တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 86, November 22, 2022)

 

၁။ တောင်ကလေး ရဲကင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး
November 21, 2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲကင်းကို KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ လာရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြေပါတယ်။ တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲကင်းကို ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရဲကင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲ မိနစ် ၃၀ နီးပါးအကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်း တပ်ဖွဲ့က စစ်ကောင်စီရဲကင်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီ ရဲကင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ တပ်သား ၅ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရဲကင်းတိုက်ခိုက်မှုမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မုဒုံမြို့နယ် အမြောက်တပ်ကနေလည်း လက်နက်ကြီ းတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးထားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထား သလို ကျေးရွာအတွင်းရှိ နေအိမ်တွေ ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က လေ ကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ကလေး ကျေးရွာအပါအဝင် အနီးနားကျေးရွာက ဒေသခံ ၂၀၀၀ ကျော် ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ကြာအင်းဆိပ်ကြီး-မုဒုံ ကားလမ်းပေါ် တောင်ကလေးကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ခရီးသည်ကားတွေ ရာနဲ့ချီပိတ်မိနေပြီး ခရီးသည်ကားတချို့ကတော့ ပြေးဆွဲမှု ယာယီ ရပ်နားလိုက် တယ်လို့ သိရပါတယ်။

၂။ တန့်ယန်းမြို့နယ်ရှိ ကိုယ်ထူကိုယ်ထကျောင်းတွင် အနွေးထည်နှင့်ဆောင်းတွင်းဝတ် အသုံးအဆောင်များလိုအပ်နေ
November 21, 2022
တအောင်းကျောင်းသားလူငယ်များအဖွဲ့ (KSYU) က တန့်ယန်းမြို့နယ်၊ ဟွေဟုပ်ကျေးရွာတွင် ဖွင့်လှစ်ထားသော ကိုယ် ထူကိုယ်ထကျောင်းတွင် ကလေးများအတွက် အနွေးထည်နှင့် ဖိနပ်များ အကူညီလိုအပ်နေကြောင်း သိရသည်။ ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အပြင် ဝေးလံခေါင်ပါးသည့် ဒေသဖြစ်သည့်အတွက် အလှူရှင်များလာရောက်ရန်ခက်ခဲသဖြင့် အနွေး ထည် နှင့် ဖိနပ်များ အကူညီလိုအပ်နေခြင်းဖြစ်သည်ဟု ကျောင်းမှ ဆရာမတစ်ဦးကပြောသည်။ “လောလောဆယ်တော့ သူတို့က ကျောင်းပြန်မပြင်ရသေးတော့ ဇရပ်မှာပဲ ကွပ်ပျစ် မှာပဲသင်တယ်။ တချို့ကလေးတွေက ဆောင်းတွင်းဒီလောက်အေးနေတာ ဒီတိုင်းလက်ပြတ်နဲ့ပဲ ကျောင်းလာကြတယ်။ တချို့ကလေးတွေက ဖိနပ်တွေကပြတ်ပြီး ကျောင်းလာလည်းဒီတိုင်း ဗလာနဲ့ ကျောင်း လာတာပေါ့။ ဖိနပ်၊ အဝတ်စားက အရမ်းခက်ခဲနေတယ်” ဟုပြောသည်။ ကျောင်းတွင် လိုအပ်သောအသုံးအဆောင်နှင့် စာရေးကိရိယာများကို သုံးလလျှင်တစ်ကြိမ်သာ တအောင်းကျောင်းသားလူငယ်များအဖွဲ့ (KSYU) က ထောက်ပံ့နိုင်ပြီး အခြားလို အပ်သောအရာများကို အလှူငွေများရှာဖွေကာ ဖြေရှင်းနေရကြောင်း သူကဆက်ပြောသည်။ “ပလောင်အဖွဲ့အစည်းတော့ရှိတယ် ပစ္စည်းကိရိယာတွေက အဖွဲ့အစည်းကနေ ထောက်ပံ့ပေးတယ်။ သုံးလ တစ်ကြိမ် ရုံးကမထောက်ပေးနိုင်တဲ့ အရာတွေပဲ ညီမတို့ က မှတ်တမ်းယူပြီး လိုင်းပေါ်ပိုစ့်တင်ပြီး အလှူရှင်တွေရှာ အလှူရှင်ကနေတဆင့် သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး တယ်” ဟုပြောသည်။

တအောင်းကိုယ်ထူကိုယ်ထကျောင်းတည်ရှိရာနေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးခရိုင် တန့်ယန်းမြို့နယ် ဟွေဟုပ်ကျေးရွာတွင်ဖြစ်ပြီး တန့်ယန်းမြို့မှ နှစ်နာရီခန့် ဆိုင်ကယ်ဖြင့်သွားရကြောင်း သိရသည်။ အဆိုပါကျောင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ကျောင်းသား ၂၄ ဦးခန့်ရှိကြောင်းသိရသည်။ ကျောင်းသို့ လှူဒါန်းလိုသူများအနေဖြင့် ၀၉၈၈၈၉၂၆၉၄၄ ကိုဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် ဒေသဆိုင်ရာ အချက်အလက်များအရ ကျေးရွာအုပ်စု ၄၉ ခုရှိပြီး အိမ်ထောင်စု ၅၈၀၀ ခန့် လူဦးရေ ၁၇၅၀၀၀ ခန့်နေထိုင်သည်။

၃။ သံတောင်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ၈၀၀ ခန့် အနွေးထည်နှင့် ရိက္ခာအကူအညီများ လိုအပ်နေ
November 21, 2022

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်းကျေးရွာများရှိ စစ်ဘေးရှောင် (၈၀၀)ခန့်သည် လက်ရှိအချိန်တွင် စားဝတ်နေရေးခက်ခဲ၍ ဆောင်းတွင်းကာလ အအေးပိုလာမှုကြောင့် အနွေးထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသော Tun Myanmar Donation အဖွဲ့ထံမှ သိရသည်။ သံတော်ကြီးမြို့နယ် မြောက်ပိုင်းရှိ ယာဒို၊ ဝါသောခို၊ သောက်ရေခပ်နှင့်ခေးချီးကျေးရွာများရှိ အဆိုပါစစ်ရှောင်ပြည်သူများမှာ ကယား(ကရင်နီ)ဘက်မှ တိုက်ပွဲများကြောင့် တိမ်းရှောင် လာရ သူများဖြစ်ပြီး အချို့မှာ ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်သည်။ ထို စစ်ဘေးရှောင် များထဲတွင် အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုဦးရေပိုများသည်ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ “တချို့ဆို ဆန်မရတာ ၃၊ ၄ လလောက်ရှိပြီ၊ လက်ရှိရွာထဲမှာ နေ့စားအလုပ်တွေလုပ်ပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်။ ဆန်၊ ဆီ၊ ဆားနဲ့အလိုအပ်ဆုံးကတော့ အနွေးထည်ပေါ့၊ အရမ်းအေးလို့ အနွေးထည်မလောက်ဘူး။ နှာစေးချောင်းဆိုးဖြစ်ကြတော့ ဆေး တွေ လည်းလိုအပ်ပါတယ်” ဟု သူက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများမှာ စစ်ရှောင်စခန်းများ ဆောက်လုပ်၍နေထိုင်ကြခြင်းမျိုးမဟုတ်ဘဲ ရွာခံများ၏နေအိမ်တွင် မှီခိုနေထိုင်ကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီပေး နေသော ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေး ဌာန မှ ဆရာတစ်ဦးကလည်း ပြောသည်။ ၎င်းက “ရေရှည်ကျတော့ အိမ်ရှင်မိသားစုတွေပေးထားတဲ့ ဟာတွေက အဆင်မပြေဘူး လေ၊ ကျနော်တို့သာသနာ့နယ်ကို ရောက်လာရင် ကျနော်တို့ရှိတာလေးတွေနဲ့ပဲ ထောက်ပံ့ပါတယ်၊ လတ်တလောစားဖို့ပဲ ဖြေရှင်း ပေးနိုင်တယ်ပေါ့၊ အရမ်းကြီးထောက်ပံ့ပေးနိုင်တာမျိုးတော့ မရှိပါဘူး၊ သွားလှူချင်တဲ့သူရှိရင်တော့ လမ်းကြောင်းကူညီပေးနိုင် ပါတယ်” ဟု ပြောသည်။ ကရင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၂ ခုနှစ်၊ မေလပိုင်းမှစ၍ ယခုလက်ရှိအချိန်ထိ သံတောင်ကြီး အထူး ဒေသကာကွယ်ရေးတပ်ဖွဲ့ (NTDF) လက်အောက်ခံတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွား လျက်ရှိသည်။ ၎င်းနယ်မြေတွင် နေထိုင်သူဒေသခံများမှာ တိုက်ပွဲနှင့် လွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ ထံမှ သိရသည်။

၄။ ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တဝိုက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်
November 21, 2022
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့သည်ဟုသိရသည်။ ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီ၏ ရဟတ် ယာဉ် သည် ဟားခါးမြို့ကို ပတ်ကာပျံဝဲပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆသော သီမြစ်လွင်ပြင် တဝိုက်နှင့် အနီးနားတောင်ကုန်းများကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ လေကြောင်း တိုက် ခိုက်မှုများပြုလုပ်ပြီးနောက် ဟားခါးမြို့ပေါ်မှာအထိုင်ချသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ထပ်မံလှမ်းထုနေ သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
“ရဟတ်ယာဉ်နဲ့ပစ်ပြီးတဲ့နောက်မှာ အခု ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတယ် အကြိမ်ရေကလည်း များနေပြီ ခုထိကြားနေရတုန်းပဲ” ဟု ဟားခါး ဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ သည် ယခုရက်ပိုင်းအတွင်း ချင်းတောင်တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြု လာခဲ့ပြီး ဖလမ်းမြို့နယ် သီးဘွာလ်ရွာ အနီးတိုက်ပွဲတွင်လည်း ဂျက်လေယာဉ်နှင့် တိုက်ပွဲသုံး ရဟတ်ယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်သော ကြောင့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာကြောင်း ချင်းအမျိုးသား တပ်ဦး CNF ကလည်း ပြောပြီးဖြစ်သည်။

