ဒီးမော့ဆိုက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင် တချို့ထိခိုက်ဒဏ်ရာရ
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊
ဇူလိုင် ၄ ရက်၊၂၀၂၃။
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းထဲက စစ်ဘေးရှောင်စခန်း တစ်ခုကို စစ်ကောင်စီက ယနေ့ မနက် အစောပိုင်း (၂)နာရီဝန်းကျင်ခန့်မှာ အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်း ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅ဝဝ နှစ်လုံးနှင့် ပေါင် ၁ဝဝ နှစ်လုံး ဗုံးတီးတို့ဖြင့် လေးကြိမ်တိုင်တိုင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီးမောဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ရှောင်ပြည်သူ အသက် ( ၂ )နှစ် (၁၀) လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ယာယီ တည်အိမ်အချို့နဲ့ ယာယီ စာသင်ကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေ ကလည်း ပြောပါတယ်။
စစ်ဘေးရှောင် ကူညီသူတဦးပြောတာက “ဒီမနက် ၂ နာရီအချိန်မှာ လာပစ်သွားတာပေါ့နော်။ သုံးလုံးပေါ့ သုံးလုံးလာပစ်သွားတယ်။ စာသင်ကျောင်းအလယ်တည့်တည်မှာ တလုံးကျတယ်။ အပေါ်မှာတော့ စစ်ဘေးရှောင် နေအိမ်ရှိတယ် အဲဒီမှာတလုံးကျတယ်။ စာသင်ကျောင်းရဲ့ ဟိုးအောက်မှာ ထင်းရှုးတော်ရှိတယ် အဲဒီနားမှာ တလုံးကျတယ်၊ သိပ်မဝေးဘူး တောင်ထိတ်မှာ တလုံးကျတယ်” လို့ ပြောပြပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၈၄ အိမ်ရှိပြီး စစ်ဘေးရှောင်လူဦးရေ ၄၂၀ ခန့် နေထိုင်ကြတာလည်း ဖြစ်ပါတယ်။
အခုတော့ စစ်ဘေးရှောင်များဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး တချို့က စစ်ဘေးရှောင်နေရာကို ထပ်ပြီးရွေ့ပြောင်းနေထိုင်တဲ့ စစ်ဘေးရှောင်အဖြစ် နေထိုင်ကြတဲ့သူရှိပေမယ့် တချို့က ပြောင်းစရာနေရာ မရှိလို့ ဆက်လက်နေထိုင်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကယား(ကရင်နီ)ပြည်နယ်စစ်မြေပြင်မှာ စစ်ရေးအရ အရေးနိမ့်လျက်ရှိတာကြောင့် အခုလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရှောင်စခန်းများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်နေ သလို ဝေဟင်ကနေလည်း ဗုံးကြဲ တိုက်ခိုက်မှု မကြာခဏ ပြုလုပ်လျက်ရှိနေတယ်လို့ မြေပြင်အချက်အလက် ကောက်ခံနေသူတွေက ပြောပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု စတင် ဖြစ်ပွားချိန်ကနေ ၂၀၂၃ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ ကယား(ကရင်နီ)ပြည်နယ်တွင် လေကြာင်း တိုက် ခိုက်မှု(၅၂၇)ကြိမ်ရှိလာတယ်လို့ ပြောပါတယ်။
ဓါတ်ပုံ – CJ