စစ်ကောင်စီတပ်က ဆိုင်ခေါင်ကျေးရွာထဲ လက်နက်ကြီးအပါအဝင် MI-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား တစ်ဦးသေဆုံးပြီး နေအိမ်အချို့ ပျက်ဆီးမှုရှိ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၅ ရက်၊ ၂၀၂၃။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်အွမ်အုပ်စု၊ ဆိုင်ခေါင်ကျေးရွာသို့ ဦးတည်ပြီး စစ်ကောင်စီတပ်ဟာ 105 mm လက်နက် ကြီးများအပါအဝင် Mi-35 တိုက်ရဟတ်ယာဉ်ကိုပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပြီး နေအိမ်အချို့ထိခိုက်ပျက်မှုများ ရှိခဲ့တယ်လို့ TNLA ပြန်ကြားရေးဘက်က သိရပါတယ်။
TNLA နဲ့ တိုက်ပွဲ ပြန်လည်ပြင်းထန်လာတဲ့ စစ်ကောင်စီတပ်ဟာ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ ညပိုင်း(၇:၀၀)နာရီအချိန်က မူဆယ် ၁၀၅ မိုင်၊ နမ့်ဖက်ကာ ၁၂၃ တပ်ဟာ နောနားဒုံမှ လက်နက်ကြီးများဖြင့် အကြိမ် (၂၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးများဟာ နမ့်အွမ်အုပ်စု၊ ဆိုင်ခေါင်ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲလာခဲ့ပြီး နေအိမ်အချို့နှင့် ဈေးအတွင်းဆိုင်ခန်းများလည်း ထိခိုက်ပျက်ဆီးသွားခဲ့ပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်(၁၁:၂၅)အချိန်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မူဆယ်မြို့နယ် နမ့်အွမ်အုပ်စုအတွင်း စစ်ကောင်စီတပ်ဟာ Mi-35 တိုက်ရဟတ်ယာဉ်ဖြင့် ၃ ကြိမ်တိုက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်မ-၉၉၊ ခလရ -၂၄၁ မှလည်း လက်နက်ကြီးများဖြင့် ပတ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများရှိခဲ့ပြီး အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကလည်း ဒေသတွင်း သတင်းဌာနတွေကို ပြောပြထား ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက စတင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းထဲက နေရာဒေသတချို့မှာတော့ တအာင်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြန်လည် ပြင်းထန်လာပြီး စစ်ရေးတင်းမာမှုလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။
ဓါတ်ပုံ – CJ