၅။ တရုတ်ကျောင်းသွားရာကနေ ပျောက်သွားတဲ့ နမ့်ဆန်က ကလေးငယ်ကို ပြန်တွေ့
November 22, 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်မှာ တရုတ်ကျောင်းသွားရင်းကနေ ပျောက်ဆုံးသွားတဲ့ ရှမ်းမြောက် နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမ ဇံင်ဆိုရ်အိုရ်ရပ်ကွက်က ကလေးငယ်တစ်ဦးကို ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ နေအိမ်ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အသက် (၉)နှစ်အရွယ်သာရှိသေးတဲ့ မသိန်းထက်ထက်စန်း (ခေါ်) ကူငျံင်ဟာ ကျောင်းသွားတက်ရင်း ကျောင်းတက်ဖော်ကလေးတစ်ဦးနဲ့ လိုက်သွားခဲ့တာလို့ ဆိုပါတယ်။ မိသားစုဝင်တစ်ဦးက “သူက မြို့လယ်က ကလေးနဲ့ ခင်ပြီးတော့ အဲကလေးနဲ့ လိုက်သွားတာ။ အဲအိမ်မှာ သွားအိပ်တာပေါ့။ ကျွန်မတို့ ရပ်ကွက်ထဲ ကတော့ မဟုတ်ဘူး။ မြို့လယ်ရပ်ကွက်ထဲက ကလေးမလေးပေါ့။ အဲအိမ်က အဖွားတစ်ယောက်က သူ့ကို နေအိမ်ထိ လာပို့သွား တယ်”လို့ ဆိုပါတယ်။ ၃ ရက်အကြာပျောက်ဆုံးသွားတဲ့အတွက် မိသားစုဝင်တွေက လူပျောက်ဆိုပြီး လိုက်လံရှာဖွေ နေကြတာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ ကလေးငယ်ပျောက်ဆုံးသွားတာတွေ မကြာခဏဖြစ်ပွားနေသလို ပြန်ပေးဆွဲခံရပြီး သတ်ဖြတ်ခံခဲ့ရ တဲ့ ဖြစ်စဉ်တွေထိလည်းရှိခဲ့ဖူးပါတယ်။

၆။ ဘွာလ်သဲကျေးရွာက မသန်စွမ်းတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
November 22, 2022
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဘွာလ်သဲကျေးရွာက အသက် ၅၆ နှစ်အရွယ် Pa Hau Cung Nung (မသန်စွမ်း) ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က ဘွာလ်သဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ယင်းနေ့တွင် Pa Hau Cung Nung သည် ပျောက်ဆုံး သွားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ဒဏ်ရာဖြင့်သေဆုံးနေသည့် သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှသိရ သည်။ “သူက မသန်စွမ်းတစ်ဦးဖြစ်တယ်၊ ဦးနှောက်ပိုင်းချိူ့ယွင်းတယ်၊ နားလည်းသိပ်မကြားဘူး၊ တိုက်ပွဲဖြစ်တဲ့ချိန်မှာ ရွာထဲ မှာရှိတယ်လို့ပြောကြတယ်၊ သူကရွာထဲကနေ ထွက်မပြေးချင်တာလို့ပြောတယ်” ဟု ဘွာလ်သဲရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ကစ၍ သီးဘွာလ်ကျေးရွာ နှင့် ဘွာလ်သဲကျေးရွာအနီးတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားကာ အနီးနားကျေးရွာများမှဒေသခံပြည်သူများသည် ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။ ထိုကဲ့သို့ထွက်ပြေးတိမ်းရှောင်ကြသည့်အချိန်တွင် Pa Hau သည် ထွက်မ ပြေးဘဲ ရွာထဲတွင်ကျန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု သိရသည်။

၇။ ပန်ဆိုင်း သူခိုးနှင့် မူးယစ်သုံးစွဲသူများကို ဖမ်းသည့် ပြည်သူများ ရဲက ပြန်လည်ခြိမ်းခြောက်
November 21, 2022
သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်(ခွဲ) အတွင်း လူဆိုး နှင့် မူးယစ်သုံးစွဲသူများကို ဖမ်းဆီးသည့် ပြည်သူ များကို ရဲများက ပြန်လည် ခြိမ်းခြောက်နေကြောင်း သတင်းသိရသည်။ မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်းမြို့နယ်(ခွဲ) မှ ရဲစခန်း သည် အရပ်သား ပြည်သူများ ဖမ်းဆီးအရေးယူထားသည့် သူခိုးများနှင့် မူးယစ်သားကောင်များကို ပြန်လည်အပ်နှံရာတွင် အရပ် သား ပြည်သူများက အရေးယူခံရနိုင် သည်ဟု ပြန်လည် ပြောဆိုခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောသည်။ “ကျနော်တို့ ရပ်ကွက်ထဲကပြည်သူတွေ စုပေါင်းပြီး သူခိုးတွေကို ဖမ်းမိရင် ရဲစခန်းကို ပို့တာ၊ တခါတလေလည်း ရိုက်နှက်မိတာတွေရှိတာပေါ့၊ ရဲစခန်းက ပြန်ပြောတာက လုပ်ပိုင်ခွင့်မရှိဘူး၊ တရားတောင် ပြန်စွဲလို့ရတယ်ဆိုတာ မသိဘူးလား ဆိုပြီး ပြန်ခြိမ်းခြောက်တယ်” ဟု ပန်ဆိုင်းမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။ အရပ်သား ပြည်သူများ ဖမ်းမိသော သူများသည် မူးယစ်ဆေးဝါးသုံးသူများ နှင့် ရက်ကွက်အတွင်း နေအိမ်များရှိ ရေနုတ်မြောင်းကာ သံပန်း နှင့် မီးကြိုးများကို ခိုးယူသူများဖြစ်သည်။

ယခင် ပန်ဆိုင်းဒေသအတွင်းက သူခိုးနှင့် မူးယစ်ဆေးသားကောင်များ၏ သောင်းကျန်းမှုများနှင့် ပတ်သက်ပြီး ရဲစခန်းသို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ရပ်ကွက်ကျေးရွာနေများက စုပေါင်းကာ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ဖမ်းမိတဲ့သူတွေကို ရဲစခန်းပို့လိုက်ရင် အဲ့သူခိုးတွေ၊ မူးယစ်သုံးသူတွေကို လက်မှတ်ထိုးပြီး ဆွေမျိုးတွေ လူကြီးတွေကို လာထုတ်ခိုင်းတယ်၊ ဖမ်းပေးတဲ့ ကျနော်တို့ကျတော့ အရေးယူနိုင်တယ်လို့ ခြိမ်းခြောက်တယ်၊ ဒါကြောင့် ဒီနောက်ပိုင်းဆို ရဲစခန်းကို သွားမတိုင်တော့ဘူး၊ ဖမ်းပြီးလည်း မပို့တော့ဘူး၊ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းလိုက် တယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပန်ဆိုင်းမြို့နယ် (ခွဲ) မှ ဒေသခံပြည်သူများသည် မိမိတို့၏ ဒေသလုံခြုံရေးအတွက် ရပ်ကွက်/ ကျေးရွာ အလိုက် အရပ်သားများစုပေါင်းကာ လုပ်ဆောင်နေရကြောင်းသိရသည်။

၈။ စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကလေးရွာသား ၂ ဦးသေဆုံးပြီး ၁ဝ ဦးနီးပါး ဒဏ်ရာရ
November 21, 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာအတွင်း စစ်သုံးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာသား ၂ ဦး ထိမှန်သေဆုံးပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နံနက် ၆ နာရီမှ ၇ နာရီကျော် အချိန်တွင် စစ်ကောင်စီက စစ်သုံးရဟတ်ယာဉ် ၂ စင်း နှင့် ဂျက်ဖိုက် တာတစ်စင်း အသုံးပြုပြီး တောင်ကလေးကျေးရွာထဲသို့ လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အပြင် အဘစ်ကျေးရွာနှင့် မုဒုံမြို့တောင်ခြေ အမြောက်တပ်ရင်းမှလည်း လက်နက်ကြီးပစ်ကူ လှမ်းပစ်ခဲ့ သည့်အတွက် ယခုလို အရပ်သားများ သေဆုံးထိခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောသည်။ “ ရွာစျေးဟောင်း လမ်းမလယ်မှာ တစ်ဦး ထိမှန်ဆုံးတယ်။ နောက်တစ်ယောက်က ရာဘာအစီးလှီးပြီး အိမ်အပြန်မှာ ကျည်ထိမှန် သေဆုံးသွားတယ်။ အခြား ၈ ဦးထက်မနည်း ဒဏ်ရာရထားကြတယ်။လူနေအိမ်လည်းအများကြီးထိမှန်ပျက်စီး သွားတယ်။ ဘုန်းကြီးကျောင်းလည်း ရစရာမရှိအောင် ပျက်စီးသွားတယ်။”ဟု ၎င်းက ပြောသည်။

