Photo – (ဖမ်းဆီးခံရသူကိုဆန်းနိုင်၏ပုံ)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၄၊ ၂၀၂၃
ထိုင်းနိုင်ငံ ဆာလာပူရီခရိုင် နောင်ဒုံမြို့နယ်တွင်နေထိုင်ခဲ့ကာ ထိုင်းရောက်မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားများ၏ ငွေကြေးများကို လိမ်လည်၍ ထွက်ပြေးသွားခဲ့သော ဦးအောင်ရ၏သား ကိုဆန်းနိုင်ကို စစ်ကိုင်းတိုင်းရှိ PDF များမှ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါလိမ်လည်သူမှာ စစ်ကိုင်းတိုင်း ဘုတလင် မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ရက်နေ့ နေ့လယ်ပိုင်းမှာ နှစ်လုံးထီ(ချဲ)ရောင်းနေစဥ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
” စစ်ကိုင်းတိုင်းအခြေစိုက် PDF အဖွဲ့တွေမှ ဖမ်းဆီးသွားပါတယ်။မဖမ်းဆီးခင်မှာလည်း PDF တွေအနေနဲ့ အချက်အလက်တွေကို သေချာစုံစမ်းစစ်ဆေးခဲ့ပြီး အချက်အလက်တွေက ခိုင်မာလုံလောက်တဲ့အတွက် ဖမ်းဆီးထားခဲ့ရခြင်းဖြစ်ပါတယ်။ ” လို့ မြန်မာ့တော်ဝင်နဂါးထောက်ပို့တပ်တော်၏တာဝန်ခံမှ ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။
အဆိုပါလိမ်လည်သူမှာ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများ၏ ငွေကြေးများကို လိမ်လည်ခြင်း၊ တော်လှန်ရေးထောက်ပံ့ရန်အတွက် စုဆောင်းထားသော အလှူငွေများကိုလိမ်လည်ခဲ့ခြင်း၊ အခြားအလုပ်သမားများ၏ ပက်စပို့(passport) ကိုပါလိမ်လည်ယူဆောင်သွားခြင်း နှင့် စစ်ကိုင်းတိုင်းအတွင်းရှိဘုန်းကြီးကျောင်းတစ်ကျောင်းမှ အလှူငွေ အချို့ကိုလည်း လိမ်လည်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါလိမ်လည်သူအား PDF များအနေဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိပြီး အမှုမှန်ပေါက်လာပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းကို သိရပါတယ်။