ဓါတ်ပုံ – Getty Images,
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက စိုင်ဝမ်ကုန်းကျေးရွာအနီး ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်မှာ KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နဖိုင်းကျေးရွာ ဘက်ကနေ အင်အား ၅၀ ခန့် ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း ထိုးလာလို့ KIA တပ်ဖွဲ့ဝင်များက စောင့်ကြိုတိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ အေအိုင်အေ အာဘော် သတင်းရင်း မြစ်က ဖော်ပြပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ နံနက်ပိုင်း ၉ နာရီခန့်စတင်ပြီး တနာရီကျော်ကြာဖြစ်ပွားပြီး ရပ်စဲသွားပေမယ့်၊ ဒုတိယအကြိမ် မွန်းတည့် ၁၂ နာရီခန့်မှာလည်း ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်းက ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်ထဲက တဂွင်ကျေးရွာအနီး ခြေလျင်စစ်ကြောင်း ထိုးလာတဲ့ အင်အား ၄၀ ခန့်ပါတဲ့ စစ်ကောင်စီ တပ်မ ၉၉ တပ်ဖွဲ့နဲ့ KIA တပ်ရင်း ၉ တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးဝန်းကျင်ဘက်ကို ဦးတည်ပြီး ညနေ ၆ နာရီခန့်မှာတော့ ကွတ်ခိုင် ကောက်ရာ အမြောက်တပ်က လက်နက်ကြီးများကို ဆက်တိုက်ပစ်ကူပေးခဲ့တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက KIA တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေထဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်၊ ရိက္ခာဖြည့်တင်းကာ စစ်ကြောင်းထိုး ဝင်ရောက်လာ တာကြောင့် နှစ်ဖက်တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။