ဖက်ဆစ်တပ်ရဲ့ ၂၀၂၃ ဝါဒမှိုင်းများ စုစည်းမှု
စေရာ | အတွေးအမြင်
ပြည်သူ့အစိုးရလို့ခေါ်တဲ့ NUG ကနေ ၂၀၂၃ ကို တော်လှန်ရေးအဆုံးဖြတ်နှစ်လို့ နှစ်အစပိုင်းမှာတင် ကြွေးကြော်လာခဲ့သလိုပဲ အကြမ်းဖက်စစ်တပ်ဘက်ကလည်း ၂၀၂၃ ကို “War Crime of the year” အဖြစ် ပြောင်မြောက်စွာဆက်လက်ဂုဏ်ယူနိုင်ဖို့ အကြမ်းဖက်ရက်စက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ စိတ်ဓာတ်စစ်ဆင်ရေး/ဝါဒဖြန့်ချိရေးတွေကိုပါ အင်တိုက်အားတိုက် လုပ်ဆောင်လာကြပါတယ်။
နှစ်ဖက်လုံးအနေနဲ့ “အာဏာလွန်ဆွဲပွဲ” ရဲ့ အထွဋ်အထိပ်ကို ရောက်လုနီးနီးဖြစ်လတ္တံ့မှာ စစ်ရေးအရှိန်၊ နိုင်ငံရေး အရှိန်နဲ့အတူ နိုင်ငံတကာထောက်ခံမှု စတဲ့ အဘက်ဘက်ကနေ အားပြိုင်လာခဲ့တာ အခုဆိုရင် ၂၀၂၃ ရဲ့ တတိယလ (မတ်လ) ကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း နှစ်စကတည်းက ဖက်ဆစ်ရွေးကောက်ပွဲပြင်ဆင်မှုနဲ့အတူ စစ်အုပ်ချုပ်ရေး တိုးချဲ့တာ၊ (မြေပြင်မှာအကြမ်းဖက်မှုတွေပိုများလာဖို့) လက်နက်ကိုင်ဆောင်ခွင့်ပြဌာန်းတာ စတဲ့အကြမ်းဖက်မှု တွေ စနစ်တကျလုပ်လာနိုင်ရေးအတွက် တဆင့်ပြီးတဆင့် ကြံစည်လုပ်ဆောင်လာကြပါတယ်။
ပြည်သူ့တော်လှန်ရေးဘက်မှာလည်း စစ်ရေးအရှိန်အားကောင်းလာသလို လူထုအာဏာဖီဆန်လှုပ်ရှားမှုတွေလည်း အားကောင်းနေဆဲရှိတာ တွေ့ရပါတယ်။ “ပြည်သူဟာ တော်လှန်ရေး” ၊ “ပြည်သူရှိသရွေ့ တော်လှန်ရေးရှိနေမှာ” ဖြစ်ကြောင်းကိုလည်း အသံတိတ်သပိတ်နဲ့အတူ သက်သေပြခဲ့ကြပါတယ်။
🔲 လူမျိုးရေး ၊ ဘာသာရေး မှိုင်း
လတ်တလော လူမျိုးရေးမှာ ကချင်-ရှမ်းနီ၊ ကရင်နီ-ပအို့ဝ် စသဖြင့်၊ ဘာသာရေးမှာလည်း ဗုဒ္ဓဘာသာ-အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ-ဗုဒ္ဓဘာသာ စသဖြင့် ဖက်ဆစ်တပ်ရဲ့စနက်ဟောင်းကြီးဖြစ်ပေမယ့်လဲ ထိရောက်ဆဲဖြစ်နေတာတွေ့ရပါတယ်။
ဒါပေမယ့် ပိုပြီးသတိပြုရမှာက အာဏာသိမ်းပြီးနောက်ပိုင်း EROဒေသတွေဆီ ဝင်ရောက်အရိပ်ခိုနေတဲ့သူတွေ စစ်ပညာသင်ယူကြတဲ့သူတွေအနေနဲ့ မိမိခိုလှုံရာဒေသမှာရှိတဲ့ ဒေသခံလူမျိုးအချင်းချင်းကြားမှာ ဝင်ရောက် စွက်ဖက်ပြီး “ခလောက်ဆန် လက်လျှိုတာ” ၊ “အရိပ်နေနေ အခက်ချိုးချိုး” မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုခလောက်ဆန်တာဟာ ဖက်ဆစ်တပ်ဘက်က သွေးမခွဲရပဲ “ခိုလှုံသူနဲ့ ခိုလှုံခွင့်ပေးသူ” ကြား ၊ “ခိုလှုံခွင့်ပေးသူအချင်းချင်းကြား” မှာ အကွဲအပြဲတွေ အက်ကြောင်းတွေ ပေါ်လာနိုင်တာမို့ အချိန်မှီ သတိပြုဆင်ခြင်ရမှာဖြစ်ပါတယ်။