၉။ ကရင်လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းနေ
November 21, 2022
ကရင်တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ ကရင်ပြည်သူ ၁၅၀၀ နီးပါးဟာ ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ လှိုင်းဘွဲ့မြို့နယ် တကောရွာမှာ နိုဝင်ဘာလ ၁၁ ရက်က တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နဲ့ ကရင်နယ်ခြား စောင့်တပ်ဖွဲ့ (BGF) တို့ ပါဝင်ပါတယ်။ ကရင်လက်နက်ကိုင် လေးဖွဲ့နဲ့ ဒေသခံကရင်လူထုအကြား အခုတွေ့ဆုံမှု ဟာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သလို အစိတ်စိတ်ကွဲနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကို ပြန်လည်စုစည်းနိုင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ သဘောတူညီချက် ကြီးကြီးမားမားမရပေမယ့် အပြုသဘော ဆောင် တဲ့ ရလဒ်တွေရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ “ကိုယ့်ရဲ့ အခြားတစ်ဖက်မှာ အကျိုး ပြုစေဖို့အတွက်ဆိုရင် ကိုယ့်အချင်းချင်းကြားမှာဖြစ်နေတဲ့ပြဿနာကို ဖယ်ထားပြီးတော့လုပ်နိုင်မှသာလျင် တခြားဟာကို အထောက်အကူပြုရာကျမယ်လေ။ တစ်စုံတစ်ခုသောသဘော တူညီချက်တွေ ကြီးကြီးမားမား မချနိုင်ဘူးဆိုပေမယ့် နားလည်မှု ရှိရှိ ဆက်လုပ်နေမယ်ဆိုရင် ဒါကကျနော်တို့အတွက်အများကြီး အပေါင်းလက္ခဏာဆောင်ပါတယ်။ အဓိကအားဖြင့် စစ်အာဏာ ရှင် တိုက်ဖျက်ရေးမှာ အထူးသဖြင့် တိုက်ပွဲဝင်နေတဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆောင်တဲ့ အနေအထားမှာ KNU ရဲ့အခန်း ကဏ္ဍ ဘယ်လိုရှိတယ်ဆိုတာ ရှင်းပြတာပဲ။ အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံကလည်း မရှိတော့ဘူး။ ၂၀၀၈ အောက်က နေ ရွေးကောက်ပွဲတွေလုပ်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ဘာမှအဓိပ္ပာယ်မရှိဘူးဆိုတာ အဲဒါသွားရှင်းပြ တာပဲ” အာဏာသိမ်းပြီးနောက် KNU က စစ်ကောင်စီတပ်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ရပ်တန့်ပြီးလက်နက်ကိုင်ခုခံမှုမှာ ပူးပေါင်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂၁ လအတွင်း စစ်တပ်နဲ့ KNU အကြား တိုက်ပွဲ ၇၀၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမဲ့ ကျန်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ မပြတ်ဆက်လုပ်နေပါတယ်။ BGF ဆိုရင် စစ်ကောင်စီရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေသလို ကရင်ပြည်နယ်အတွင်း KNU နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ DKBA နဲ့ KNLA (PC) ကတော့ နေပြည်တော်ကို မကြာခဏလာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စေ့စပ်ဆွေးနွေး နေပါတယ်။ ကရင်အဖွဲ့တွေရဲ့ ဒီတွေ့ဆုံမှုက ငြိမ်းချမ်းရေးဘက်ကို ဦးတည်မလား၊ ဒါမှမဟုတ် စစ်ရေးဘက်ကို ဦးတည်မလား၊ စောင့်ကြည့်ရမယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ အမှု ဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ KNU ဟာ ၁၉၉၄ မတိုင်ခင်အထိ ခိုင်မာအားကောင်းခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဗုဒ္ဓဘာသာကရင်တွေခွဲထွက်ပြီး DKBA ကိုထူထောင်ခဲ့ပါ တယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ်မှာလည်း တပ်မဟာ (၇) ခေါင်းဆောင်တွေက KNU က ခွဲထွက်ပြီး KNLA- PC ကို ဖွဲ့စည်းခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒီသုံးဖွဲ့စလုံးဟာ အစိုးရနဲ့ အတူတကွ NCA လက်မှတ်ရေးထိုးခဲ့ကြတာပါ။ BGF ကတော့ ၂၀၀၈ ခုနှစ် ကတည်းက DKBA ကနေ ခွဲထွက်ပြီး စစ်တပ်ထိန်းချုပ်မှုအောက် ကို လုံးဝခိုဝင်ခဲ့တာဖြစ်ပါတယ်။

၁၀။ စိတ်ကြွမူးယစ်ဆေးပြားရောင်းချသုံးစွဲသူများကို ဓလေ့ထုံးတမ်းအရ အရေးယူ
November 22, 2022
ဖယ်ခုံမြို့နယ် မိုးဗြဲဒေသတနေရာမှာ WY တံဆိပ်ပါ စိတ်ကြွမူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ဇနီးမောင်နှံ (၂) ဦးနဲ့ သုံးစွဲသူ အမျိုးသား (၁) ဦးတို့ကို မိုးဗြဲ PDF တပ်ရင်း (၂) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံများရဲ့ သတင်းပေးချက်အရ နိုဝင်ဘာ (၁၅) ရက် ညနေ ၄:၀၀ အချိန်ခန့်က သွားရောက်ဖမ်းဆီးပြီး ရပ်ရွာအကြီးအကဲများထံ အပ်နှံကာ နိုဝင်ဘာ ၁၉ ရက်မှာ ဓလေ့ထုံးတမ်းအရ အရေးယူခဲ့တယ်လို့ သိရပါတယ်။ “နယ်ခံပြည်သူတွေရဲ့ အကြောင်းကြားချက်အရ ကျတော်တို့ ဖမ်းမိခဲ့ တာပါ။ ရပ်ရွာက လူကြီးတွေဆီ အပ်ပြီး လူထုရှေ့မှာပဲ သူတို့ကို ရပ်ရွာလူကြီးတွေက ဓလေ့ထုံးတမ်းအတိုင်း ဒဏ်ရိုက်ခဲ့ပါတယ်။ သူတို့က ဒီဒေသခံတော့ မဟုတ်ပါဘူး။ စစ်ရှောင်လာကြတာ၊ ဒီမှာနေတာ လချီတော့ ကြာပြီပေါ့။” လို့ မိုးဗြဲ PDF တပ်ရင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပြခဲ့ပါတယ်။

ဖမ်းဆီးမိခဲ့သူများဟာ ရောင်းဝယ်သူ အသက် ၅၀ နှစ် အရွယ် အမျိုးသားတဦး အသက် ၄၀ နှစ် အရွယ် အမျိုးသမီး တဦး နဲ့ သုံးစွဲသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးတို့ ဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့နဲ့အတူ WY အမှတ်တံဆိပ်ပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၄ ပြားကို သက်သေခံအဖြစ် မိုးဗြဲ PDF က သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးမိသူများဟာ စစ်အာဏာသိမ်းပြီး နောက် စီးပွားရေးကျဆင်းလာတာကြောင့် ဝင်ငွေရလွယ်တဲ့ မူးယစ်ဆေးရောင်းဝယ်မှုကို ရွေးချယ်ခဲ့တယ်လို့ မိုးဗြဲ PDF ကို ထွက်ဆိုခဲ့ပါတယ်။ “မူးယစ်ဆေးက တရားဝင်လည်း မဟုတ်ဘူး။ သုံးတဲ့သူကိုလည်း ဘာမှ ကောင်းကျိုးမပေးတဲ့အပြင် ဆိုးကျိုး တွေအများကြီးပဲ။ ဒါကြောင့် လူထုကိုလည်း မူးယစ်ဆေးမသုံးကြဖို့နဲ့ ဒီလိုလုပ်ရပ်တွေ ကျတော်တို့ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး ဆိုတာ ပြောချင်ပါတယ်။” လို့ မိုးဗြဲ PDF တပ်ရင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။ ယခုဖမ်းဆီးရမိတဲ့ အမှုအပါ အဝင် မိုးဗြဲ PDF က ဖမ်းဆီးအရေးယူခဲ့တဲ့ မူးယစ်ဆေးဝါးအမှု ၉ ခု ရှိပြီလို့ ပြန်ကြားရေးတာဝန်ရှိသူထံက သိရပါတယ်။

၁၁။ မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ ၂ ဦးကို ဖမ်းဆီးထား
November 21, 2022

