ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီကား ယာဉ်တန်းကို ရေးဘီလူး ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၈ နာရီခွဲခန့်မှာ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“မနက် ၈ နာရီခွဲ လောက်မှာ ဖြစ်လိမ့်မယ်။ စစ်ကားကို တိုက်ခိုက်တာ ဆိုတော့ ကားပေါ်မှာ ပါလာတဲ့ သူတွေမှာ အသေအပျောက်တော့ရှိမယ်။ ကျွန်တော်တို့ လည်း သွားမကြည့်ရဲသေးဘူး။ စစ်သားတွေက ရန်းသမ်းပြီး ရွာထဲမှာ ပစ်နေကြတယ်” လို့ ဒေသခံတစ်ဦးက ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။
အဲဒီ ကြားဖြတ် ပစ်ခိုက်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ပစ်ခတ်တိုက်ခိုက်မှုနောက် အနီးဝန်းကျင်ထဲကို ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး စစ်ကောင်စီတပ်သားများ သေဆုံးအရေအတွက်ကိုတော့ ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
တိုက်ခိုက်မှု အပြီးမှာတော့ ရေးဘီလူးအဖွဲ့သားများအားလုံးဟာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ လာနိုင်တယ်လို့ သိရပါတယ်။