နမ့်နိမ်းဖြစ်စဉ်နဲ့ပတ်သက်လို့ ပအိုဝ့်နဲ့ ကရင်နီ(KNDF+PDF) တွေအချင်းချင်းကြား လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာတွေဖြစ်လာအောင် ဖက်ဆစ်တပ်နဲ့ ထောက်တိုင်တွေက ဝါဒမှိုင်းဖြန့်ပြီး ပအိုဝ့်လူမျိုးစုတွေကိုအသုံးချကာ ရန်တိုက်ပေးနေတာပါ။ အဆိုပါ နမ့်နိမ်းဖြစ်စဉ်ရဲ့ အဓိကလက်သည်တရားခံဟာ “အကြမ်းဖက်စစ်အုပ်စုသာဖြစ်ကြောင်း” ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့လိုပါတယ်။ အဲ့လိုမဟုတ်ဘဲ ဖက်ဆစ်တပ်အလိုကျ ဖက်ဆစ်ဆင်ထားတဲ့ကျော့ကွင်းထဲစုံမှိတ်မဆင်းမိကြဖို့ “အသိ-သတိ” ကပ် ဆင်ခြင်ကြဖို့ အရေးကြီးပါတယ်။
🔲 နိုင်ငံရေးအရ ဝါဒဖြန့်ခြင်းနှင့် သွေးကွဲရေးဗျူဟာ
ဦးဖြိုးမင်းသိန်းကစလို့ ဦးတိုးလွင် ဒေါ်စန္ဒာမင်းအဆုံး NLD ထိပ်ပိုင်းမှာ ပြည်တွင်းပြည်ပ နှစ်ခြမ်းကွဲမလိုလို အကွဲပြဲသတင်းတွေတက်လာတာ၊ CRPH တာဝန်ခံဦးအောင်ကြည်ညွန့်နဲ့ NUG က ဒေါ်ဇင်မာအောင် ကိုနေဘုန်းလတ်တို့ မပြောထားဘူးလို့သိထားရတဲ့ နိုင်ငံရေးမက်ဆေ့တွေကို အမှန်အမှားညှပ်ထည့်ထားသယောင် ဝါဒဖြန့်တာ၊ နိုင်ငံရေးအကျဉ်းသူအချို့ကို သင်္ကြန်မှာ အတင်းအကြပ် သရုပ်ပျက်ဖျော်ဖြေခိုင်းဖို့သတင်းဖြန့်တာ စတဲ့ စနစ်တကျ ဝါဒဖြန့်-ဆိုက်ဝါးတွေကိုလည်း သတိပြုနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
အာဏာသိမ်းခါစမှာ အပြောကောင်းခဲ့တဲ့ အနုပညာရှင်အမည်ခံဘောမဆိုသူတွေကို ကြော်ညာတွေမှာ ထည့်ကြော်ညာပြတာ၊ အကယ်ဒမီပေးပွဲဆန်ခါတင်စာရင်းမှာ တလရဘက်ကအနုပညာရှင်တွေ ထည့်ထားပြီး လူထုကိုဝေဝါးအောင်လုပ်တာ၊ ဘောမယုန်လေးရဲ့ ဖက်ဆစ်တပ်အလိုကျ သင်္ကြန်မှာပြန်လည်စည်ကားဖို့ လှုံ့ဆော်ပြီး ကွန်မန့်တွေမှာ ခွေးလိုပြန်ကိုက်တာ၊ ဘောမညိုမင်းလွင်ရဲ့ရုံတင်ပေါကားနဲ့ မြို့ပြမှာ လူစည်ကြောင်း ပြတာ၊ မြို့ပြနဲ့ ကျေးလက်ကို အမြင်ကွဲလွဲအောင်— ကျေးလက်တောရွာမှာတော့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးနေပေမယ့် မြို့ပြကလူတွေတော့ ပုံမှန်လိုသွေးအေးပြီးပျော်ပါးနေကြပြီဆိုတာမျိုးစတဲ့ “မြို့ပေါ်နေ ရေပေါ်ဆီလူတန်းစား နဲ့ ကျေးလက်က တော်လှန်လူတန်းစား” အသွင် အမြင်မျိုး ကွဲလွဲအောင် လုပ်ကြံဖန်တီးလာကြပါတယ်။
