရွာ၏ အရှေ့တောင်တန်း တစ်လျှောက် (အရပ်ခေါ်) မိုးလုံးတောင် အနီးတွင် PDF များရှိသည်ဟုဆိုကာ တောနင်း စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ ထို့အပြင် စစ်ကောင်စီ တပ်က ကံပေါက်ဒေသရှိ ဇာဒီကျေးရွာ၊ ခေါင်ပြန်ကျေးရွာနှင့် ဒိုက်တဂေါ်ကျေးရွာ အစရှိသည့် ရွာများကို PDF အဖွဲ့စည်းကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဆန်သယ်ယူခွင့်ကို ကန့်သန့် ထားသည့် ကျေးရွာများလည်း ဖြစ်သည်။ https://www.faceboo k.com/photo/?fbid=714046380734791&set=a.682731967199566
၁၁။ လားရှိုး-သီပေါ လမ်းပေါ်မှာ စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ၊ အရပ်သား ၂ ဦး ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရ
July 27, 2023
ရှမ်းမြောက် လားရှိုးမြို့နယ်ကနေ သီပေါမြို့ဘက်သွားတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေဟာ လားရှိုးမြို့နယ် ခေနင်းနဲ့ နောင်မွန်ကျေးရွာကြားက လမ်းမပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အသက် (၁၀)နှစ်ကျော်သာ ရှိသေးတဲ့ ကလေးငယ် (မောင်နှ မ) ၂ ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိမှန်သူနှစ်ဦးကတော့ ခေးနင်းကျေးရွာအုပ်စု ကုန်းမုံရွာက အသက် (၁၅)နှစ်အရွယ် မောင်ချာတေးတိန်နဲ့ (၁၇)နှစ်အရွယ် မချာတေရီတို့ပဲ ဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ လားရှိုးမြို့နေ အမျိုးသားတစ်ဦးက “ထိသွားတဲ့ နှစ်ယောက်က မောင်နှမတွေပဲ။ လမ်းမပေါ်မှာပဲ ဖြစ်သွားတာ ဆိုတော့ သူတို့နှစ်ယောက်က မိုင်းပေါက်ကွဲတဲ့အချိန် အဲစစ်ကားတွေနောက် ရောက်နေတာ။ အဲကြောင့် သူတို့နှစ်ယောက်ကို လည်းရောပါထိသွားတာ”လို့ပါတယ်။ မောင်ချာတေးတိန်ကတော့ ဒဏ်ရာအခြေအနေ သိပ်မစိုးရိမ်ရတာကြောင့် လားရှိုး ပြည်သူ့ ဆေးရုံမှာပဲ ကုသမှု ခံယူနေပြီး မချာတေရီကတော့ ဒဏ်ရာအခြေအနေ ဆိုးတာကြောင့် မန္တလေးဆေးရုံကို လွှဲပြောင်းကုသနေရ တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရှိ ရဘူးလို့ ဆိုပါတယ်။ တအာင်းတပ်မတော် (TNLA)ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနကတော့ မနေ့မနက်ပိုင်းက တပ်သားအပြည့် တင်ဆောင်ပြီး သီပေါဘက်သွားတဲ့ စစ်ကား ၈ စီးနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ၎င်းတို့တပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားကာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာ ပါတယ်။ ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာလည်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာ နတ်စင်ကုန်းက TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး (၁၅)လုံးထက်မနည်း လာရောက်ကြဲချခဲ့ပြီး ထိခိုက်သေဆုံးမှု အသေ းစိတ်ကိုတော့ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=6079937 44841227&set= a.404503215190282
၁၂။ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကလလတ ခံစစ်ကုန်း ဗုံးကြဲခံရ
July 27, 2023
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး သံလွင်မြစ် အရှေ့ခြမ်းက ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF) ရဲ့ ခံစစ်ကုန်းစခန်းကို စစ်ကောင်စီက မနေ့ နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း၊ ကျောက်ပန်းညိုကျေးရွာ အနီးက ခုမ်းဟပ် ချောင်း KNPLF ခံစစ်စခန်းကုန်းကို မနေ့က နေ့လယ် ၁၂ နာရီ ၀န်းကျင်ခန့် ဂျက်ဖိုက်တာ လေယာဥ် ၂ စီးနဲ့ လာရောက် တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။“တိုက်ပွဲဖြစ်နေလို့ လာကြဲတယ်ပဲ ပြောရမှာပဲ။ ၂၂ ရက်နေ့က ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း)ရွာက ကျွန်တော်တို့ဘက်က ပေးလိုက်ရတယ်လေ။ အဲ့ဒါ သူတို့ဘက်ကလည်း ရှေ့ဆက်တိုးဖို့ ကာကင်းကိုပဲ ၁၀၀ လောက်ထုတ်ပြီး သွေးတိုးစမ်းနေလို့ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။ ဗုံးကြဲခံရတာက ထိခိုက်မှုတော့ မရှိပါဘူး” လို့ သူကရှင်းပြပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကာကင်းစခန်းရှိတဲ့ အဆိုပါကျေးရွာ ၂ ရွာကို စစ်ကောင်စီက အင်အား ၄၀၀ ၀န်းကျင်ခန့်နဲ့ထိုးစစ်ဆင်လာတာကြောင့် ဇူလိုင်လ ၂၂ ရက်က လက်လွှတ်ပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ် တွေက ကျောက်ပန်းညိုကျေးရွာမှာ တပ်စွဲထားသလို နေအိမ် ၂၀ ခန့်ရှိတဲ့ ၀မ်အောင်း (ရှမ်း)ကျေးရွာကိုတော့ ရွာလုံးကျွတ် မီးရှို့ ပြီး တပ်စွဲထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့တိုက်ပွဲတွေပြန်ငြိမ်နေပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ဆက် တိုက် ပစ်ခတ်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ဒရုန်းနဲ့ ဗုံးချတာတွေ ပြုလုပ်နေတယ်လို့ ဖားဆောင်း PDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ https://www.facebook.com /photo/?fbid=311717484548036&set=a.2859004 90463069
၁၃။ ကလေးမြို့နယ်၊ လက်ပံချောင်းရွာထဲကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၅ ဦးထိမှန် ဒဏ်ရာရ
July 27, 2023
ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို စစ်ကောင်စီက ယမန့်နေ့ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အမြောက်အမြားပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီ၏ ကလေးမြို့အခြေစိုက် အမြှောက်တပ်က (ဇူလိုင် ၂၆ ရက်) ည ၁၀ နာရီခန့်က လက်နက်ကြီးများဖြင့် ကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးက ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ “သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက ရွာထဲက အိမ်ခြံဝန်းထဲကို တိုက်ရိုက်ကျပြီး အဲ့အိမ်က လူတွေထိကုန်တာ”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လူနေကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် နေအိမ်အချို့လည်းပျက်စီးခဲ့ရသည်ဟု ဒေသခံများကပြော သည်။ https://www.facebook.com/photo/?fbid=663063342506087&set=pcb.66 3063532506068