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ က ကျေးရွာရပ်ကွက်အတွင်း ကချင်နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဒေသခံပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ ထံမှ သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ် မိုးကောင်းချောင်း တံတားထိပ်ပိုင်း အနီးတဝိုက် မြေ မြှုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ယမန်နေ့ညအထိ စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့ တစ်အိမ်ဝင်တစ်အိမ် ထွက် လိုက်လံစစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦးက ပြောသည်။ “မိုင်းပေါက်ကွဲသွားတဲ့ အနီးမှာရှိကြတဲ့ ကချင်အိမ်တွေကို စစ်ဆေးတယ်။ အဲ့မှာ လေး ငါးယောက်လောက်ကို ဖမ်းဆီးသွားတယ်။ တစ်ချို့ကိုတော့ ပြန်လွတ်ပေးလိုက်တယ် လို့သိရတယ်။ ၂ ယောက်လောက်က ကျန်သေးတယ်။ အဲ့ဒီ စနေနေ့ ညကနေ လိုက်စစ်တာ မနေ့ညအထိပဲ သူတို့က ကချင်အိမ်တွေပဲ ရွေးပြီး စစ်တယ်။ စစ်တဲ့အိမ်တွေကို အိမ်တံခါးတွေရိုက်ဖွင့်ပေးတယ် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပြီးလိုက်စစ်နေတာ”ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၂ ဦးမှာ ရပ်ကွက် (၁) တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ဦးခရမ်ခါးဂျာ ခေါ်သူနှင့် ဆိုင်ကယ် ကယ်ရီသမား ဦးမရန်လ ခေါ်သူ တို့ကို ပြည်သူ့စစ်အဖွဲ့က မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင် သွားပြီး စံပြ ပြည်သူ့စစ်စခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ ကျေးရွာပြည်သူများ၏ ပြောဆိုချက်အရ ပြည်သူ့စစ်အဖွဲ့သည် ကျေးရွာအတွင်း ကချင်နေအိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် တံခါးများ ရိုက်ချိုးပေးခြင်း၊ နေအိမ်အတွင်းသို့ သေနတ်များ ကိုင်ဆောင်ထားကာ စစ်ဝတ်စုံများဖြင့် ခြိမ်ခြောက်ပြောဆိုပြီး နေရာအနှံ့ရှာဖွေ ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများပြော သည်။ ပြီးခဲ့သော အပတ်တွင်လည်း ရှဒူးဇွပ်ကျေးရွာမှ ချောင်းဆုံ ဘက်သို့ သွားသည့် ကချင်ဘာရေးဆရာ တစ်ဦးကိုလည်း ပြည်သူ့စစ်အဖွဲ့မှ မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၂။ ကျောက်မဲမြို့နယ် ဖမ်းခံရသည့် အမျိုးသားကို စစ်ကောင်စီ ရိုက်နှက်စစ်ဆေးခံရ
November 21, 2022
လုံးပညာကို SSPP ၏ ဆက်ကြေးကောက်ပေးသူဟုဆိုပြီး စစ်ကောင်စီမှ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ဖမ်းဆီး သွားခဲ့ပြီး ကျောက်မဲမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်းထားသည်။ ထိုဖမ်းဆီးပြီးနောက် စစ်ကောင်စီဘက်မှ ရိုက်နှက်စစ်ဆေးမှုကို လည်းခံရကြောင်း နိုဝင်ဘာ(၁၉)ရက်တွင် လုံးပညာနှင့် ၎င်းမိသားစုဝင်များဖုန်းဖြင့် စကားပြောခဲ့ချိန်တွင် ပြောပြခဲ့သည်။ “ ၁၉ ရက်နေ့က သူနဲ့ ပထမဆုံးစကားပြောရတာ။ သူကအခု ကျောက်မဲရဲစခန်းထဲမှာ ရေဖို၊ မီးဖိုအတွက်ဆိုပြီး ငွေ ၅ သောင်းတောင်း ခဲ့တယ်။ အဲတာပေးလိုက်တယ်။ လူတော့မပေးတွေ့ဘူး။ ဖုန်းပဲပြောရတာ။ ပြီးတော့ သူရိုက်နှိက် စစ်ဆေးခံထားရတယ်လို့ ပြော တယ်” ဟု လုံးပညာ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ လက်ရှိအချိန်ထိ လုံးပညာကို ကျောက်မဲမြို့ ရဲစခန်းတွင် ချုပ်နှောင် ထားပြီး မည်သည့်အမှုဖွင့် စွဲထားသည်ကို မိသားစုဝင်များက မသိရှိရပါဘူး။

“ သူတို့ပြောတာ ရုံးထုတ်မှ လူတွေ့ခွင့်ပေးမယ်တဲ့။ သူကို နေ့တိုင်းသွားတောင်းတွေ့လည်း သူတို့က မပေးတွေ့ဘူး။ ဘာအမှုနဲ့ တရားစွဲထားလဲ မသိရသေးဘူး။ အခုထိ ကျောက်မဲမြို့ ရဲစခန်းထဲမှာပဲ” ဟု မိသားစုဝင်က ပြောသည်။ လုံပညာသည် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အတွက် အခွန်ကောက်ပေးသည် ဟုဆိုပြီး ဒေသခံအချို့ စစ်ကောင်စီဘက်ကိုတိုင်းကြားသည့်အတွက် ၎င်းကို လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။ လက်ရှိအချိန်ထိ လုံးပညာ ဖမ်းဆီးခံထားရသည့်အပေါ် SSPP/SSA ဘက်မှ တစ်စုံတစ်ရာ ကူညီပေးခြင်းမရှိသေးကြောင်း သိရသည်။ “ ကျမသူတို့ကို SSPP က လူကို တစ်ခါဖုန်းထပ်ဆက်တယ်။ သူတို့ခရီးသွားနေလို့ဆိုပြီးတော့ ဘာမှ ပြန်လုပ်မပေးဘူး။ အခုထိလည်း ဘာမှ ပြန်မပြော လာသေးဘူး” ဟု ၎င်းမိသားစုဝင်က ဆိုသည်။ SSPP/SSA သည် အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ သြဂုတ် ၃ ရက်တွင် ပထမအကြိမ်နှင့် စက်တင်ဘာ ၂၈ရက်တွင် ဒုတိယအကြိမ်အနေဖြင့် သွားရောက်တွေ့ဆုံခဲ့သည့် အဖွဲ့တစ်ဖွဲ့ လည်းဖြစ်သည်။

၁၃။ နိုဝင်ဘာ ၂၃ မှာ ကျရောက်မယ့် (၂၇၆၂)နှစ်ပြည့် ကယန်းနှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့
November 21, 2022

ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသက ကျေးရွာတစ်ခုမှာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကျရောက်မယ့် (၂၇၆၂) နှစ်ပြည့် ကယန်းနှစ်သစ်ကူး ကို ကြိုဆိုတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ပွဲကျင်းပပေးတဲ့ ကယန်းစာပေယဉ် ကျေးမှု ဗဟိုကော်မတီဝင် ခွန်းလှတိုး က ဆိုပါတယ်။ “ လာမယ့် ၂၇၆၂ ကယန်းနှစ်သစ်ကူး ကို ကြိုဆိုသောအားဖြင့် အထိမ်း အမှတ်အနေနဲ့ ကျနော်တို့ ဘောလုံးပွဲတစ်ရပ်ကို ကျင်းပတာပေါ့နော။ ကျင်းပရခြင်းရည်ရွယ်ချက်က ဘာလဲဆိုရင် လက်ရှိ နိုင်ငံရေးအခြေအနေ ဘယ်လောက်ထိရှုပ်ထွေးနေပါစေ။ ကမ္ဘာတည်နေသရွေ့ကတော့ ကျနော်တို့ ကယန်းတွေ သည်က သက္ကရာဇ်ရှိနေရမယ်။ အမှတ်ရနေရမယ် သိနေရမယ်။ ဘယ်လောက်ပဲ အခက်ခဲ ကြုံတွေ့နေပါစေ ကိုယ့်ရဲ့ နှစ်သက္ကရာဇ် ရှိနေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်သွားခြင်းပဲဖြစ်တယ်ပေါ့နော။ “ လို့ ခွန်းလှတိုးက ပြောပါတယ်။

ဘောလုံးပြိုင်ပွဲကို အသင်း ၂၄ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ၂၂ ရက်တာ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ နဲ့ ကစားသမားနေရာ အကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ကြပါတယ်။ အခုလို ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းကလည်း လက်ရှိ နိုင်ငံရေး ကာလကြားမှာ လူထုတွေ စိတ်ဖိစီးတာတွေ၊ စိတ်မွန်းကြပ်တာတွေ ဖြေလျော့ပေးနိုင်ဖို့အတွက် နဲ့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရရှိအောင် ကျင်းပ ဖြစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၄။ ကချင်-စစ်ကိုင်း နယ်စပ် ကသာအထက်ပိုင်း KIA တပ်မဟာ ၈ နယ်မြေသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
November 22, 2022
ကချင်-စစ်ကိုင်း နယ်စပ် ကသာမြို့နယ် ချောင်းဝကျေးရွာအထက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၈) နယ်မြေ၊ ကောက်ကွေ့ချောင်းရိုး ဘက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့ ၁၁ နာရီခန့်က လာ ရောက် ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ KIA သတင်းအရင်းအမြစ်အရ သိရပါတယ်။ အဆိုပါ ဂျက်ဖိုက်တာ ၃ စီးသည် တံတားဦး လေဆိပ်မှ တက်လာသည့် လေယာဥ်ဖြစ် ပြီး ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် တချို့ ထိခိုက်ပျက်စီးသွားသလို ခပေါင်းကျေးရွာ ငယ်မှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ချောင်းဝ ကျေးရွာအထက်ပိုင်း ကောက်ကွေ့ချောင်းအနီးရှိ KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်ကာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြု၍ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်၊ ပြီးတော့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့လည်း ပစ်ခတ် ခဲ့တယ်၊ ကောက်ကွေ့ချောင်းရိုးတစ်လျောက်တွေကိုပတ်ပြီး ကြဲချသွားတယ်လို့ ကသာ ပြည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပါတယ်။ ကချင်–စစ်ကိုင်းနယ်စပ်ဒေသများမှာတော့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ တပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက် စစ်ရေး တင်းမာ နေမှု ဖြစ်နေတယ်လို့ သိရပါတယ်။