🔲 ဒေါ်အောင်ဆန်းစုကြည်လေဖြတ်သွားပြီ (ဆိုက်ဝါး)
တပြိုင်နက်ထဲမှာပဲ ဒီတလော အတွင်းသတင်းဆိုပြီး “ဒေါ်အောင်ဆန်းစုကြည်လေဖြတ်သွားတယ်” လို့ အတည်မပြုနိုင်တဲ့သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ ဖက်ဆစ်တပ်ရဲ့ စစ်ရာဇဝတ်မှုသတင်းတွေကြောင့် လူတွေစိတ်ထိခိုက်မှုအမြင့်ဆုံးရောက်နေချိန်မှာ ဒါဟာ သတင်းမှန်မမှန်မသေချာတာထက် အတွင်းကနေပြန့်လာတဲ့သတင်းဖြစ်တဲ့အတွက် တလရမှာထဲထဲဝင်ဝင်ပါနေသူတွေ အထူးသဖြင့် ဒေါ်စုကိုချစ်ခင်လေးစားကြတဲ့လူတွေကို စိတ်ထိခိုက်ဖို့ ရည်ရွယ်တာပဲဖြစ်တယ်လို့ ယူဆရပါတယ်။ သို့ပေမယ့် နေပြည်တော်လိုပူပြင်းလှတဲ့ဒေသမှာ အပူအေးမမျှတဲ့အခန်းကျဉ်းရဲ့ဒဏ်တွေလည်းရှိနေတာမို့ သတင်းမှားလို့လည်း တပ်အပ်မပြောနိုင်ပါဘူး။
🔲 အာသာပြေ မိုတီနှင့် တလွဲမျှော်လင့်ချက်ပေးခြင်း
၂၀၂၃ မတ်လအစမှာထဲက စစ်ကိုင်း တာတိုင်ကျေးရွာမှာ ၁၇ဦး နဲ့ မတ် ၁၁ ရှမ်းပြည် ပင်လောင်း နမ့်နိမ်းမှာ ၂၀ကျော် အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ခံရမှုတွေ ဆက်တိုက်ကျူးလွန်လာခဲ့တဲ့ ဖက်ဆစ်တပ်ကြောင့် တော်လှန်ပြည်သူတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအထိုက်လျောက် ထိခိုက်ခံစားကြရပါတယ်။ ဒါရဲ့အကျိုးဆက်တွေအဖြစ် ပြည်သူတွေအနေနဲ့ သတင်းအမှန်အမှား ခွဲခြားစိစစ်နိုင်စွမ်း၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း လျော့ကျလာတာ၊ ရောထွေး ဝေဝါးလာတာကြောင့် ဖက်ဆစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒမှိုင်းတွေဟာလည်း အလွယ်တကူ မွှေနှောက်ထိုးဖောက်နိုင်တာဖြစ်ပါတယ်။
ပြည်သူ့အစိုးရလို့ခေါ်တဲ့ NUG ဘက်မှာ ငှက်ကင်ငှက်ပစ်တွေ လက်တွေ့မှာမတွေ့ရသေးပေမယ့် “လူထုထောက်ခံမှုမလျော့ကျဖို့” လူထုနဲ့တော်လှန်ရေးအင်အားစုတွေကို အတတ်နိုင်ဆုံး moti ပေးပြီး စည်းရုံးထားနိုင်တဲ့ NUG ရဲ့ အရည်အချင်းဟာဆိုရင်လည်း အရေးပါနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို “အာသာပြေမိုတီပေးခြင်း နဲ့ တလွဲမျှော်လင့်ချက်ပေးခြင်း” ဟာ စစ်ရေးအတွက် အရေးပါပြောင်မြောက်လှတဲ့ “စိတ်ဓာတ်စစ်ဆင်ရေး” နည်းနာတရပ်အဖြစ် မခေါ်ထိုက်ပါဘူး။