၁၄။ စစ်ရေးတင်းမာနေသဖြင့် ဟုမ္မလင်းဒေသခံများ တိမ်းရှောင်ရန် ရှမ်းနီတပ် အမိန့်ထုတ်
July 27, 2023
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတဲ့ အတွက် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ဖို့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က အမိန့်ထုတ်ထားပါတယ်။ လွှစင်ကုန်းကျေးရွာက စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၂၂ ရက်မှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး နောက် လွှစင်ကုန်းကျေးရွာနဲ့ မြောက်ရွာကဒေသခံတွေနေရပ်စွန့်ခွာ တိမ်းရှောင်ဖို့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ (SNA)က အမိန့် ထုတ်ထားတာလို့ သိရပါတယ်။ ဒေသခံအမျိုးသားတဦးက “ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စစ်တပ်စခန်းချထားတဲ့ လွှစင်ကုန်း စခန်းကို PDF က ဝင်ပစ်တယ်။ အဲ့ဒါဖြစ်ပြီးတဲ့နောက် ဇူလိုင် ၂၅ ရက်နေ့လောက်မှာပဲ လွှစင်ကုန်းနဲ့ မြောက်ရွာက ပြည်သူတွေကို တိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် နေအိမ်တွေကနေ ပစ္စည်းတွေ အကုန်သယ်ပြီး စွန့်ခွာဖို့ ရှမ်းနီတပ် SNA က အမိန့်ထုတ်တယ်။ အိမ်တွေကိုလည်း တအိမ်တက်ဆင်း လိုက်ပြောတာရှိတယ်။ တချို့တွေလည်း ပြောင်းကုန်ကြပြီ” လို့ ပြောပါတယ်။
ရှမ်းနီတပ် (SNA) က ရွှေ့ပြောင်းခိုင်းတဲ့အတွက် လွှစင်ကုန်းကျေးရွာနဲ့ မြောက်ကျေးရွာက ဒေသခံတွေဟာ ဟုမ္မလင်းမြို့ ပေါ်နဲ့ ဘေးလွတ်ရာ တခြားကျေးရွာတွေက နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေရှိရာနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေ ထိုင်ကြရတာပါ။ မြောက်ကျေးရွာမှာ အိမ်ခြေ ၁၀၀ နီးပါးနဲ့ လွှစင်ကုန်းကျေးရွာမှာ အိမ်ခြေ ၈၀ နီးပါးရှိတဲ့ ကျေးရွာနှစ်ရွာ ဖြစ်ပါ တယ်။ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီတပ် (SNA) ကို ဒေသခံ ပြည်သူတွေက စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အတွက် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တာတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီ ၁ ရက်ကလည်း ဟုမ္မလင်းမြို့ ရွှေပြည်အေး မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ https://burmese.dvb.n o/post/606411
၁၅။ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ဆရာ၊ ဆရာမ ၆ ဦးအား လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ LLPDF ထုတ်ပြန်
July 27, 2023
လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာမှာရှိတဲ့ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ၆ ဦးနဲ့ ကလေးငယ်တစ်ဦးကို လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က သတင်းထုတ်ပြန်လာပါတယ်။ LLPDF အနေနဲ့ မြို့နယ်အတွင်းက Non-CDM ဝန်းထမ်းတွေ ကို ပြီးခဲ့တဲ့ ဇွန်လက နောက်ဆုံးအနေနဲ့ CDM ဝင်ဖို့ သတိပေးတောင်းဆိုခဲ့ပေမဲ့ ထားဝယ်စိုက်ပျိုးရေး သိပ္ပံကျောင်းက ဆက်ဖွင့် ထားတာကြောင့် အခုလ ၂၀ ရက်နေ့က ကျောင်းအုပ်ကြီးနဲ့ လာရောက်ဆွေးနွေးစဥ် ပညာရေးဝန်ထမ်းတွေဘက်က LLPDF ထံပူး ပေါင်းလိုတယ်လို့ပြောဆိုခဲ့တာကြောင့် ခေါ်ခဲ့တာလို့ ဆိုပါတယ်။ ပူးပေါင်းလာတဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင်ခိုင် နဲ့ ခင်ပွန်း လက်ထောက်ကထိက ဦးနိုင်ဝင်း၊ သားဖြစ်သူ မောင်အောင်ဟိန်းခန့်၊ ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ ဒေါ်သန္တာအေး(လထ-ကထိက)၊ ဦးနေဆန်း(ကွင်းဆင်းလက်ထောက်)နဲ့ နော်ဖြူဖြူသန့် (ကွင်းဆင်းလက် ထောက်) တို့ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာနဲ့ မြို့နယ်အတွင်း မှာလည်း တိုက်ပွဲရက်ဆက်ဖြစ်နေတာကြောင့် CDM ဝင်လာတဲ့ ဆရာ၊ ဆရာမတွေကို ပို့ဆောင်ဖို့အချိန်အနည်းငယ် နှောင့်နှေးခဲ့ ရသလို လုံခြုံရေးအတွက် အခုမှထုတ်ပြန်ရတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ LLPDF အဖွဲ့ ကျောင်းဝင်းထဲရောက် ချိန် ထွက်ပြေးတဲ့ ကျောင်းသူ/သားတွေကိုလည်း တုတ်နဲ့နှစ်ချက်စီရိုက်ပြီး အပြစ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။ ဒီဖြစ်စဥ်အတွင်း ကျောင်းသူတစ်ဦး လက်စွပ် တစ်ကွင်းပျောက်ဆုံးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေမှာပါလာတဲ့ ပိုက်ဆံ တွေစုဆောင်းပြီး အဲဒီကျောင်းသူကိုပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား တွေကို ရိုက်နှက်နှိပ်စက်ကာ CDM ဝင်ဖို့အတင်းဖိအားပေးဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အခုလ ၂၂ ရက်နေ့မှာလည်း လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးသိန်းဦး ကို နေအိမ်အနီးမှာရှိတဲ့ ဆီအုန်း ခြံထဲမှာ PDF တွေက လက်နက်ငယ်တွေနဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo?fb id=31024107472 6982&set=a.196212682796489
၁၆။ ဖားကန့်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိသေနတ်သမားများ သတ်ဖြတ်
July 27, 2023
ဖားကန့်မြို့နယ် စပျစ်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို ဇွန်လ ၂၆ ရက်နေ့ ည ၇ နာရီခန့် အမည်မသိအမျိုးသားလေးဦးက လာရောက်ခေါ်ဆောင်သွားပြီး ပစ်သတ်သွားကြောင်း သိရသည်။ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသော လက်နက်များကိုင် ဆောင်ထားသည့် အမျိုးသားလေးဦးက ကျေးရွာရန်ပုံငွေဖြင့် ဝယ်ယူထားသော ပါဂျဲရိုးကားနှင့်အတူ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ခေါ်ဆောင်သွားရာမှ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မျောက်ဖြူကျေးရွာမှ အသက် ၅၂ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။“သူ့အိမ်မှာလာခေါ်တာ လေးယောက်ဟုတ်တယ်။ နှစ်ယောက်ကတော့ ဆိုင်ကယ်နှစ်စီးနဲ့ပြန်ထွက်သွားတယ်။ ကျန်တဲ့နှစ်ယောက်က ရွာကားနဲ့သူ့ကိုပါခေါ်သွားတာ။ သေနတ်အတိုတွေလည်းပါခဲ့တယ်” ဟုပြောသည်။