၁၅။ ဝန်ကြီးချုပ်ဟောင်း ဦးညီပု ၏ မျက်စိတစ်ဖက်အား ခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များလိုလားနေ
November 21, 2022
ထောင်ဒဏ် ၁၃ နှစ်အထိချမှတ်ခံထားရသည့် ရခိုင်ပြည်၊ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက် မျက်စိ တစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် မမြင်ရဘဲဖြစ်နေသဖြင့် အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေ သဖြင့် အမြန်ဆုံးခွဲစိတ်ကုသ ခွင့်ရရှိ ရန် မိသားစုဝင်များက လိုလားနေကြသည်။ သမီးဖြစ်သူ မကြည်ကြည်ဦးက “ အဖေက အသက်လည်းကြီးနေပြီဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်လာ ရင်တော့ စိုးရိမ်တာပေါ့။အမြန်ဆုံး ဆေးကုသခွင့်ပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့။ မျက်စိ ဆိုတာမျိုးက ကြာလာရင် အဆင်မပြေဘူးလေ။မျက်စိ မမြင်ရလို့ရှိရင် ဘာမှအဆင်မပြေတော့ အမြန်ဆုံးခွဲစိပ်ဆေးကု သခွင့်ပေး ဖို့ တောင်းဆိုချင်တယ်” ဟု သူက ပြောသည်။ ဦးညီပု၏ ဘယ်ဘက်မျက်စိတွင် တိမ်စွဲကပ်စပြုနေသည်မှာ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင် နေသည့် အချိန်ကဖြစ်ပြီး ယင်းအချိန်က မအားလပ်မှုများကြောင့် ခွဲစိတ်ကုသမှုများမလုပ်ဆောင်နိုင်ခဲ့ သည့် အတွက် လက်ရှိအကျဉ်းကျနေစဉ်တွင် အဆိုပါရောဂါမှာ ပို၍ပြင်းထန်လာခြင်းဖြစ်သည်ဟုလည်း မိသားစုဝင်များထံမှသိရ သည်။ ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ်၊ အဂတိ လိုက်စားမှု ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်(၉)နှစ် အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

မျက်စိနေမကောင်းဖြစ်နေသည်ကို အဆိုပါထောင်မှ လွတ်မြောက်လာသူများထံမှ တစ်ဆင့်ခံသိရရှိခြင်းဖြစ်ပြီး မျက်စိ အားခွဲစိတ်ကုသခွင့်ရရှိရန် ဦးညီပုကိုယ်တိုင် ထောင်တာဝန်ရှိသူများကို စာတင်ကာ တောင်းဆိုထားကြောင်း သိရှိရသည်ဟု မိသားစုဝင်များက ဆိုသည်။ သို့သော် မိသားစုဝင်များမှာ ယခုအချိန်ထိ ဝန်ကြီးချုပ်ဟောင်းနှင့် တွေ့ခွင့်မရသေးသလို ထောင် တာဝန်ရှိသူများ ကလည်း ဦးညီပု၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အကြောင်း ကြားလာခြင်းမရှိသေးဟု မကြည်ကြည် ဦးက ပြောသည်။ “ အဲဒီ မျက်စိအတွက်နဲ့ မိသားစုကို ဆက်သွယ်ပြီးတော့ ဘာမှပြောတာဆိုတာမရှိသေးဘူး။သူတို့ဘက်က အခု အချိန်ထိ အပြင်ထုတ်ပြီးတော့ ခွဲစိပ်ကုသတာတို့၊ဘာတို့လုပ်ပေးမယ်ဆိုတဲ့အကြောင်းတွေကို သူတို့ ဘက်က ပြောလာတာတော့ မရှိသေးဘူး” ဟု သူကဆိုသည်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဦးညီပု၏ ဇနီး ဒေါ်ဝင်းကြည်ကိုယ်တိုင် အကျဉ်းထောင်တွင် ထောင်ဝင်စာ လာတွေ့ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း မိသားစုဝင်များကဆိုသည်။စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံ နေရသူများအတွက် ထောင်ဝင်စာကို ပို့ခွင့်ရသော်လည်း မိသားစုနှင့်တွေ့ဆုံခွင့်မှာ ယနေ့တိုင် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ် သည်။ ဦးညီပုကို မြန်မာစစ်တပ်မှ အာဏာသိမ်းသည့်နေ့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့သည်။သို့သော် အကျယ်ချုပ်ကျနေစဥ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးကိစ္စ များပါဝင်သည့် ရုပ်သံဖိုင်တစ်ခုကို ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်လွှင့်ရာ မြန်မာစစ်တပ်ဖက်က ပြန်လည် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုမှု ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၁၆။ ပြန်လွတ်လာတဲ့ ရှမ်းပြည်နယ်က နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ စောင့်ကြည့်နေ
November 21, 2022
အကျဉ်းထောင်တွေကနေ ပြန်လွတ်လာတဲ့ ရှမ်းပြည်နယ်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ သွားလာ လှုပ်ရှားမှုတွေကို စစ်ကောင်စီ လက်အောက်ခံတွေက စောင့်ကြည့်နေတာတွေ ကြုံတွေ့နေရတယ်လို့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုတင်ဘာလ ၁၇ ရက်မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းမှာရှိတဲ့ ထောင်တွေကနေ အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနေ့မှာ ရှမ်းပြည်နယ်ရှိ တောင်လေးလုံး၊ ကျိုင်းတုံ၊ လားရှိုး စတဲ့အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသား/သူ အနည်းငယ် ပြန်လည်လွတ်မြောက်လာ ပေမယ့် စောင့်ကြည့်ခံ‌နေရတယ် လို့ ဆိုပါတယ်။ “အသွားအလာတွေကို စောင့်ကြည့်တာတွေရှိတယ်။ မီဒီယာတွေကို အင်တာဗျူး မဖြေဖို့လည်း ပြောထားတယ် လို့ ပြောတယ်။ အချိန်မရွေး ပြန်ဖမ်းလို့ ရတယ်ဆိုတဲ့ သဘောပေါ့” လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်ရှိ တောင်လေးလုံး ထောင်က ၅၇ ဦး၊ ကျိုင်းတုံ အကျဉ်း ထောင်က ၄ ၃ ဦး၊ သီပေါ အကျဉ်းထောင်က ၁၆ ဦး၊ လားရှိုး အကျဉ်းထောင်က ၈ ဝဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပြန်လွတ်လာသူတွေအနက် နိုင်ငံရေးအကျဉ်းသား/သူ အနည်းသာ ပါဝင်သလိုထောင်‌ တွင်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို မီဒီယာတွေထံ မဖြေကြားဖို့ ဖိအားပေးထားတာကြောင့် လက်ရှိအချိန် တွေ့ဆုံ ဆက်သွယ်လို့ မလွယ်ကူသေးဘူးလို့ သိရပါတယ်။

၁၇။ မြစ်ကြီးနားမြို့ နှစ်နေရာဗုံးပေါက်ကွဲမှု သေဆုံးသူ သုံးဦးရှိလာ
November 21, 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ စားသောက်ဆိုင်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေက ဗုံးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက တစ်ဦး နိုဝင်ဘာလ ၂၀ ရက်မနေ့က မြစ်ကြီးနား ဆေးရုံကြီး မှာ ထပ်မံသေဆုံးသွားတယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် ဘူတာတိုက်တန်းမှာရှိတဲ့ ကျော်မေတ္တာ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ တပ်ကုန်းရပ်ကွက်က Shwe Family စားသောက်ဆိုင်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာလို့ သေဆုံးသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျော်မေတ္တာဆိုင်မှာက ကားလမ်းနဲ့ မျက်နှာချင်းဆိုင် ညာဘက်အခြမ်းက တံခါးပေါက်နားမှာ ပေါက်တာ။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ ဖြစ်တဲ့ညနေကပဲ ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတယ်။ နောက်တစ်ယောက်ကိုတော့ မနေ့က မနက် ဆေးရုံမှာကုသနေရင်း ဆုံးသွားတယ်။ တပ်ကုန်းရပ်ကွက်က Shwe Family စားသောက်ဆိုင်မှာလည်း အဲနေ့ကပဲ ဗုံးပေါက်ကွဲမှုဖြစ်တယ်၊ ဆိုင်ဝန်ထမ်းအမျိုးသမီး တစ်ယောက်ဆုံးတယ်။ ဘယ်သူတွေလုပ်တာ ဘာကြောင့်အခုလို လုပ်တာ ဆိုတာတော့ မသိရဘူး” ကျော်မေတ္တာဆိုင်ပေါက်ကွဲမှုမှာ ဦးခေါင်းထိမှန်ခဲ့တဲ့ အသက် (၃၅) နှစ်အရွယ် ဦးအောင်ဇော်လင်း ကတော့ ဆေးရုံကိုပို့နေချိန် လမ်းမှာပဲ သေဆုံးခဲ့ပြီး ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာရခဲ့တဲ့ အသက် (၂၀) အရွယ် မောင်ချစ်ဦး ကတော့ မနေ့ကမနက်ပိုင်း ဆေးရုံမှာဆုံးသွားတာလို့ ဆိုပါတယ်။

တပ်ကုန်းရပ်ကွက် Shwe Family စားသောက်ဆိုင် ပေါက်ကွဲမှုမှာတော့ ဆိုင်ဝန်ထမ်း ဖြစ်တဲ့ အသက် (၂၂ ) အရွယ် မသဇင်ဦး နေရာမှာတင် သေဆုံးသွားတာလို့ ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ညကလည်း မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေး ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