အဲဒီလိုပဲ မီဒီယာတွေမှာဖော်ပြတဲ့ ဖက်ဆစ်တပ်ဘက်က “အကောင်ရေဘယ်လောက် မုန့်ဟင်းခါးဘယ်နှစ်ပွဲ” စတဲ့ စာရင်းဇယားတွေဟာလည်း စင်စစ်စိတ်ဓာတ်စစ်ဆင်ရေး နည်းနာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအချက်အလက်မှားတွေပေါ်မှာသာယာပြီးအာသာဖြေနေကြသူတွေအဖို့ ဖက်ဆစ်တပ်ရဲ့ဆိုက်ဝါးနဲ့ ဝါဒမှိုင်းတွေမိတယ်ဆိုတာကလည်း ငြင်းမရပြန်ပါဘူး။
🔲 တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေး
ဦးဆောင်သူတွေကိုယ်တိုင် တော်လှန်စက်ဝန်းကို ကလစ်ခြင်း၊ ထောက်ပို့ခြင်း၊ ပိုစ့်တင်ခြင်း၊ မီတင်ထိုင်ခြင်း၊ လော်ခြင်းလောက်နဲ့သာဘောင်ကန့်ထားပြီး echo chamber ထဲမှာနစ်မျောနေကြရာကနေ စစ်ရေးအတွက်အရေးပါတဲ့ တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေး (Counter Psywar) ဆီ မရောက်နိုင်ကြသေးတာ ကြီးမားတဲ့ စိတ်မကောင်းစရာ အားနည်းချက်တခုအဖြစ် တွေ့ရပါတယ်။
အင်စတီကျူးရှင်းကျကျ နှစ်ပေါင်းများစွာ အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ ဖက်ဆစ်တပ်ရဲ့ “ဝါဒဖြန့်ခြင်းအနုပညာ” ကို နိုင်ငံတဝှမ်းကြုံတွေ့ခံစားခဲ့ရပေမယ့် လက်ရှိအချိန်ထိ ဒီအားနည်းချက်ကို အချိန်မှီမပြင်ဆင်နိုင်သေးသရွေ့ တန်ပြန်ဆိုက်ဝါးစစ်ဆင်ရေးတွေ မဆောင်ရွက်နိုင်သေးသရွေ့ ဖက်ဆစ်တပ်ကို သွယ်ဝိုက်သောအားဖြင့် အကြမ်းဖက်မှုတွေတိုးချဲ့လုပ်နိုင်ခွင့်ပြုပေးသလို ဖြစ်နေနိုင်ပါတယ်။
🔲 စိတ်ထွက်ပေါက်ရှာခြင်း
အကြမ်းဖက်မှုတွေရဲ့ နောက်ထပ်အကျိုးဆက်အဖြစ် စိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ စိတ်ထွက်ပေါက်ရှာနည်းတွေထဲမှာ ရည်ရွယ်ချက်ရှိရှိဖြစ်စေ သိစိတ်ကဖြစ်စေ မသိစိတ်ကဖြစ်စေ ရှာနည်းမျိုးစုံ ကြံဖန်ရှာကြပါတော့တယ်။ တချို့ကလည်း ကိုယ်ခံစားရ မြင်တွေ့ရသလို ကျန်တဲ့သူတွေကမမြင်လာတဲ့အခါ မမြင်နေတဲ့အခါ အပြစ်တင်ဘလိမ်းတာ၊ လှောင်ပြောင်ထိုးနှက်တာ စသဖြင့် ကြံမိကြံရာ ထွက်ပေါက်ရှာလာကြပါတော့တယ်။ ဒီလိုထွက်ပေါက်ရှာခြင်းက ခေတ်စားနေတဲ့ “သွေးမကွဲကြနဲ့” ဆိုတဲ့ စကားလိုပဲ သွေးကွဲနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ “အပြုသဘောဆောင် မှန်ကန်တည့်မတ်အောင် ဝေဖန်ထောက်ပြခြင်း” ၊ ဒီမိုကရေစီအလေ့အထတခုဖြစ်တဲ့ “လွတ်လပ်စွာပြောဆိုရေးသားခွင့်” နဲ့ ရောထွေးတံဆိပ်မကပ်မိကြဖို့ အရေးကြီးပါတယ်။