သတ်ဖြတ်ခံခဲ့ရသူမှာ အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဦးအောင်လင်း ဆိုသူဖြစ်ပြီး ဝှေခါကျေးရွာသွားသည့်လမ်းတွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် ရိုက်နှက်ထိုးကြိတ်ထားသော ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။“အလောင်းတစ်လောင်းလမ်းမှာတွေ့တယ်။ ဆိုင်ကယ်အလုခံရလို့သေတယ်ဆိုပြီး ဝှေခါသုဿန်မှာ မြုပ်လိုက်တာတဲ့။ နောက်မှသိလိုက်ရတာက ကိုအောင်လင်း ဖြစ်နေတယ် သူ့သမီးတွေလာပြောတာနဲ့ အလောင်းကိုတော့ ဖော်ပေးခဲ့တယ်”ဟုပြောသည်။ လူသတ်မှုကျူးလွန်ခဲ့သည့် အဆိုပါအမျိုးသားလေးဦးမှာ မည်သည့်အဖွဲ့ အစည်းက ဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံများထံက သိရသည်။ https://www. facebook.com/photo?fbid=599 433222384350&set=a.535867405407599
၁၇။ ရခိုင်က မြို့နယ်တချို့တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှ လမ်းသွားလမ်းလာများကိုစစ်ဆေးမှု တင်းကြပ်လာ
July 27, 2023
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီက လမ်းသွားလမ်းလာများကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာနေသည်ဟု ဒေသခံများက ပြောသည်။ စစ်ရေးအကြောင်းပြချက်ဖြင့် ၁ နှစ်ကျော်ကြာ ပိတ်ထားခဲ့ သည့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို စစ်ကောင်စီက မိုခါအလွန်တွင် ပြန်လည်သွားလာခွင့်ပြုခဲ့ပြီး စစ်ဆေးမှုများကို ဖြေလျော့ပေးခဲ့သော်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ဇူလိုင်လ ဒုတိယ အပတ်မှ စတင်ကာ အဆိုပါ လမ်းတစ်လျှောက်မှ စစ်ဆေးရေးဂိတ်များတွင် ယခင်ကကဲ့သို့ စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာပြီး ခရီးသည်တင်ကားများကို မှတ်ပုံတင်စစ်ဆေးမှုရှိသလို ဆိုင်ကယ်ဖြင့် လမ်းသွားလမ်းလာများကိုလည်း ရန်ဖန်ရံခါ ကျူးဘောက်စ် ကိုဖွင့်ကာ စစ်ဆေးမှုရှိ သည်ဟု ဒေသခံများက ပြောသည်။ “ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ် စနေနေ့ ဇူလိုင် ၁၅ ရက်နေ့ထင်တယ် အဲ့နေ့က ပိုးရွှီပြင်မြောင်ကို သူငယ်ချင်းတွေစုပြီး သွားကြတာ။ အဲ့လမ်းမှာ ဂိတ် ၄ ခုရှိတယ်။ ဒါပေမယ့် ပေါက်တောပြင်ဂိတ်မှာ စစ်ဆေးခံရပါတယ်။ စစ်သားတွေက ဆိုင်ကယ်ဘောက်စ်ကို ဖွင့်ခိုင်းပါတယ်။ ခရီးသည်ကားတစ်စီးကိုလည်း မှတ်ပုံ တင်စစ်နေ တာ တွေ့ရတယ်။ ကျန်ဂိတ် ၃ ခုကတော့ မစစ်ပါဘူး” ဟု ပြောသည်။
စစ်တွေမြို့တွင်လည်း ဇွန်လ ပထမပတ်ကတည်းက စစ်သားနှင့် ရဲအပါအဝင် ပူပေါင်းတပ်ဖွဲ့ဝင်များက လမ်းသွားလမ်း လာများကို နေ့လည်ပိုင်းအပြင် ညဖက်များတွင်လည်း စစ်ဆေးမှုရှိနေသည်ဟု မြို့ခံများက ဆိုကြသည်။ ယင်းအပြင် စစ်တွေမြို့ မီးစက်ကြီးခွဆုံ၊ ရွှေတြိဂံခွဆုံ၊ ဆီတန်းအလွန် လမ်းခွဆုံနှင့် နာရီစင်အနီးအနားတို့တွင် စစ်ဆေးမှုများကို မကြာ ခဏဆိုသလို လုပ်လာသည်ကိုတွေ့ရကြောင်း မြို့တွင်း လက်နက်ကိုင်ဆောင်ကာ သွားလာနေကြသည်ကို တွေ့ရသလို ရံဖန်ရံခါ ဆိုင်ကယ် ဘောက်စ်များကို စစ်ဆေးမှုများရှိနေသည်။ အသက် ၃၀ အရွယ်ရှိ စစ်တွေမြို့ခံ ကိုကျော်ဝင်းနိုင်က “မြို့ထဲမှာ လက်နက်တွေ ကိုင်ပြီး သွားလာတာတွေ မကြာခဏဆိုသလို တွေ့လာရပါတယ်။ ဇွန်လနဲ့ ဒီဇူလိုင်လ ထဲမှာ ပိုပြီးစစ်ဆေးလာတာတွေ့ရပါ တယ်။ ဟိုနေ့ ၂၄ ရက်နေ့က ထင်တယ် အဲ့နေ့ကလည်း မြို့ပြင်ဖက်မှာ လက်နက်တွေကိုင်ပြီး တွေ့ရတယ်။ ပြီးတော့ နာရီစင်နား မှာ ဆိုရင် ရဲသားနဲ့စစ်သား ၂ ခုပေါင်းပြီး ဆိုင်ကယ်ဘောက်စ်တွေ ဖွင့်ခိုင်းပြီး စစ်ဆေးနေတာတွေရှိပါတယ်” ဟု ပြောသည်။ ဇူလိုင်လ ၁ ရက်နေ့က ရခိုင်ပြည်လွတ်မြောက်မတော် ALP တပ်ဖွဲ့ဝင် ၃ ဦးကို အမည်မသိ လက်နက်ကိုင်ဆောက်ထားသူများက ပစ်ခတ်မှုဖြစ်ပွားပြီး နောက်တွင် စစ်တွေမြို့၌ လုံခြုံရေး ပိုမိုတင်းကြပ်လာခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/ph oto?fbid=713527407453355&set=a.682731 967199566
၁၈။ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို KIA နှင့် KPDF တို့ ပူးပေါင်းတိုက်ခိုက်မှု ၃ ဦးသေဆုံး
July 27, 2023
မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မိုင်းမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ၁၂ ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန် သည်။ ဇူလိုင်လ ၁၂ ရက် နံနက် ၄ နာရီ ၂၃ မိနစ်တွင် မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင်ရဲစခန်းကို KIA နှင့် KPDF ပူးပေါင်း အဖွဲ့က သွားရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။ အဆိုပါ ဇူလိုင်လ ၁၂ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသော မိုးကုတ်မြို့နယ်၊ ဗန်မွန် ကျေးရွာမှ မဏိသာရဘုန်းကြီးကျောင်းကို ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မိုးမိတ် ခရိုင်တပ်ရင်း KPDF က ထုတ်ပြန်ထားသည်။
ထို့အတူ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကင်းတောရဘုန်းကြီးကျောင်း ၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်တိုက်ခဲ့ရာ၌ တဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆက်လက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း၌ မိုးကုတ်မြို့ အနောက်ပိုင်းရှိဂွေးပင်တပ်ကို ပူးပေါင်း တပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီဘက်မှတဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း မိုးမိတ်ခရိုင် KPDF ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။ ၁၂ ရက်တာကာလအတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မိုးမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မိုးမိတ်ခရိုင် KPDF အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ http://www.mizzimaburmes e.com/article/131374
