ဓါတ်ပုံ – CJ (လေကြောင်း တိုက်ခိုက်ပြီးနောက် CNA ဌာနချုပ်က အအောက်အအုံ ပျက်စီးနေတဲ့ မြင်ကွင်း)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၃
ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်အား စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချသလို၊ အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်ကျော်လွန် အသုံးပြုနေပြီး ဗုံးကြဲတိုက်ခိုက်နေမှုကို သက်ဆိုင်ရာ နိုင်ငံများက ထိရောက်စွာ အရေး ယူကြဖို့ NUG တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
မြန်မာ – အိန္ဒိယ နယ်စပ် ထန်တလန်မြို့နယ်ထဲက CNFဌာနချုပ် ဗစ်တိုးရီးယား စခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း CNF ရဲဘော် ၅ ဦး ကျဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် ဒေသခံများအား ဆေးကုသပေးနေသည့် လူနာဆောင်နှင့် နေအိမ်အချို့ လည်း ထိခိုက်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။
အဲဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံးထက် မနည်း ကျရောက်ပေါက်ကွဲမှု ရှိခဲ့လို့ အိန္ဒိယ၊ မီဇိုးရမ်းပြည်နယ် မီဇိုးလူမျိုးများက လူမှုကွန်ရက်ကတဆင့် အမြတ်ဒေါသထွက် ပြောဆိုနေကြတာ တွေ့ရပါတယ်။
စစ်ကောင်စီ၏ လုပ်ရပ်များဟာ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ဖြစ်တဲ့ အကြမ်းဖက်မှုများ ရပ်တန့် ရန်ဆိုသည့် အချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ NUG က ဝေဖန်ပါတယ်။
NUG ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းအလွန် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ အသက်ဆုံးရှုံးသူ ၄၆၀ ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကချင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာလည်း လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှု များ ကြိမ်ဖန်များစွာပြုလုပ်ခဲ့တာပါ။
စစ်ကောင်စီ၏ လူမဆန်တဲ့ သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော တိုင်းရင်းသား ပြည်သူများ အတွက် ဝမ်းနည်းကြေကွဲရသလို၊ ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းအတွက် တရားမျှတမှု ပြန်လည် ရရှိနိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့်အညီ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွား မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ထုတ်ပြန်ပြောဆိုထားပါတယ်။