ဓါတ်ပုံ – EAO-S-NCA (စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ အပစ်ရပ်အဖွဲ့တို့ကြား ၂၀၂၃ ခုနှစ်၊ မတ်လ (၂၈) မှ (၂၉) ရက်နေ့အထိ ကျင်းပတဲ့ နေပြည်တော်က အလွတ်သဘောတွေ့ဆုံခဲ့တဲ့ အစည်းအဝေးမြင်ကွင်း)
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန်လ ၂၅ရက်၊ ၂၀၂၃။
အပစ်ရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇွန်လ ၂၆ရက်နေ့တွင် ထပ်မံပြုလုပ်သွားဖို့ ရှိနေတယ်လို့ PPST ပြောရေးဆိုခွင့်ရှိသူကတဆင့် သိရပါတယ်။
အခုဆွေးနွေးပွဲကိုတော့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (NSPNC) မှ ဖိတ်ခေါ်ဆွေးနွေးတာဖြစ်ပြီး ဇွန်လ ၂၆ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆွေးနွေးမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“မနက်ဖြန်ပေါ့ ၂၆ ကနေ ၂၈ အထိ ၅ ဖွဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဘာတွေကိုဆွေးနွေးဖို့ စဥ်းစားထားလဲ ဆိုတော့ ကျွန်တော်တို့ ၇ ဖွဲ့ထဲမှာ အားလုံးရဲ့ သဘောတူညီချက်နဲ့ ကျွန်တော်တို့ ပြင်ဆင်ထားတာ ရှိတယ်၊ သို့သော်လည်း ကျွန်တော်တို့ကို ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ NSPNC ဘက်ကတော့ ဘာတွေ ဆွေးနွေးမလဲ မသိသေးပါဘူး။”လို့ PPST ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး စော်ကျော်ညွန့်က FJMM ကိုပြောပါတယ်။
ဒါ့အပြင် “၇ ဖွဲ့ သဘောတူညီထားတဲ့ အချက်က ၃ချက်ပေါ့။ နံပါတ် ၁ လူသားချင်းဆိုင်ရာ အကူ အညီပေးရေး ကိစ္စရပ်တွေပါမယ်။ နံပါတ် ၂ ကတော့ ကျွန်တော်တို့ EAO ၇ ဖွဲ့က သွားလိုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ၇ဆင့်ကိုလည်း ဆွေးနွေးလိုတယ်။ နံပါတ် ၃ အနေနဲ့ကတော့ EAO ၇ ဖွဲ့က သဘောတူထားတဲ့ ဖက်ဒရယ်အခြေခံမှု ၂၃ ချက်ကိုလည်း ဆွေးနွေးဖို့ ပြင်ဆင်ထားတာရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အပစ်ရပ် ၇ ဖွဲ့ အနေဖြင့် မေလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသော်လည်း ယခုစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲကိုတော့ အပစ်ရပ် ၅ ဖွဲ့ကသာ အတူတူတက်ရောက်ဖို့ ရှိကြောင်း သိရပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အတူတူတက်မယ့် အပစ်ရပ် ၅ ဖွဲ့မှာ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ့်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် RCSS တို့ကတော့ တစ်ဖွဲ့ဆီ သီးခြားတွေ့ဆုံဖို့ရှိကြောင်း သိရပါတယ်။