၁၉။ ဖရူဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေ
July 27, 2023
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ ပြတ် လပ်ကာ အရေးပေါ်အကူအညီလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။ ၎င်းတို့အနေဖြင့် ကာလအတန် ကြာ စစ်ဘေးရှောင်နေရပြီး ကူညီထောက်ပံ့မှုရပ်တန့်သွားသဖြင့် လတ်တလောတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရ ကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။ “ဖရူဆိုအနောက်ဘက်ခြမ်း မော်သီးဒိုကျေးရွာက စစ်ရှောင်ပြည်သူ တွေ တစ်ထောင်လောက်ရှိမယ်။ ကူညီထောက်ပံ့မှုမရတာကြာပြီး။ အိမ်ထောင်စုတစ်ချို့တော့ စားနပ်ရိက္ခာပြတ်နေပြီး။ ကလေး ငယ်တွေ လည်း အာဟာရချို့တဲ့ကုန်ပြီး”ဟု ၎င်းက ပြောသည်။ အလားတူ ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများကို စစ်ကောင်စီ တပ်မှ လေယာဉ်ဖြင့် ပစ်မှတ်ထား ပစ်ခတ်လေ့ရှိသလို ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့လည်း ဗုံးကြဲခံရသဖြင့် ညအချိန် စစ်ရှောင် စခန်းတွင် မအိပ်ရဲကြသောကြောင့် နီးစပ်ရာတောတွင်းနေရာများတွင် ပုန်းခိုအိပ်စက်နေရကြောင်း မော်သီဒိုစစ်ရှောင် ပြည်သူများက ပြောသည်။
ကရင်နီပြည်နယ်တွင် နေ့စဉ်နှင့်အမျှ ဒုက္ခရောက်သူ စစ်ဘေးရှောင်ဦးရေ တိုးများလာပြီး အလှူရှင်များအနေဖြင့် တိုက် ပွဲများကြောင့် ဘေးဒုက္ခရောက်သည့် ပြည်သူများကို ဦးစားပေးကူညီစေလိုကြကြောင်း ကရင်နီလူအခွင့်အရေးအဖွဲ့ (KnHRG)၏ ဒါရိုက်တာ ကိုဗညား ကပြောသည်။ ၎င်းက“ကျနော်တို့ပြည်နယ်မှာနေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်ဦးရေတွေ ဘေးဒုက္ခရောက်သူ တွေပိုတိုးလာတယ်။ ဘေးဒုက္ခတွေပိုများလာပြီး အလှူငွေဘတ်ဂျက်ကလည်းလျော့လာတယ်။ အဲ့ဒီအပေါ် သေချာတွက်ချက် ပေးဖို့ မြေပြင်မှာ တိုက်ပွဲတွေဖြစ်ပြီးဘေးဒုက္ခရောက်တဲ့ပြည်သူတွေ စားနပ်ရိက္ခာ မျှဝေပေးစေချင်တယ်”ဟု ပြောသည်။ နှစ်ဖက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် အဓိကစားနပ်ရိက္ခာနှင့် ဆေးဝါးများလို အပ်နေပြီး ဒေသတွင်းရှိ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တတ်နိုင်သမျှ ထောက်ပံ့ကူညီမှု ပေးနေကြောင်း ကရင်နီလူ့အခွင့် အရေးအဖွဲ့ (KnHRG) တာဝန်ရှိသူများက ဆိုသည်။ https://kicn ews.org/2023/07/%e1%80%96%e1%80%9b%e1%80%b0%e1%80%86%e1%80%a
၂၀။ ကျောက်ကြီးနဲ့ နတ်သံကွင်းကြား ကားလမ်းမပေါ် သွားလာခွင့် KNDO ပိတ်ပင်
July 27, 2023
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ နတ်သံကွင်းမြို့နယ်ကြား ကားလမ်းမပေါ် ဖြတ်သန်း သွားလာမှု မပြုလုပ်ဖို့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့-KNDO မှ ညွှန်ကြားချက် တစ်စောင် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ပြည်သူ လူထုရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ အနေနဲ့ အကြမ်းဖက်စစ်တပ်မှ ပြည်သူကို လူသားဒိုင်းကာ သဘော အသုံးချ၊ အကာအကွယ်ယူပြီး စစ်ဆင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေလို့ အဆိုပါလမ်းပိုင်းကို လုံခြုံရေး အရ သွားလာခွင့် ကန့်သတ် ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူများ အနေနဲ့ ည ၆ နာရီမှ မနက် ၆ နာရီအထိ ဖြတ်သန်း သွားလာမှု မပြုရန်၊ အရေးပေါ် သွားလာဖို့လို အပ်ပါက တာဝန်ရှိခေါင်းဆောင်များကို အသိပေးအကြောင်းကြားသွားလာကြဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါ ညွှန်ကြားစာပါ အချက်များပြန်လည် မရုတ်သိမ်းမချင်း လိုက်နာကြဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ပါက နောက်ဆက် တွဲ ပြဿနာများ တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း အသိပေး ထားပါတယ်။ အဆိုပါ ညွှန်ကြားစာကို KNDO အမှတ် (၃) တပ်ရင်းရဲ့ တပ်ရင်းမှူး စောလှရွှေဟဲ လက်မှတ်နဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ https://www.f acebook.com/photo?fbid=31166263 7886854&set=a.285900490463069
၂၁။ နေရပ်ပြန်စစ်ဘေးရှောင်များ ငွေကြေးအခက်အခဲကြောင့် မိုးစပါး မစိုက်ပျိုးနိုင်သေး
July 27, 2023
ရခိုင်ပြည်အတွင်း စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ချို့မှာ ငွေကြေးအခက်အခဲကြောင့် လက်ရှိအချိန်ထိ မိုးစပါး မစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။ နေရပ်စွန့်ခွာစဉ်က ကျေးရွာတွင်ကျန်ခဲ့သော ကျွဲ၊ နွားများမှာ လက်နက်ကြီးပေါက်ကွဲမှု၊ သတ်ဖြတ်စားသောက်ခံရမှု စသည့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားသဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် မျိုးစပါး၊ ကျွဲ၊ နွားနှင့် လယ်ထွန်စက် မရှိသည့်အတွက် အခက်အခဲဖြစ်နေကြသည်။“အရင်ကဆိုရင် ကိုယ့်လယ် ကိုယ် လုပ်ပြီး စားသောက်လို့ရတယ်။ အခု နွားလည်းမရှိတော့ ဒီအတိုင်းရှာကြံပြီး ဖြစ်သလို စားနေရတယ်” ဟု မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဒေါ်လှဖြူ က ပြောသည်။ တောတောင်များသို့သွားရောက်ပြီး သစ်ဝါးခုတ်ကာ ဝမ်းစာရှာဖွေရန် မိုင်းအန္တရာယ် ကို စိုးရိမ်နေရသည့်အထဲ မိရိုးဖလာ လယ်ယာလုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်သဖြင့် စားဝတ်နေရေးအခက်ကြုံနေကြောင်း နေရပ်ပြန်ရှောင်များက ပြောသည်။
ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ ဦးဖိုးအောင်က “လယ်မြေကရှိပေမယ့် ထွန်ဖို့အတွက် နွားမရှိဘူး။ စက်နဲ့ထွန်ဖို့ကလည်း ငွေကြေးအဆင်မပြေတော့ မိုးစပါးလည်း မစိုက်နိုင်ဘူး။ ငွေမရှိတော့ ဘာမှမလုပ်နိုင်ဘူး” ဟု ပြောသည်။ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့သူများမှာ ရှာဖွေစုဆောင်း ထားသော ပစ္စည်းဥစ္စာများကို ဆုံးရှုံးသွားခဲ့ရဖြင့် နေရပ်ပြန်ချိန်တွင် လုပ်ကိုင်စားသောက်ရေး အဆင်မပြေဖြစ်နေကြပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ဦးဝင်းမောင်က “ကျနော်တို့မှာ အရင် ကတည်းက လယ်ယာအလုပ်ကို မှီခိုခဲ့တယ်။ အခု လယ်လည်းမလုပ်နိုင်တော့ ဝမ်းရေးဖူလုံမှု တော်တော်စိုးရိမ်နေရတယ်” ဟု ပြောသည်။ ရခိုင်ပြည်တွင် တိုက်ပွဲရပ်တန့်ပြီးနောက် စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင် ၇ ထောင်ကျော်ရှိပြီး အများစုမှာ လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည်။ “အခု အလုပ်တစ်ခုရဖို့က ဘယ်လိုမှအဆင်မပြေဘူး။ တစ်ရက်လုပ်စာတစ်ရက်စားရဖို့ မနည်းရုန်းကန်နေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ် ကျေးရွာမှ ဦးဝင်းမောင်က ပြောသည်။ လက်ရှိ ရခိုင်ပြည်အတွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း အခက်ခဲအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ (၆) သောင်းကျော်အထိ ရှိနေသေးသည်။ https://www.facebook.com/pho to?fbid=6715508483518 48&set=a.643209801185953
၂၂။ ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ
July 27, 2023
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေထွက်ပေါ်လာ တာဖြစ်ပြီး စားသောက်ဆိုင်၊လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်း ဆိုင်ပိုင် ရှင် တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။“Viber ဖောက်ထားတဲ့ဆိုင်တွေကို Viber က ခြိမ်းခြောက်စာပို့တယ်၊ Viber မဖောက်ထားတဲ့ဆိုင်ကို ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းတယ်၊ ငွေတောင်းခံရတဲ့ဆိုင်က ဒီရက်ပိုင်းတင် ၁၀ဆိုင်အထက်ရှိလာပြီ” လို့ ပြောပါတယ်။ ခြိမ်းခြောက် ငွေတောင်း သူတွေဟာ ဆိုင်တစ်ဆိုင်ကို သိန်းရာချီတောင်းနေပြီး ငွေမလွှဲပေးပါက ပစ်ခတ်မှုအထိ ဖြစ်လာနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာ တွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့လကုန်ပိုင်း မြို့မလဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ဦးသိန်းလွင် ပြန် လည်လွှတ်မြောက်လာဖို့ ကူညီပေးမယ်ဆိုပြီး ပွဲစားလုပ်ပေးတဲ့ ပျူခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို ဒီလထဲမှာ ကာကွယ် ရေး တပ်ဘက်က ဖမ်းဆီးလိုက်ပါတယ်။ ဗိုလ်စောမောင် ဖမ်းခံလိုက်ပြီးနောက် တစ်ပတ်အကြာမှာဘဲ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းကနေ ခြိမ်းခြောက်ငွေတောင်းတဲ့အဖွဲ့ ထပ်ပေါ်လာတဲ့အတွက် ဒေသခံတွေ၊စျေးသည်တွေအတွက် လုံခြုံမှုမရှိတော့ဘူး လို့ ဒေသခံတွေကပြောပါတယ်။“သူတို့က တစ်ဖွဲ့တည်းလို့ မဆိုနိုင်ဘူးဗျ၊ ခုက အွန်လိုင်း ငွေညစ်မှုတွေပေါ့၊ အမြန်ဆုံး ဖမ်းနိုင် အောင် ကြိုးစားနေပါတယ်”လို့ ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ လက်ရှိဖားကန့်မှာ ပြန်ပေးဆွဲငွေခြိမ်း ခြောက်တောင်းခံနေသူတွေဟာ စီးပွားရေးအင်အားရှိတဲ့ Bar တွေ၊ ဟိုတယ်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်ကြီးတွေဆီမှာ ခြိမ်း ခြောက်တာမရှိဘဲ စျေးသည်များကိုသာ ပစ်မှတ်ထားတောင်းခံနေတာပါ။ https://burmese.kachinnews.com/2023/07/27/ zm3-2/
၂၃။ မိုးဗြဲမြို့ မွေတော်ဘုန်းကြီးကျောင်းမှာ တပ်စွဲဖို့ စစ်ကောင်စီ ပြင်ဆင်
July 27, 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ မြို့မရပ်ကွက်ရှိ မွေတော် ဘုန်းကြီးကျောင်းမှာ ဇူလိုင်လ တတိယ အပတ်ကစပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ တပ်စွဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ လက်ရှိ ဘုန်းကြီးကျောင်း အနီးမှာရှိတဲ့ မြို့မရပ်ကွက်ထဲမှာ စစ်ကောင်စီတပ် အင်အား အများအပြား ရောက်နေတယ်လို့ ဆိုပါတယ်။ “သူတို့ အရင်က ကင်းပုန်း သဘောမျိုးပေါ့။ အိမ်အထပ်မြင့်တွေမှာ ၅ ယောက်တစ်ဖွဲ့နဲ့ အင်အား ၅၀ လောက်ရှိမယ်။ အခုတော့ အဲ့ဒါအပြင် မြို့မ ရပ်ကွက်မှာရှိတဲ့ မွေတော် ဘုန်းကြီးမှာလည်း အင်အား ၅၀ နဲ့ ၆၀ လောက်ရှိမယ်။ တပ်စွဲဖို့ ပြင်ဆင်နေတယ်” လို့ သူက ပြောပါတယ်။ ဒါ့အပြင် မိုးဗြဲမြို့ထဲမှာ အင်အား ၁၀၀ ကျော် ရှိနေပြီး နေ့လယ်ဘက်တွေမှာ ကင်းလှည့်တာအပြင် မြင်တွေ့တဲ့ ပြည်သူကို ပစ်သတ်တာတွေလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ထဲမှာ အရင်က စစ်ကောင်စီတပ်တွေ နေရာယူခဲ့တဲ့ နေရာတွေမှာ ပြန်ပြီး နေရာယူတာတွေ ရှိနေပြီး သံသယ ရှိသူတွေကို နာမည်တပ်ပြီး လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အဖွားအို တစ်ဦး ပစ်သတ် ခံရပြီး အလောင်းကောက်ဖို့ ပြောဆိုရာမှာ PDF ပစ်သတ်တယ်လို့ ပြောရင် ကောက်ခွင့်ပေးမယ်လို့ စစ်တပ်က ပြောဆိုတယ်လို့ သိရပါတယ်။ မိုးဗြဲမြို့ မွေတော်ဘုန်းကြီးကျောင်းအတွင်း ၂၀၂၁ ခုနှစ်က စစ်ဘေးရှောင်တဲ့ ပြည်သူတွေရှိနေစဥ် လက်နက်ကြီး ကျရောက်ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။ https://www.facebook.com/photo/?fbid=311833754536409&set=a.2859004904 63069
၂၄။ ဖာပွန်တွင် ကုန်လမ်း၊ ရေလမ်းနှစ်ခုစလုံး ရိက္ခာသယ်ယူခွင့် စစ်ကောင်စီနှင့် BGF တို့ ပိတ်ထား
July 27, 2023
ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်က ယခုဇူလိုင်လလယ်ပိုင်းမှ စ၍ ဒေသခံပြည်သူများ ရိက္ခာသယ်ယူပြီး သွားလာနေသည့် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုစလုံးကို ပိတ်ထားလိုက်ကြောင်း ဖာပွန်မြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဒေသတွင် ယခင်ကကုန်းလမ်းကြောင်းကို ပိတ်၍ရေလမ်းကြောင်းမှတဆင့် ရိက္ခာ သယ်ယူခွင့်ပြုထားရာမှ လက်ရှိမှာ ကုန်းလမ်းကြောင်းအပြင် ရေလမ်းကြောင်းကိုပါ ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်ပြီး ဒေသခံ များ အနေဖြင့် အခြေခံစားသောက်ကုန်ပြတ်လပ်မှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်ကြောင်း ဖာပွန်မြို့ခံတစ်ဦးက ယခုလို ပြော သည်။“လှေဆိပ်ရော ကုန်းလမ်းရော မဖွင့်သေးဘူး ပိတ်ထားတယ်။ ဆန်တွေကတော့ ဒီမှာရှိတဲ့လယ်သမားတွေဆီကပဲ ခွဲစားရ တာပေါ့။ လှေလည်းပိတ်တယ်၊ ကားလမ်းလည်းပိတ်တယ်။ လှေမရှိကားမရှိဆိုတော့ ဘယ်ကမှ ဝင်တာ မရှိတော့ဘူးလေ။ ကား လမ်းရော ရေလမ်းရောက သူတို့ဖွင့်မှပဲ သွားလို့ရမှာလေ။ လှေကခါတိုင်းသွား လာလို့ ရသေးတယ်။ အခုကလုံးဝကိုသွားလာလို့ မရတော့တာ။ ဘယ်လောက်ထိ ထပ်ပိတ်မလဲမသိဘူးပေါ့။ ဆန်ကတော့ တော်တော်လေးခက်ခဲနေတယ်။ လောလောဆယ် ဆယ်တော့ ရှိတာလေးနဲ့ ကားနဲ့သယ်ထားတဲ့ ပစ္စည်းလေးတွေ ရှိသေးတော့ စားလို့ရနေသေးတာပေါ့”ဟု ပြောသည်။
ထို့အပြင် ဖာပွန်မြို့နယ်နှင့် နီးစပ်သည့်ကျေးရွာများတွင် စားနပ်ရိက္ခာသယ်ယူသည့်လမ်းကြောင်းနှစ်ခုလုံးကို ပိတ်ပင် ခံထားရရုံသာမက လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက် နေသည်ဟု ဒေသခံများ ထံမှ သိရသည်။ လက်ရှိတွင်လည်း ဖာပွန်မြို့တွင် ရိက္ခာလမ်းကြောင်းပိတ်ပင်ခံထားရသောကြောင့် ကုန်စျေးနှုန်းများ မြင့်တက် နေပြီး ရေရှည်တွင်စားဝတ်နေရေး ရပ်တည်ရန်ခက်ခဲလာနိုင်ကြောင်း နောက်ထပ်ဖာပွန်မြို့ဒေသခံ တစ်ဦးက ယခုလိုပြောသည်။“ကုန်းလမ်းလည်းမရ ရေလမ်းလည်းပိတ်တယ်ဆိုတော့ တော်တော်ခက်ခဲလာမှာပေါ့။ နောက်ဆိုရင် ထမင်းစားရဖို့ကို တော် တော်ရှာယူရမယ်။ အခုတောင်ကမမောင်းထက်စာရင် စျေးနှုန်းကတော်တော်မြင့်နေပြီးလေ။ မိုးလည်းသိပ်မရတော့ လယ်သမား တွေစပါးစိုက်ဖို့က ရေမရှိဘူး။ ၂၄ ပြည်အိတ်ကို တစ်သိန်းလေးသောင်းဖြစ်နေပြီး။ အရင်က ၈ သောင်းပဲရှိတယ်”ဟု ပြောသည်။ ၎င်းစားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားသည့် ဖာပွန်မြို့အနီးတွင် ကရင်အမျိုးသားအစည်းအရုံး- KNU မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေဖြစ်ပြီး BGF၊ စစ်ကောင်စီတပ်များနှင့် နယ်မြေခံကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်−KNLA ပူပေါင်းတပ်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။ စစ်ကောင်စီတပ်ဘက်မှလည်း ဖာပွန်−ကမမောင်း လမ်း ပိုင်း တစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားလျက်ရှိကြောင်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။ https://kicnews .org/2023/07/%e1%8 0%96%e1%80%ac%e1%80%95%e1%80%bd%e1%80%94%e1%%e1
၂၅။ စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တပ်သားများ ဝင်ရောက်နေထိုင်နေ
July 27, 2023
သျှမ်းပြည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများ ဝင်ရောက်နေထိုင် ကြကြောင်း စုံစမ်းသိရသည်။ (ဇူလိုင်လ ၂၇) ရက်တွင် စယ်လန့်ကျေးရွာအုပ်စုအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူ့အိမ်ဝန်းများအတွင်း လာရောက်စခန်းချနေကြောင်း ဒေသခံများကပြောသည်။“စစ်ကောင်စီဘက်က အင်အားထပ်တိုးလာပြီးတော့ စယ်လန့် ကျေးရွာထဲက လူနေအိမ်ဝန်းတွေထဲမှာ ဝင်ပြီးနေရာယူထားတယ်၊ တဖက်ကလည်း TNLA တပ်ဖွဲ့ကလည်း စစ်ကောင်စီ နဲ့ မနီး မဝေး နေရာမှာ နေရာယူထားတယ်။ နှစ်ဖက်တပ်ဖွဲ့ရဲ့ နေရာက တော်တော်ကို နီးပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။ လက်ရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ကောင်းထိုလင် အနီး တစ်ဝိုက်တွင် နေရာယူထားသည့်အတွက် စစ်ကောင်စီ နေရာယူထားသည့်နေရာနှင့် မလှမ်းမကမ်း အကွာအဝေးတွင် ရှိနေ ကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ စစ်သားများ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်မှုတွေကြောင့် တချို့သော သက်ကြီးရွယ်အိုများသည် မူဆယ်နှင့် နမ့်ခမ်းမြို့ပေါ်သို့ ရှောင်တိမ်းသွားရကြောင်းနှင့် ကျန်ရှိနေသည့် ဒေသခံများကလည်း အိမ်တံခါးများ ပိတ်ကာ နေထိုင် ကြရကြောင်း သိရသည်။ “အခုချိန်ထိ စစ်ရေးတင်းမာမှုက ရှိနေသေးတော့ တိုက်ပွဲတွေ ဖြစ်မှာကြောက်တာပေါ့၊ တချို့ စစ်သား တွေကလည်း အိမ်ဝန်းထဲဝင်နေတာတွေရှိတော့ တချို့က အိမ်တံခါးတွေကိုပိတ်ပြီး အိမ်ထဲတိတ်တိတ်နေကြ တာမျိုးတွေ လုပ်ရ တယ်” ဟု ဒေသခံများက ပြောသည်။ လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထုနှင့် အတူ ရောနှော နေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်းသိရသည်။ https://burmese.shannews.org/ archives/35999
၂၆။ တပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့တကွ ပြည်သူဘက်ပူးပေါင်း၊ ငွေကျပ် ၄၄ သိန်း ဂုဏ်ပြုခံရ
July 27, 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ် (ကရခ) လက်အောက်ခံတပ်မှ တပ်သားတစ်ဦး လက်နက်နဲ့တကွ မြိတ်ခရိုင် တပ်ရင်း(၁) ကို လာရောက် ပူးပေါင်းခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ မြိတ်ခရိုင် တပ်ရင်းအမှတ် (၁) ကို လက်နက်နဲ့ တကွ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ တပ်ကြပ်ကြီးဦးကို ငွေကျပ် ၄၄ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ တယ်လို့ ဆိုပါတယ်။
ဒီတပ်ကြပ်ကြီးဟာ MA 3 တစ်လက်၊ ကျည်ဘောက် ၂ ခု၊ 5.56 ကျည် ၃၁၇ တောင့်နဲ့ ပြည်သူ့ဘက် ရပ်တည် ပူးပေါင်း လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလိုခြင်း ဒါမှမဟုတ် တပ်တွင်း သတင်းပေး ဖရဲသီး အဖြစ် ရပ်တည်လိုတဲ့ စစ်သားတွေ အနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ တပ်ရင်းများ၊ စစ်ကြောင်းများနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို ဆက်သွယ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန MOD က ဖိတ်ခေါ်ထားပါတယ်။ https://www.facebook.com/photo?fbid=311659301220521&set=a.2 85900490463069
၂၇။ တောင်ကုတ် ဓါးပြအမှု တရားခံအား ဖမ်းဆီးရမိ
July 28, 2023
ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တောင်ကုတ်မြို့ မြို့တော်ခန်းမဘေးရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓါးပြတိုက်ခဲ့သော လူငယ်နှစ်ဦးထဲမှ တစ်ဦးကို ဖမ်းဆီးရမိထားပြီး ရွှေထည်များကိုလည်း ပြန်လည်ရရှိထားကြောင်း တောင်ကုတ် မြို့မ ရဲစခန်းထံမှ သိရသည်။ ဓါးပြအတိုက်ခံရသည်ဟု သတင်းကြားကြားချင်း တရားခံအား ထွက်ပြေးရာ လမ်း ကြောင်းအတိုင်း စုံစမ်းရာ လမူးကျေးရွာအနီးတွင် ဖမ်းဆီးရမိကြောင်း တောင်ကုတ်မြို့မရဲစခန်းမှူးက ပြောသည်။ “မနေ့က ညနေမှာပဲ တရားခံ နှစ်ယောက်ထဲက တစ်ဦးကိုဖမ်းဆီးရမိထားပါတယ်။ တရားခံတွေရဲ့ထွက်ပြေးရာ လမ်းကြောင်းအတိုင်းစုံစမ်းတော့ တောင်ကုတ် – အမ်း လမ်းကြောင်းအတိုင်း ထွက်ပြေးတယ်လို့ သတင်းရတော့ ထပ်ချက်မကွာ လိုက်တာပေါ့။ လမူးရဲစခန်း၊ လမူမှာလှုပ်ရှားနေ တဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ စုံစမ်းတာပေါ့။ လမူရွာရဲ့ နောက်ကျော လယ် တဲတစ်တဲမှာရှိတယ်ဆိုလို့ ပူးပေါင်းပြီး ဖမ်းလိုက် တာပါ” ဟု ပြောသည်။ တရားခံအား စုံစမ်းစစ်ဆေးနေပြီး ပြန်လည်ရရှိသည့် ရွှေထည်များကို တရားရုံးမှာ တင်ပြပြီးမှ ပိုင်ရှင်ထံ ပြန်လည်အပ်နှံ၍ ရမည်ဟု တောင်ကုတ်မြို့မစခန်းမှူးက ဆက်လက်ဆိုသည်။
“ရွှေထည်ကတော့ ပြန်ရပါတယ်။ ရွှေကျပ် ၂၁ ကျပ် ကျော်ကျော်လေး ပြန်ရပါတယ်။ တရားခံတွေကတော့ သူတို့ယူခဲ့ တာ ဒီလောက်ပဲလို့တော့ ပြောပါတယ်”ဟုပြောသည်။ ဖမ်းဆီးရမိသည့် တရားခံမှာ အသက် ၃၂ နှစ်အရွယ် မြေပုံမြို့နယ် ကမ်းထောင့်ကြီးဇာတိဖြစ်ပြီး နေပြည်တော်မှာ နေထိုင်ကြောင်းနှင့် နောက်တစ်ဦးမှာ ၎င်း၏ တူဖြစ်ပြီး အသက် ၂၀ အရွယ်ဖြစ် ကြောင်း သိရသည်။ ဓါးပြအမှု ဖြစ်စဉ်မှာ တောင်ကုတ်မြို့မဈေးထဲက ပလက်စတစ်သေနတ် နှစ်လက်ကို ဝယ်ပြီး သေနတ်အတု နှင့် တောင်ကုတ်မြို့တော်ခန်းမဘေးရှိ ရွှေပွင့်အိမ်ရွှေဆိုင်အား ဝင်ရောက်စီးနင်းကာ မှန်ကိုထုခွဲ၍ ရွှေထည်များအား လုယက် သွားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးတွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားလေ့ရှိပြီး အဆိုပါမြို့နယ်များထဲမှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့ နယ်များတွင် လူသတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိနေသည်။ https://www.f acebook.com/photo/?fbid=7145237206 87057&set=pcb.714524230687006
၂၈။ စစ်ကောင်စီ တပ်သားတွေက ကွတ်ခိုင်မြို့နယ် မန်နောင်ရွာ လက်ထောက်ရွာသူကြီးကို ရိုက်နှက်
July 27, 2023
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှာ စစ်ကောင်စီ တပ်သားတွေက အရက်သောက်ပြီးနောက် ရွာသူကြီးရဲ့ လက်ထောက် အမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၂၅ ရက် ညပိုင်းက ကွတ်ခိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၄၅)က မန်နောင်ရွာထဲ ဝင်ရောက်လာပြီး ရွာသူကြီးဖြစ်သူနဲ့ ၎င်းရဲ့ လက် ထောက် အမျိုးသားကို ကြက်၊ အရက်တွေ ဝယ်ခိုင်းခဲ့သေးတယ်လို့လည်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အရက်တွေ ဝယ်ခိုင်းထားတာဆိုတော့ သူတို့ မူးသွားလို့ထင်တယ်။ ရိုက်တာတော့ တော်တော်ရိုက်တယ်။ ထိုးတယ်။ ကန်တယ်” အဆိုပါ စစ်ကောင်စီ တပ်သားတွေဟာ အရက်သောက်ပြီးနောက် ရွာသူကြီးရဲ့လက်ထောက်အမျိုးသားဟာ TNLA တပ်သားဆိုပြီး ကျေးရွာသူကြီးရဲ့အိမ်ထဲ ရိုက်နှက်ထိုးကြိတ်ခဲ့တာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာလည်း စစ်ကောင်စီတပ် သားဟာ မန်နောင်ရွာရှိ စာသင်ကျောင်းထဲ ဝင်ရောက်နေထိုင်ခဲ့ပြီး စာသင်ကျောင်းရဲ့ ကျောင်းဝန်းတံခါးနဲ့ ပြတင်းပေါက်တွေကို ဖျက်ဆီးပစ်ခဲ့ဖူးတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ https://www.faceboo k.com/photo/?fbid=607501144 890487&set=a.404503215190282
၂၉။ နှစ်သောင်းကျပ်တန် ငွေစက္ကူ တရားမဝင် ငွေစက္ကူ များအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ
July 27, 2023
လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဟု စစ်ကောင်စီကြေညာထားသည့် နှစ်သောင်းကျပ်တန် ငွေစက္ကူကို တရားမဝင် ငွေစက္ကူများအဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇူလိုင် ၂၇ ရက်နေ့ တွင် ကြေညာလိုက် သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟိုဘဏ်က နှစ်သောင်း ကျပ် တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာထားသည်။ အဆိုပါလုပ်ရပ်သည် အဖက်ဖက်က အကျပ်အတည်းဆိုက်နေသော အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည် စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့်တင်းနိုင်ရေးအ တွက် အားထုတ် ဆောင်ရွက်မှုဖြစ်ကြောင်း NUG ၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ ကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ်စေ ငွေစက္ကူ အမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်ကြောင်းဆိုသည်။
တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေခြင်းသည် ပြည်သူများ၏လုပ်အား နှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တရား မဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင်မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက်စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ် ဖြစ်သည်ဟု NUG က ထောက်ပြထားသည်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက် ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရများက အသိအမှတ် ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း NUG အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://www.facebook.com/photo/?fbid=713942574078505&set=a.682731967199566
၃၀။ ရခိုင်တွင် သွေးအလှူရှင်လျော့နည်းလာ၍ လူနာများအတွက် သွေးရရှိမှုခက်ခဲလာ
July 27, 2023