🔲 ပုံမှန်ဖြစ်စေခြင်း နှင့် ပုံဖျက်ခြင်း
ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်ခြင်းကြောင့် ဖက်ဆစ်တပ်အမြစ်ဖြတ်နိုင်တဲ့အထိ တော်လှန်မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေရှိသလို စိတ်ထွက်ပေါက်ရှာရာကနေ သွေးအေးပြီး ပုံမှန်လိုဖြစ်သွားကာ နေသားကျသွားတဲ့သူတွေလည်း ရှိပါတယ်။
ဖက်ဆစ်တပ်အနေနဲ့ တဖက်မှာ အကြမ်းဖက်မှုတွေဆက်တိုက်ကျုးလွန်နေသလို တဖက်မှာလည်း တည်ငြိမ်အောင်ထိန်းချုပ်နိုင်ဖို့ ပုံမှန်ပြန်ဖြစ်လာဖို့ စနစ်တကျ အကောင်အထည်ဖော်နေတာဖြစ်ပြီး ရွေးကောက်ပွဲအတွက်လည်း မရပ်မနားပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောအခြေအနေအရ ၂၀၂၃ မှာ ရွေးကောက်ပွဲဖြစ်နိုင်ဖို့ကလည်း မသေချာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၂၀၂၄ အောက်တိုဘာ ၁ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူမှုပြုလုပ်မယ်လို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံလဝကဌာနရဲ့ ဦးမြင့်ကြိုင်ပြောကြားချက်အရ ဖက်ဆစ်ရွေးကောက်ပွဲကိုလည်း ၂၀၂၅ မှ ကျင်းပနိုင်မယ်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုအနေနဲ့လည်း ၂၀၂၃ ကို စစ်ရေးအပြီးသတ်ချေမှုန်းဖို့ရည်ရွယ်ထားတာဖြစ်ပြီး လာမယ့် ၂၀၂၃ သင်္ကြန်ကို မြို့ပြမှာ ပုံမှန်အတိုင်းပြန်ဖြစ်အောင် ထိန်းချုပ်ထားနိုင်တယ်ဆိုတာ ပြသနိုင်ဖို့ စီစဉ်ထားပုံရပါတယ်။ ဒီလိုပြနိုင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးကိုပုံဖျက်ဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းသွေးကွဲပြီး ပြည်သူ့ထောက်ခံမှူလျော့ကျဖို့ နည်းမျိုးစုံ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေးအဖွဲ့တုတွေဖန်တီးတာ၊ သူလျှိုပူးသတ်ဖို့ကြံစည်တာ စတဲ့ ပုံဖျက်ခြင်းနည်းတွေနဲ့ အချင်းချင်းကြားသံသယပွားအောင် လူထုထောက်ခံမှုလျော့လာအောင် တော်လှန်ရေးအပေါ်အယုံကြည်မဲ့လာအောင် တော်လှန်ရေးကိုပုံဖျက်လာတာပဲဖြစ်ပါတယ်။