သတင်း

NUG ၏ ထိန်းကွပ်မှုဖြင့်သာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်လိုကြောင်း ထိုင်းရှိ တော်လှန်ရေးအင်အားစုအချို့က ပြော

NUG ၏ ထိန်းကွပ်မှုဖြင့်သာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်လိုကြောင်း ထိုင်းရှိ တော်လှန်ရေးအင်အားစုအချို့က ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ။

ဇူလိုင်လ ၁၂ရက်၊ ၂၀၂၃။

ထိုင်းနိုင်ငံမှ နွေဦးတော်လှန်ရေးကို ထောက်ပံ့ကူညီနေကြသော တော်လှန်ရေးအဖွဲ့အစည်းတချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ထိန်းကွပ်မှုဖြင့်သာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်လိုကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရှိ ထောက်ပံ့ရေးအဖွဲ့အစည်းတွေကြားမှာ ငွေကြေးအလွဲသုံးစား ပြုလုပ်မှုနှင့် ပတ်သတ်ပြီး ဝေဖန်ခံရခြင်းများ ရှိလာတဲ့အတွက် ထောက်ပံ့ရေးအတွက် လှုပ်ရှားနေသော တချို့ အဖွဲ့အစည်းတွေမှာ NUG ၏ ထိန်းကွပ်မှုကို ခံယူလိုကြောင်း ပြောလာကြပါတယ်။

” တချို့နာမည်ကြီးလာတဲ့ အဖွဲ့အစည်းတွေက အလှူငွေအလွဲသုံးစားလုပ်တာတွေရှိလာတယ်။ အလှူငွေနဲ့ ဆိုင်ခန်းဝယ်တယ်၊ ရွှေဝယ်တယ်၊ ဆိုင်ကယ်ဝယ်တာတွေရှိလာတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ ယုံကြည်မှုတွေ အားနည်းလာတယ်။ ” လို့ ထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက FJMM ကိုပြောပါတယ်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာအလုပ်သမားအများဆုံးနိုင်ငံဖြစ်တဲ့အတွက် မြန်မာအလုပ်သမားများရဲ့ အလှူငွေတွေကို အကျိုးရှိရှိ ထိထိရောက်ရောက်စီးဆင်းစေချင်ကြောင်းနှင့် ငွေကြေးအလွဲသုံးစားလုပ်မှုတွေကိုလည်း NUG အနေနဲ့ကိုင်တွယ်ဖြေရှင်းစေချင်ကြောင်းလည်း ပြောပါတယ်။

” NUG ကနေ အမှန်တကယ် လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပေးစေချင်တယ်။ပြီးရင် ကျွန်တော်တို့ကို လစဥ်စာရင်းစစ်မယ်ဆိုလည်း စစ်လို့ရပါတယ်။ အလှူခံလို့ရတဲ့ ငွေတွေကို NUG ကနေ တစ်ဆင့်ပဲ လှူဒါန်း ရမယ်ဆိုရင်လည်း ရပါတယ်။ ” လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းရှိ ထောက်ပံ့ရေးအဖွဲ့အစည်းများ အပတ်စဥ်အလှူခံရရှိငွေမှာ ဘတ် ၁၅,၀၀၀ခွဲမှ ဘတ်၂၀,၀၀၀ ဝန်းကျင်အထိဖြစ်ပြီး မြန်မာလူမျိုးအများစုရှိသော နေရာများ ဘတ် ၅၀,၀၀၀ မှ ဘတ် ၈၀,၀၀၀ ကျော်အထိ ရရှိတာတွေလည်း ရှိပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း တော်လှန်ရေးအတွက် ထောက်ပံ့ကူညီမှု ခေါင်းစဥ်ဖြင့် အလှူခံနေသော အဖွဲ့အစည်းမှာ ၁၀၀ ကျော်ရှိနေပြီးဖြစ်တယ်။

ဓါတ်ပုံ – CJ (ပုံဟောင်း) ထိုင်းနိုင်ငံ မဲဆောက်မြို့လယ်ရှိ အစ္စလာမ်စာသင်ကျောင်းတွင် ထိုင်းနိုင်ငံသားများနှင့်အတူ မြန်မာနိုင်ငံသား အထောက်အထားရှိသူတွေကို တွေ့ရစဉ်။

Related Articles

Back to top button