ရခိုင်ပြည်က စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် ပုံမှန်သွေးအလှူရှင်များ လျော့နည်းလာ၍ အရေးပေါ်သွေးလိုအပ်ချိန် သွေးရှာရခက်ခဲလာကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ပုံမှန်သွေးအလှူရှင်များနှင့် အရွယ်ကောင်းလူငယ်များမှာ အလုပ်အကိုင် ရှားပါးခြင်းကြောင့် မုန်တိုင်းလွန်ကာလတွင် ပြည်ပထွက်ခွာမှုများလာသဖြင့် သွေးအလှူရှင် လျော့နည်းသွားခြင်းဟု လူမှုကူညီရေးအဖွဲ့များက ပြောကြသည်။“သွေးအလှူ ရှင်တွေက တစ်ဝက်လောက် သိသိသာသာနည်းသွားတယ်။ ဒီကြားထဲ လူနာတွေကများတော့ သွေးအလှူရှင်ရှာရတာ အခက် အခဲအရမ်းရှိတယ်။ လူနာရှင်တွေကိုပါ ရှာခိုင်းရတယ်။ ရှားပါးတာတော့ တကယ်ပဲ” ဟု မြောက်ဦးမြို့မှ ကရုဏာလှိုင်း သွေးအလှူ ရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းထွန်း က ပြောသည်။ ယခင်ကဆိုလျှင် ဆေးရုံများ၏ သွေးလှူဘဏ်တွင် ပုံမှန်လာရောက်ပြီး သွေးလှူသူများ၊ မွေးနေ့အထိမ်းအမှတ်အဖြစ် သွေးလှူသူများရှိခဲ့သော်လည်း မုန်တိုင်းအလွန်တွင် သွေးလှူဒါန်းသူများလျော့ နည်းလာခြင်းဖြစ်သည်။ လက်ရှိမှာ လူနာများအတွက် သွေးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှု အားနည်းလာပြီး စိုးရိမ်စရာဖြစ်နေ ကြောင်း စစ်တွေမြို့၊ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌ ကိုလင်းလင်းက ပြောသည်။“သွေးလိုတဲ့လူနာက ပိုများလာတယ်။ သွေးအလှူရှင်တွေကလည်း ရှားလာတယ်။ အခုအခြေအနေက ပိုဆိုးတယ်” ဟု ကိုလင်းလင်းက ပြောသည်။
ရခိုင်တွင် မုန်တိုင်းအလွန်ကာလ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေပြီး လူနာများအတွက် သွေးလို အပ်ချက် များပြားနေသည်။ လူနာများအတွက် သွေးအဆင်သင့်မရှိသဖြင့် သွေးအလှူရှင်များကို အရေးတကြီးရှာနေရကြောင်း စစ်တွေမြို့၊ ရက္ခတော်ဝင်သွေးအလှူရှင်များအသင်းမှ သွေးတာဝန်ခံ ကိုအောင်ဇော်လင်းက ပြောသည်။“သွေးတစ်လုံးရဖို့ လူ နှစ်ဆယ်လောက်ကို ဖုန်းဆက်ရတယ်။ တချို့က လှူလို့အဆင်ပြေပေမယ့် သွေးလှူတာကိုကြောက်တာ၊ မိဘတွေက ခွင့်မပြု တာတွေလည်းရှိတယ်။ ဒီကာလက သွေးရရှိဖို့က အရမ်းခက်ခဲ့တဲ့ ကာလပါပဲ” ဟု ကိုအောင်ဇော်လင်းက ပြောသည်။ “သွေးလို အပ် လူနာတွေက များတယ်။ ကျမတို့အဖွဲ့ကတော့ အတတ်နိုင်ဆုံး ကြိုးစားရှာပေးနေပါတယ်” ဟု ကျောက်တော်မြို့ ရွှေဂရုဏာ သွေးလှူရှင်များအသင်းမှ သွေးတာဝန်ခံ မရတနာခိုင်က ပြောသည်။ မုန်တိုင်းလွန်ကာလ သွေးလွန်တုပ်ကွဲရောဂါဖြစ်ပွားမှု မြင့် တက်လာနေသဖြင့် သွေးအလှူရှင်သူများနေအနေဖြင့် နီးစပ်ရာလူမှုကူညီရေးအသင်းအဖွဲ့များမှာ စာရင်းပေးထားပြီး သွေးလို အပ်ချက်ကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးရန် လူမှုကူညီရေးအသင်းများက လှုံ့ဆော်ထားသည်။ https://www.facebook.com/photo/?fbid=67164688167557 &set=a.643209801185953
၃၁။ ၀မ်ဟိုင်းမှာ SSPP အရာရှိနဲ့ စစ်သင်တန်းသား ၅၀၀ သင်တန်းဆင်းပွဲ ပြုလုပ်
July 27, 2023
ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP ဌာနချုပ် ၀မ်ဟိုင်းမှာ အရာရှိနဲ့သင်တန်းသား စစ်သည် ၅၀၀ အပတ်စဥ် (၅) သင်တန်း ဆင်းပွဲကို ဒီကနေ့ ဇူလိုင်လ ၂၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SSPP ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ သင်တန်းဆင်းပွဲကို SSPP ဌာနချုပ် ၀မ်ဟိုင်းမှာရှိတဲ့ တင်းလှိုင်းခန်းမဆောင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ကြီး ငေါင်းဖနဲ့ ဗိုလ်ချုပ်ပိန်းမိန်း တို့ တက် ရောက်ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့သိရပါတယ်။ SSPP က အခြေခံစစ်သင်တန်းတွေကို ၂၀၂၂ ခုနှစ်ကတည်းက လေ့ကျင့် သင်ကြားပေးနေတာဖြစ်ပြီး ဒီကနေ့ သင်တန်းဆင်း စစ်သည်တွေဟာ အပတ်စဥ် (၅) သင်တန်းဆင်းတွေ ဖြစ်သလို နောက်ထပ် အပတ်စဥ်တွေ လေ့ကျင်သင်ကြားပေးသွားမယ်လို့ SSPP ရဲက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=311878604531924&set =pcb.311880157865102
၃၂။ ဘီးလင်းမြို့နယ် စစ်ကောင်စီတပ်နှင့် KNDOတို့ ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးသေပြီးခဲယမ်း တချို့ရရှိ
July 27, 2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၃)ရက် နေ့က စစ်ကောင်စီတပ်နှင့် KNDOတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး သေကာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း KNUဗဟိုက ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ စစ်ကြောင်းထိုးလာသည့် ဘီးလင်းမြို့ နယ် မဲပလီ(မဲ့ပရေ့ခီး)ရှေ့တန်းအခြေပြု ဗျူဟာစခန်းမှ အင်အား (၆၀)ကျော်ပါရှိသည့် စစ်ကောင်စီတပ် ခမ၇(၄၀၅) စစ်ကြောင်း နှင့် တပ်မဟာ(၁) ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)တပ်ရင်း (၂)တို့ အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာ ကြားတွင် (၅)မိနစ်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ဆုတ်ခွာထွက်ပြေးသွားသဖြင့် KNDOတပ်ရင်း (၂)မှ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး အလောင်းနှင့်အတူ ကျည်နှင့်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး အလောင်းအား ကောင်းမွန်စွာမြေမြုပ်သင်္ဂြိုလ်ပေးခဲ့သည်ဟုသိရသည်။ ဇူလိုင်လ (၂၃)ရက်နေ့တွင်ပင် ကရင်ပြည်နယ် မြဝတီမြို့ ဘက်သို့ စစ်ကူတက်လာသော စစ်ကာင်စီယာဥ်တန်းမှ Fawကား(၁၂)စီးအား ဘီးလင်းမြို့နယ်အတွင်း၌ KNLA၊ ဘီးလင်း(ပကဖ)၊ TPDFနှင့် PDF ပူးပေါင်းဖွဲ့များက မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ကား(၃)စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသူရှိခဲ့ သည်ဟု ဘီးလင်းမြို့နယ် ပကဖက သတင်းထုတ်ပြန်ခဲ့သေးသည်။ https://www.facebook.com/photo/?fbid=671675028 339151&set=a.5882451100 15477
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။