၁၈။ ကလေး-တမူးလမ်း ပိတ်ထားလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ
November 21, 2022
စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းမကြီးကို ဒေသခံ PDF တွေဘက်က ပိတ်ပင် ထားတာကြောင့် တမူးမြို့မှာ ခရီးသည် တင်ကားတွေ ပိတ်မိနေသလို စက်သုံးဆီ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းပါ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခမ်းပတ်မြို့ကနေ တမူးမြို့၊ တမူးကနေ ကလေးမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ကားတွေ တမူးမြို့မှာ ပိတ်မိနေသလို အဲဒီ လမ်းကိုအသုံးပြုပြီး ကုန်ရောင်းကုန်၀ယ် လုပ်ကိုင်နေကြတဲ့ဒေသခံတွေအခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရအမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တမူးဘက်မှာ ကုန်စျေးနှုန်းတွေက တက်လာတယ်။ ဆီစျေးကတက်တဲ့အပြင်ဝယ်လို့ မရ ဘူး။ မိုးရေးဘက်ကလည်းပိတ်ထားတော့ လမ်းက ကလေးလမ်းတစ်ခုပဲရှိတာ။ အခုတော့ ကလေး ပါပိတ်ပြီဖြစ်တော့။ တော် တော်လေးဆိုးတယ်။ ခမ်းပတ်-တမူး-ကလေး ပြေးနေတဲ့ ကားတွေလည်း တမူးကမထွက်ရသေးဘူး။ ထောပတ်တို့၊ လိမ္မော်တို့လို ကုန်စိမ်းတွေတော့ ပုပ်ကုန်တော့တာ” ကလေးမြို့နယ်မှာ စစ်ရေးတင်းမာနေတာကြောင့် ကလေး-တမူးလမ်းမကြီးကို နောက် ထပ် ခုနစ်ရက် မသွားလာဖို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က နို၀င်ဘာလ ၂၀ ရက်မနေ့မှာ ထပ်မံထုတ်ပြန်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့နို၀င်ဘာလ ၁၃ ရက်နေ့ကတည်းက အဲဒီလမ်းမကြီးကို ဒေသခံပြည်သူတွေ ခုနစ်ရက် မဖြတ်သန်းဖို့ ကလေး PDF နဲ့ တမူး PDF က စာထုတ်ပြန်ထားတာဖြစ်ပြီး အခု ထပ်တိုးလိုက်တာပါ။ အဲဒီလမ်းမကြီးပေါ်ကို ဖြတ်သန်းသွားလာရင်းဖြစ် လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေကို တာဝန်ယူ၊ တာဝန်ခံမှု မလုပ်ပေးနိုင်တာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေကိုပါ သတိပြုကြဖို့လည်း ကလေး PDF က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ နို၀င်ဘာလ ၁၅ ရက်နေ့က တမူးမြို့နယ်မှာရှိတဲ့ တမူး PDF စခန်း ခြောက်ခုကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စွန့်လွတ်လိုက်ရတယ်လို့ တမူး PDF အဖွဲ့က ပြော ပါတယ်။

၁၉။ တာချီလိတ်တွင် အသက် ၆၀ ကျော် အမျိုးသမီးတဦး အဆုံးစီရင်
November 20, 2022
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦး ကြိုးဆွဲချ အဆုံးစီရင်ကာ သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်းမှသိရသည်။ မနက် ၁၀ နာရီကျော်ခန့်က တာချီလိတ်မြို့နယ် ဝမ်ကောင်းအားခေရွာရှိ နေအိမ်တအိမ်တွင် အသက် ၆၀ ကျော် အမျိုးသမီးတဦး ကြိုးဆွဲချကာအဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီးမည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ အဆုံးစီရင်ခဲ့သည်ကို မသိရှိရသေးကြောင်း၊ သေဆုံးသူတွင် မိသားစုဝင်လည်းမရှိ ကြောင်း လူမှုကူ ညီရေးအသင်းမှ သိရသည်။ အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာသို့ အကြောင်းကြားပြီး သေဆုံးသူ၏ရုပ်အလောင်းအား တာချီလိတ် ပြည်သူ့ဆေးရုံကြီး မော်ကြူရီသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး အခက်အခဲ အကျပ်အတည်းများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်သုံးလအတွင်း ရန်ကုန် တိုင်းအတွင်း၌လည်း မိမိကိုယ်ကို အဆုံးစီရင်မှု ၅ မှုထက် မနည်းရှိခဲ့သည်။

၂၀။ မင်းပြား၊ ပေါက်တော ကားလမ်းတွင် စစ်ကောင်စီက ဂိတ်ဖွင့်ပြီး စစ်ဆေးနေ၊ ပစ္စည်း ၅မျိုးအား သယ်ယူခွင့်မပြု
November 22, 2022
ရခိုင်ပြည်၊ မင်းပြား၊ ပေါက်တော ကားလမ်းမတွင် မင်းပြားအခြေစိုက် ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ တပ်ရင်းက မြို့အဝင်၊ အထွက်ဖြစ်သည့် သုံးခွဆုံလမ်းတွင် ဂိတ်ချပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေကာ ကုန်ပစ္စည်းတစ်ချို့အား သယ်ယူခွင့် မပေး ကြောင်း ကားသမားများနှင့် မြို့ခံများက ပြောဆိုသည်။ မင်းပြားမြို့မှ ပေါက်တောမြို့သို့ သွားလာသည့်လမ်းတွင် ယခင်က စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မရှိသော်လည်း ပြီးခဲ့သည့် တစ်ပတ်လောက်မှ စ၍ မင်းပြားအခြေစိုက် ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ တပ်ရင်းတို့က ကားလမ်းတွင် ဂိတ်ချပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေခြင်းဖြစ်သည်။ မင်းပြား-ပေါက်တော သုံးခွဆုံလမ်း တွင် စစ်ကောင်စီက ဂိတ်ချပြီး စစ်ဆေးနေခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် ကုန်ပစ္စည်းများအား သယ်ယူခွင့်မပြုဘဲ ထိုပစ္စည်း များပါလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သိမ်းဆည်းထားလိုက်ကြောင်း ကားသမားများကပြောသည်။ “သူတို့ကလူတွေကို မှတ်ပုံတင် စစ်တယ်။ ပြီးတော့ ကားသမားဆိုရင် ကားလိုင်စင်တွေစစ်တယ်။ မပါတဲ့သူတွေကို တပ်ကိုခေါ်သွားတယ်။ ပိုက်ဆံ တောင်းတယ်။ ပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေ မသယ်ရတာတွေရှိတယ်။ အဲ့ဒါကတော့ ဘိလပ်မြေတွေ၊ ငရုပ်သီးတွေ၊ ဆေးဝါးပစ္စည်းတွေ စားသုံးဆီနဲ့ သံတွေကို လုံးဝသယ်ခွင့်မပြုဘူး။ အဲဒါတွေပါလာရင် အကုန်ယူထားလိုက်တယ်။ ကျနော်ဆိုရင် ပြီးတဲ့ ၃ ရက်လောက်က ဆီဂါလံဗူးနဲ့ ၂ ဗူး ပါသွားတယ်။ အဲ့ဒါကို ခင်ဗျားဘာလို့ ယူလာတာလဲလို့မေးတယ်။ သယ်ခွင့်မပေးဘူး။ သူတို့ယူသွားတယ်”ဟုပြောသည်။

ယင်းအပြင် ကားသမား တစ်ချို့ဆီက ငွေကြေး တောင်းခံခြင်း၊ ကားတွင် ပါလာသည့် လူငယ်အချို့ကိုလည်း ရိုက်နှက် ခြင်း၊ မကြာခဏ ဖုန်းများကို စစ်ဆေးပြီးနောက် ပြန်မပေးခြင်းများ ရှိကြောင်း အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြော ဆိုသည်။ “ဂိတ်မလုပ်ခင်က ကားတွေဆီကဆိုရင် ကားတစ်စီးကို ၁ သိန်းတောင်းတယ်။ ကားသမားတော်တော်များများ ပေးရ တယ်။ အဲ့ဒီနေ့ က မှတ်မှတ်ရရ ဆိုရင် ကောင်လေးနှစ်ယောက်က မင်းပြားကနေ ပေါက်တောကို လာတယ်။ နိုဝင်ဘာ ၉ ရက်နေ့ ၈ ရက်နေ့လောက်ကဖြစ်မယ်။ အဲ့ဒီကောင်လေးနှစ်ယောက်ကို AA ပါဆိုပြီး သေနတ်ဒင်နဲ့ထုတယ်။ ပါးတွေကို ခေါင်းတွေကို တအားရိုက်နှက်တယ်။ သွေးတွေထွက်ပြီးတော့ မေ့မျောခါမှ တောင်ထက်ကို ဆွဲခေါ်သွားတယ်။ နောက်ပြီးတော့ တစ်ချို့ ဖုန်း တွေကိုစစ်ပြီးတော့ ပြန်မပေးတာတွေ အများကြီးပဲ”ဟုပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ ညဉ့် ၁၁ နာရီ ဝန်းကျင် လောက်က မင်းပြားမြို့ပေါ်က သံဃာတော်တစ်ပါးဖြစ်သည့် ဦးဝရမဉ္ဇူနှင့် မင်းပြားမြို့က စီးပွားရေ လုပ်ငန်းနှစ်ဦးဖြစ်သည့် ဦးကျော်နုမောင်နှင့် ဦးမောင်ထွန်းသိန်းတို့ကို မင်းပြားအခြေစိုက် ခမရ (၃၇၉)တပ်ရင်းမှ ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိ အချိန် အထိ ၎င်းတို့အား ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

