ဓါတ်ပုံ- ဗိုလ်ချုပ်ကြီးအင်ဘန်လ နှစ်သစ်ကူးနေ့ မိန့်ခွန်း စတင်ပြောကြားစဉ်။
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁
စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲမှာ မည်သည့်အစုအဖွဲ့ကမှ ပါဝင်ခြင်းမပြုဖို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဒီကနေ့ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက် မိန့်ခွန်းကနေ တဆင့် တိုက်တွန်း ပြောဆို လိုက် ပါတယ်။
“တနိုင်ငံလုံးက ပြည်သူလူထုကို နေ့စဉ် သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ တရားမဝင် အစုအဖွဲ့ တခုဖြစ်တယ်၊ တရားမဝင်တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခွင့် မရှိသလို၊ စစ်ကောင်စီက ပြုလုပ်လာမယ့် ရွေးကောက်ပွဲမှာပါဝင်မယ့် အစုအဖွဲ့တွေ ဟာလည်း စစ်ကောင်စီရဲ့ လက်ကိုင်တုတ် အစုအဖွဲ့တွေတာဖြစ်တယ်။
ဒါ့ကြောင့် စစ်ကောင်စီက ပြုလုပ်လာမယ့် ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး ဘယ်သူအစုအဖွဲ့က လူထုရဲ့ ရန်သူ၊ ဘယ်အစုအဖွဲ့က ကြားနေအစုအဖွဲ့၊ ဘယ်အစုအဖွဲ့က ဓမ္မတရားဘက်က ရပ်တည် အစုအဖွဲ့လဲ ဆိုတာ ထင်ရှားရှင်းလင်းစွာ မြင်တွေ့ရမှာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုလိုက်တာပါ။”
ငြိမ်းချမ်းသာယာ ၀ပြောတဲ့ ပြည်ထောင်စုအကျိုးအတွက် ကြားနေအစုအဖွဲ့များကြောင့် စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အပြုအမှုများ လုပ်ဆောင်မှုများ မဖြစ်ထွန်းလာဖို့ မိဘပြည်သူလူထုများကြား တွန်းတွန်း တိုက်တိုက် အသိပေး နိုးဆော်ဖို့လဲ အရေးတကြီးလိုအပ်နေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထပ်လောင်း ပြောဆိုပါတယ်။
ဒါ့အပြင် အရေးကြီးဆုံးအချက်အနေနဲ့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံများအပါအဝင်၊ နိုင်ငံတကာ အဖွဲ့ အစည်းများ အားလုံးကလည်း စစ်အာဏာရှင်စနစ်ကို ရဲရဲတောက် တွန်းလှန်နေတဲ့ ပြည်သူလူထု တရပ်လုံးနှင့်အတူ တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို တရားဝင် အသိအမှတ်ပြု ထောက်ခံ အားပေးဖို့ကလည်း အရေးကြီးလိုအပ်နေပြီ ဖြစ်တယ်လို့ ထပ်လောင်းအသိပေးထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြေညာ ပြင်ဆင်လျက် ရှိပြီး ပြည်နယ်နှင့် တိုင်းတချို့မှာတော့ ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ကျယ်ပြန့်စွာ ပြင်ဆင် လုပ်ဆောင်နေတာ တွေ့ရပါတယ်။