ဖက်ဒရယ်ဂျာနယ်မြန်မာ (မတ်လ – ၂၉)
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံမတင် ကြောင်း တိုင်းရင်းသားလူမျိုးများ ကိုစားပြုပါတီ (၆) ခုက တရားဝင်ထုတ်ဖော် ပြောဆိုတားပါတယ်။
ယင်းနိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD)၊ ချင်းအမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD)၊ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ နဲ့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ တို့ ဖြစ်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီ အနေနဲ့ ပါတီရဲ့ မူဝါဒအရ မကိုက်ညီတဲ့ အတွက်ကြောင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့တာြဖစ် တယ်လို့ဆိုပါတယ်။ “ကျနော်တို့ ALD ပါတီဆိုလည်း ၁၉၉၂ ခုကတကြိမ် ဖျက်သိမ်းခြင်းခံ ရတယ်၊ သို့သော်လည်း ကျနော်တို့ အဲ့ဒီအချိန်မှာလည်း ALD နေနဲ့ပဲ တောက်လျှောက် လှုပ်ရှားလာနေတယ် အခုလည်း ထိုနည်းလည်းကောင်းပါပဲ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေအတွင်းမှူး ဦးမျိုးကျော် က ဖက်ဒရယ်ဂျာနယ်မြန်မာ ကို ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် ကလည်း “စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ဘယ်အချိန် လုပ်မလဲဆိုတာ တိကျ ရေရာစွာ ထုတ်ပြန်ကြေညာထားခြင်းမရှိဘူး။ ဒီအခြေအနေအရပ်ရပ်တွေကြောင့် ကျွန်တော်တို့ ပါတီဝင်တွေ အနေနဲ့ ဆက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ရတာပါ” ဟု ဖက်ဒရယ်ဂျာနယ်မြန်မာ ကို ပြောဆိုခဲ့ပါတယ်။
ယခင် ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းအရ တိုင်းရင်းသား လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီ အရေအတွက်မှာ (၄၉) ပါတီရှိသည်ကို တွေ့ရှိရပါတယ်။ ယင်းထဲမှ (၂၆)ပါတီက စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ တင်ခဲ့ပြီး၊ (၆)ပါတီကတော့ မှတ်ပုံမတင်ကြောင်း ကြေညာထားပါတယ်။ ကျန် နိုင်ငံရေးပါတီများမှာ တစ်စုံတစ်ရာမှတ်ချက်ပေးထားတာမျိုးကို တွေ့ရှိရခြင်း မရှိပါဘူး။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ယမန်နေ့ မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ကြေညာခဲ့ပါတယ်။