၂၁။ ထားဝယ်အကျဉ်းထောင်ရှိ အသက် ၆၀ နီးပါးရှိ နိုင်ငံရေး အကျဉ်းသူ တစ်ဦး ကျန်းမာရေး ချို့တဲ့မှုကြောင့် ဆေးရုံတင် ထားရ
November 22, 2022
ထားဝယ်အကျဉ်းထောင်မှ အသက် ၆၀ အရွယ် နိုင်ငံရေး အကျဉ်းသူ တစ်ဦး ကျန်းမာရေး ချို့တဲ့မှုကြောင့် ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ထောင်နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေသူသည် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်စန်းအေး ဖြစ်သည်။ ၎င်းအား ယခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) အရ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ မိသားစုနဲ့ နီးစပ်သူတဦးက “သူက အရင်းကတည်းက နေမကောင်းဖြစ်ပြီး ကျန်းမာရေးလည်းမကောင်းဘူး၊ အခု ထောင်ကျနေတော့သူ့ကျန်းမာရေးအတွက် စိုးရိမ်ရတယ်” ဟု မိသားစု နှင့် နီးစပ်သူတဦးက ပြောသည်။ ဒေါ်စန်းအေး သည် လက်ရှိတွင် သွေးတိုးနှင့် ဆီးချို ရောဂါတို့ကို ခံစားနေရပြီး ကျန်းမာရေး ချို့တဲ့နေကြောင်း သိရသည်။ ယခုလ ၁၅ ရက်နေ့တွင် ထားဝယ်အကျဉ်းထောင်မှ ပြင်ပပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ခံခဲ့ရပြီး ပြန်လည်ကောင်းမွန်လာခြင်းမရှိကြောင်းကိုလည်း သိရှိရပါသည်။

၂၂။ ရှမ်းနီစာပေဆရာဖြစ် သင်တန်းဆင်းပွဲ အင်းတော်ကြီးဒေသမှာ ပြုလုပ်
November 22, 2022
အင်းတော်ကြီးဒေသ ပန်းလားကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ပြုလုပ်တဲ့ ရှမ်းနီစာပေဆရာဖြစ် သင်တန်း ပြီးဆုံးတဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ “ အခြေခံကြီးပဲကို တစ်လသင်တယ်။ အဲ့တာပြီးတော့မှ စိတ်ဝင်စားတဲ့သူက နောက်ထပ်နှစ်လကိုဆက်တက်တယ်လေ။ ဒီလ ငါးရက်နေ့မှာ ပြီးသွားတာ။ အခုမှစုံတဲ့ အချိန်နဲ့ နှစ်သစ်ကူးကလည်းရောက်တော့မှာဆိုတော့ ပေးလိုက်တာ” လို့ ဦးဆောင်ဆရာတော်အရှင်ပညာဝံသက ပြောပါတယ်။ အင်းတော်ကြီးဒေသ ပန်းလားကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ဩဂုတ်လ ၂ ရက်နေ့ကစပြီး ကလေးများ၊ လူငယ်များကို ရှမ်းနီစာပေ အခြေခံအရေးအဖတ်အပြော ကို တစ်လသင်ကြားပေးခဲ့ပြီးနောက် ဆရာဖြစ်သင်တန်းကိုလည်း တစ်ဆက်တည်း သင်ကြားပေးခဲ့တာဖြစ်တယ်လို့သိ ရပါတယ်။ အင်းတော်ကြီးအင်းမြှီးဒေသက စိတ်ဝင်စားတဲ့ ရှမ်းနီလူငယ်တွေ ဒီသင်တန်းကို တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး ၄၄ ဦးရှိခဲ့ပေမယ့် သင်တန်းဆင်းတဲ့အခါမှာ ၂၈ ဦးသာရှိတယ်လို့လည်းသိရပါတယ်။

၂၃။ ကချင်ပြည်နယ်ဒေသခံများအပါအဝင် လူငယ် ၁၆ ဦး တရုတ်နိုင်ငံတွင် လူကုန်ကူးခံရပြီး ဝယ်ယူသူများက နှိပ်စက်နေ
November 21, 2022
ကချင်ပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းများမှ လူငယ် ၁၆ ဦး တရုတ်နိုင်ငံတွင် လူကုန်ကူးခံရပြီး ရိုက်နှက် နှိပ်စက်ခံနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ ဝပြည်နယ်တွင် ပွဲစားများအချိတ် အဆက်ဖြင့် အလုပ်လုပ်ရန်သွားသည့် လူငယ် ၁၆ ဦးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုတွင် လူတစ်ဦးလျှင် တရုတ် ငွေ ယွမ်ငါးသောင်းဖြင့် ကုမ္ပဏီတာဝန်ခံနှင့် ပွဲစားနှစ်ယောက်က ရောင်းစားခဲ့ကြောင်း လူကုန်ကူးခံရသူ၏ အစ်မဖြစ်သူက ပြော သည်။ “ပွဲစားမတွေနဲ့ ဖုန်းပြောတိုင်း အသံသွင်းထားတာ။ အဲ့ပွဲစားမတွေကိုယ်တိုင်က စာနဲ့ပို့ထားတာ ကလေးတွေကို။ နင်တို့ အသုံးမကျလို့ ငါတို့ရောင်းစားလိုက်တယ် ဆိုပြီးပို့ထားတာ။ သူတို့ပါးစပ်ကနေ ရောင်းစားလိုက်တာ ဟုတ်တယ်ဆိုပြီး ထွက်လာ တာ “ ဟုပြောသည်။ အခြေခံလစာ တစ်လယွမ်‌ ငါးထောင်ကျပ်ဖြင့် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ( သို့ ) ဝပြည်နယ်တွင် အလုပ်လုပ်ရမည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် အလုပ်ခေါ်သည်ကို ယုံကြည်မိရာမှ တရုတ်ပြည် တွင် ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။ အလုပ်လုပ်ရန်သွားသည့် လူငယ် ၁၆ ဦးမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကုတ်၊ မန္တလေး၊ ခင်ဦး၊ သီပေါနှင့် အခြားမြို့များမှလာရောက်သူများဖြစ်ကြပြီး မန္တလေးမြို့မှတစ်ဆင့် ရှမ်းပြည်မြောက်ပိုင်းသို့ ပွဲစားအမျိုးသမီးက ခေါ်ဆောင်သွားကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆန်းမြို့ရှိ ကုမ္ပဏီတွင် တစ်လယွမ် လေးထောင် နှုန်းဖြင့် နှစ်လနီးပါးလုပ်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာလဆန်းပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုသို့ ရောင်းစားခံရခြင်းဖြစ်ကြောင်း လူကုန်ကူးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ရောင်းစားခံခဲ့ရပြီး လူငယ် ၁၁ ဦးပါ အဖွဲ့မှာ ယူနန်ပြည်နယ်၊ ကျင်းဟုန်မြို့ ( JingHong ) တွင်ရှိသည့် မိုင်းပေါက်ကျီးစု ( Mengbo Jisu MB ) ၊ ကျင်းဟွာ ဗီလာ ( Jinhua Villa ) ဧရိယာတွင်ရှိသည့် ကုမ္ပဏီတွင် ရောင်းချ ခံရပြီး လူငယ်ငါးဦးပါအဖွဲ့မှာ လိဆန်ကုံးကွမ်အမည်ရှိ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။ ကုမ္ပဏီနှစ်ခုလုံး တွင် လုပ်ဆောင်ရသည့် အလုပ်မှာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ရသည့် လုပ်ငန်းမျိုးဖြစ်ပြီး အလုပ်ရှင်သတ်မှတ်ထား သည့် သတ်မှတ်ချက်မပြည့်လျှင် ကိုယ်ထိလက်ရောက် နှိပ်စက်ခံရခြင်းများ ခံရလေ့ရှိကြောင် လူကုန်ကူးခံရသူ၏ မိသားစုဝင် တစ်ဦးက ပြောသည်။ “လူရှာမရရင် ဒဏ်ပေးတယ်။ ထိုင်ထအခါ ၈၀၀၊ ပြီးရင်သူတို့ စိတ်ကူးပေါက်ရင် ပေါက်သလို ထခုန် လုပ်ခိုင်းတယ်။ ရိုက်တာလေ ဘယ်လောက်ထိရိုက်လဲဆို ယောကျ်ားတန်မဲ့ အော်ငိုကြတဲ့အထိပဲ။ တချို့သူတွေဆို အုတ်နံရံ အက် သွားတဲ့အထိ ခေါင်းနဲ့နံရံနဲ့ဆောင့်တာ ခံရတယ်။ ကျင်စက်တွေနဲ့တို့တယ်။ ခြေလက်တွေကျိူးတဲ့အထိရိုက်တယ်” ဟုပြောသည်။ လူငယ် ၁၆ ဦးအား လူကုန်ကူးခဲ့သည်ဟုဆိုသော ပွဲစားနှစ်ဦးမှာ မလူထုဇီ (ခ) အယ်လာ၊ မလာပေါ်မီ‌ (ခ) ညီးညီနှင့် ပန်ဆန်း ကုမ္ပဏီတာဝန်ခံ ဒေါ်ဆယော်လွမ်းစေး (ခ) မစန်းစန်း ဆိုသူတို့ဖြစ်ပြီး လူတစ်ဦးအတွက် မြန်မာငွေကျပ် ဆယ်သိန်းခန့် ကုမ္ပဏီ ဘက်မှ ပွဲစားခအနေဖြင့် ရရှိကြောင်း သိရသည်။ အဆိုပါ လူငယ် ၁၆ ဦးအား လူကုန်ကူးခြင်းနှင့်ပတ်သက်ပြီး ပန်ဆန်းကုမ္ပဏီ တာဝန်ခံ ဒေါ်ဆယော်လွမ်းစိုင်းအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့ ရောင်းစားခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။ လူကုန်ကူး ခံရသူများအား အပြင်ထွက်ခွင့်မပေးဘဲ တိုက်ပိတ်ထားခြင်း၊ ၎င်းတို့ကိုယ်ပိုင်ဖုန်းများအား သိမ်းဆည်းထားသည့် အတ္ပက်ကြောင့် ဆက်သွယ်မှုရရန် ခက်ခဲနေပြီး အုပ်ထိန်းသူများအနေဖြင့် လူကုန်ကူးခံရသည့် လူငယ် ၁၆ ဦးအား ခေါ်ထုတ်နိုင် ရန် ကြိုးစားနေ ကြောင်း မိသားစုဝင်များထံမှ သိရသည်။

