Photo – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၁၁ရက်၊ ၂၀၂၃။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလ အထိ ၄လအတွင်းမှာ KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲကြီး/ငယ်ပေါင်း ၁၆၄၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မေလ ၁၁ရက်နေ့တွင် KNU မှ ထုတ်ပြန်ကြေညာထားပါတယ်။
KNLA၊KNDO နှင့် စစ်ကောင်စီတပ်သားများ၊ ၎င်းတို့၏ လက်အောက်ခံ BGF တပ်ဖွဲ့တို့ အကြားဖြစ်ပွားခဲ့သော တိုက်ပွဲများဖြစ်ပြီး ထိုတိုက်ပွဲများကြောင့် BGF တပ်သား ၁၇၃၆ ဦးသေဆုံးကာ ၁၁၈၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့၏ တပ်ရင်းမှူး ၄ ဦး၊ ဒု တပ်ရင်းမှူး ၅ ဦး သေဆုံးခဲ့ပြီး KNLA၊ KNDO ဘက်မှ ၅၉ ဦးသေဆုံးခဲ့ကာ ၁၉၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်အောက်ခံ BGF တပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ပြည်သူလူထု ၄ သိန်းကျော် ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်ကြရပြီး ပြည်သူလူထု ၁ သိန်းကျော်မှာ လုပ်ငန်းခွင်များ ပျက်စီးဆုံးရှုံးရ၍ စာဝတ်နေရေး ပြဿနာများ ရင်ဆိုင်ကြုံတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ပြည်သူလူထု ၈၅၀၀၀ ကျော်ကိုလည်း နေ့စဥ် စားနပ်ရိက္ခာများအတွက် KNU မှ ထောက်ပံ့ပေးနေရပြီး စာနပ်ရိက္ခာမလုံ လောက်မှုများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာများနှင့် ရင်ဆိုင် ကြုံတွေ့နေရ၍ ၎င်းတို့အတွက် အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရပါတယ်။