ဧပြီလ ၁၈ရက်၊ ၂၀၂၃
ဖက်ဒရယ်ဂျာနယ် မြန်မာ။
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနေဖြင့် စည်းလုံးညီညွတ်စွာနှင့် သတိကြီးစွာ အဖက်ဖက်မှပူးပေါင်းတိုက်ထုတ်ပါမှ အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မှာ ဖြစ်တယ်လို့ KNLA ဒု စစ်ဦးစီးချုပ် ဘောကျော်ဟဲမှ ပြောပါတယ်။
ယမန်နေ့ ဧပြီလ (၁၇)ရက်နေ့က ကျရောက်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ (၂)ပြည့် အခမ်းအနားသို့ ပေးပို့တဲ့ KNLA ၏ သဝဏ်လွှာမှာ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်မှူးကြီး ဘောကျော်ဟဲက ထည့်သွင်းဖော်ပြထားပါတယ်။
“စစ်အာဏာရှင်များသည် တိုင်း ပြည်ကို နှစ်ရှည်လများ အဓမ္မ အာဏာလုယူအုပ်ချုပ်ထားပြီးဖြစ်သည့်အတွက် အာဏာရှင်စနစ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်ထားပြီးဖြစ်သည်။ ဤကဲ့သို့ အာဏာရှင်အမြစ်တွယ်ထားသည့်အတွက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနေဖြင့် စည်းလုံးညီညွတ်စွာနှင့် သတိကြီးစွာ အဖက်ဖက်မှပူးပေါင်းတိုက်ထုတ်ပါမှ အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မည်ဖြစ်သည်။ ဤသို့ တိုက်ပွဲဝင်ကြရာတွင် တပ်တော်တွင်းရဲဘော်များအကြား စည်းလုံးညီညွတ်မှု ရှိခြင်း၊ ခွဲခြားဆက်ဆံမှုကင်းခြင်း စသည်တို့သည် တပ်တော်ကိုပို၍ အားကောင်းစေမည့်အချက်များဖြစ်သည်” လို့ ဆိုပါတယ်။
ထို့ပြင် အာဏာရှင်စနစ် အမြစ်ပြတ်မှ တိုင်းပြည်အနာဂတ်လှပမည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်နေသော ရဲဘော်များသည် အရပ်သားများ၏ အခွင့်အရေးများကို လေးစားကာကွယ်ရန် လိုအပ်ကြောင်း၊ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ အမြဲရှိရန်လိုအပ် ကြောင်း နှင့် စစ်ကောင်စီ၏ တန်ပြန်စစ်ဆင်ရေးများကိုလည်း စဥ်ဆက်မပြတ်လေ့လာရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားပါတယ်။
ခေတ်ကာလတိုးတက် မှုအရ တော်လှန်စစ်ဆင်နွှဲရာတွင် လက်ရုံးရည်တခုတည်းဖြင့်သာမကဘဲ နှလုံးရည်နှင့်ပါပေါင်းစပ်ကာ တော်လှန် တိုက်ပွဲဝင်ရ မည်ဖြစ်ကြောင်းကိုလည်း ပြောကြားထားပါတယ်။