၂၄။ ကျောက်တော် စကခ(၉)မှ ဖမ်းဆီးထားသည့် အလွတ်တန်းဓာတ်ပုံဆရာ ဦးစောမိုးကျော် ၂ ပတ်ခန့်ကြာအထိ မိသားစု နှင့် အဆက်သွယ်မရ
November 21, 2022
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ က ရခိုင်ပြည်၊ ကျောက်တော် တပ်မ စကခ(၉) စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရပြီး နောက် ဖမ်းဆီးခံလိုက်ရသော စစ်တွေမြို့မှ အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် ဦးစောမိုးကျော်မှာ မိသားစုများနှင့် ၂ ပတ်ခန့် ကြာလာသည်အထိ အဆက်အသွယ်မရ ရှိနေကြောင်း မိသားစုဝင်များက ပြောသည်။ ဦးစောမိုးကျော် မှာ နိုဝင်ဘာ ၈ ရက်နေ့က မင်းပြားမှ စစ်တွေသို့ ပြန်လာစဉ် ကျောက်တော်တပ်မ စကခ(၉) စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူစဥ် ဖမ်းဆီးခံ လိုက်ရခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့အထိ ၎င်းနှင့် အဆက်အသွယ် မရရှိသည့်အတွက် စိုးရိမ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “အခုအချိန်အထိတော့ ဘာသတင်းအစအနမှ မရပါဘူး။ မင်းပြားကနေ စစ်တွေကို ကားနဲ့ သွားတာ ၈ ရက်နေ့ မနက်ပိုင်းက၊ အဲ့ဒီမှာ ကျောက်တော်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံပြီးတဲ့နောက် ဖမ်းဆီးခံလိုက်ရတာ၊ မိသားစုတွေက သွားမေး တော့ ဒီမှာ (တပ်မဂိတ်) မှာ မရှိဘူးလို့သာဖြေတယ်။ မိသားစုတွေက အရမ်းစိုးရိမ်နေကြတယ် “ဟုပြောသည်။ ယင်းကဲ့သို့ ဦးစောမိုးကျော် မှာ ကျောက်တော်တပ်မတွင် ကြာရှည်စွာ ထိန်းသိမ်းထားမည်ဆိုပါက စိုးရိမ်ရပြီး စစ်ဆေးပြီးလျှင် အပြစ်ရှိပါက သက်ဆိုင်ရာ ရဲစခန်းသို့ အမြန်ဆုံးလွှဲပြောင်းပေးသင့်ကြောင်းနှင့် အပြစ်မရှိပါကလည်း ၎င်းအား အမြန်ဆုံး မိသားစုများထံသို့ လွှတ်ပေးသင့်ကြောင်း ဆိုသည်။

ကျောက်တော် တပ်မ စကခ(၉) စစ်ကောင်စီတပ်သားများက စစ်ဆေးပြီးနောက် ဦးစောမိုးကျော် ကို တပ်ထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းကို ကားသမားများက မြင်လိုက်ရကြောင်း ပြောဆိုခဲ့သည့်ဟု မိသားစုဝင်များက ပြောသည်။ “တပ်မ ဂိတ်က စစ်ဆေးတာကို ကားသမားတွေက မြင်လိုက်တယ်။ ပြီးတော့ တပ်ထဲကို ခေါ်သွားတာကိုလည်း မြင်လိုက်တယ်လို့ ပြော တယ်။ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ ကားသမားတွကို ကျနော်တို့ စုံစမ်းတယ်။ ဒီလို ပဲတစ်သံတည်း ထွက်ကြတာပါ။ သူဝတ်ထား တဲ့ အင်္ကျီနှင့် ဝတ်ထားတဲ့ ဘောင်ဘီကြည့်ပြီး ကားသားတွေက ပြောကြတာ။ သူစီးလာတဲ့ ကားသမားကတော့ သူကို သိတာပေါ့။ နောက်ပြီး ကျနော်တို့ တက်နိုင်သလောက် တပ်ထဲက လူတွေကို စုံစမ်းတယ်။ တပ်ထဲမှာ ရှိနေတယ်လို့ပြောတယ်။ ဒါက လုံးဝ အခိုင်အမာ ရရထားတဲ့သတင်းပဲ။ သူ့ကို (စစ်ကောင်စီတပ်သားများ) တစ်ခုခု လုပ်မှာစိုးရိမ်တယ်”ဟုပြောသည်။ အလွတ်တန်း ဓာတ်ပုံ ဆရာတစ်ဦးဖြစ်သည့် ဦးစောမိုးကျော်သည် မင်းပြားဇာတိဖြစ်ပြီး ၎င်းမှာ ရခိုင်ရိုးရာပွဲတော်များနှင့် အထင်ကရ ပွဲတော် များဖြစ်ကြသည့် ကျောက်တော်တောင်ပွဲတော်၊ မြောက်ဦးသျှစ်သောင်းပွဲတော်၊ မင်းပြားကျိန်းတောင်ပွဲတော်၊ ဆံတော်ရှင်ပွဲတော် များနှင့် စသည့် ရခိုင်ရိုးရာလှေလှော်ပွဲသဘင်များအား အလှဓာတ်ပုံ ရိုက်ကူးပြီး ဖော်ထုတ်နေသူတစ်ဦးလည်းဖြစ်သည်။

၂၅။ မူဆယ်မြို့ လောင်းကစားများ လူမြင်ကွင်း ပေါ်တင်ဖွင့်လှစ်
November 22, 2022
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ လမ်းဘေးများတွင် လောင်းကစားဝိုင်းများကို ပေါ်တင် ဖွင့်လှစ်ဆော့ ကစားနေ ကြောင်းသိရသည်။ မူဆယ်မြို့ပေါ် ရပ်ကွက်များဖြစ်ကြသည့် စွမ်စော်ရပ်ကွက်၊ ကောင်းမူးတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ ကောင်းမူး လွယ် နှင့် AYA ဘဏ်တို့ ဘက်တွင် လောင်းကစားဝိုင်းများကို လမ်းဘေးတွင် ပေါ်တင်စွာ ဖွင့်လှစ်နေကြကြောင်း ဒေသခံ များက ပြောသည်။ ထိုလောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ် နေမှုကြောင့် အပြင်သွားလာပါက လုံခြုံရေးမရှိသည့်အပြင် လက်ရှိ အချိန်ထိ လောင်းကစားဝိုင်းများကို အရေးယူခြင်း မရှိသေးကြောင်း မူဆယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လောင်းကစားဝိုင်းတွေက နေရာတိုင်းမှာရှိနေတော့ ညနေရောက်ပြီဆိုတာနဲ့ အပြင်မထွက်ရဲကြတော့ဘူး၊ ဥပဒေ အရဆိုလည်း ဘယ်သူကို အားကိုးရမလဲ မသိဘူး။ လမ်းဘေးမှာ ရောင်စုံမီးနဲ့ ဖွင့်နေကြတဲ့ လောင်းကစားဝိုင်းတွေ ကို ဘယ်အဖွဲ့ မှလည်း နှိမ်နင်း အရေးယူပေးတာ မရှိဘူး” ဟု မူဆယ်မြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ပေါများသည့် နေရာများတွင် အပြင်ထွက်သွားလာပါက သူခိုးများ ဓါးထောက် လုယက်မှုများ လည်း ကြုံတွေ့ရလေ့ရှိသည့်အတွက် လုံခြုံရေး မရှိကြောင်း ဒေသခံများက ဆက်ပြောသည်။ အဆိုပါ လောင်း ကစားဝိုင်းများသည် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လွတ်လပ်စွာ ဖွင့်ခွင့်ပေး ထားခြင်း ဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကလည်း ပြောသည်။ “လောင်းကစားဝိုင်းတိုင်းမှာ တရုတ်ပိုက်ဆံရှိတဲ့သူတွေက ဒိုင်ကိုင်ထား ကြတာ၊ ပြီးတော့ တရုတ်လူမျိုးတွေ ဖြစ်ကြတဲ့ ပြည်သူ့စစ်တွေကလည်း ရှိနေကြတယ်၊ ကိုဗစ် အခြေနေကြောင့် နဲ့ စားဝတ်နေ ရေးခက်ခဲပါတယ်ဆို၊ အခုက လောင်းကစားဝိုင်းကြောင့် ပိုပြီး ခက်ခဲလာရတယ်” ဟု ၎င်းက ပြောသည်။ မူဆယ်မြို့နယ်သည် စစ်ကောင်စီ တပ်ဖွဲ့အပြင် ၎င်းတို့၏ လက်အောက်ခံ တရုတ်လူမျိုးများ ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့မှ သွားလာလှုပ်ရှားနေသည့်နေရာဖြစ်သည်။

၂၆။ ဟားခါး-ထန်တလန်ကြား သီမြစ်တိုက်ပွဲတွင် စကစလက်နက်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိ
November 21, 2022
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်ချောင်းအနီးတဝိုက်တွင်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်တချိူ့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိသည်ဟု သိရသည်။ တိုက်ပွဲ အတွင်းသိမ်းဆည်းရမိသည့် လက်နက်များမှာ MA 1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ Machine gun တစ်လက်နှင့် ကျည်ဆံတစ်ထောင်ကျော်လည်း သိမ်းဆည်းရမိသည်ဟု The Chin Post က ဖော်ပြသည်။ ဟားခါးမြို့မှ ၅ မိုင်ခန့်ကွာဝေးသော သီမြင်ချောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်မှာ ၂ ပတ်ကျော် ခန့် ရှိပြီဖြစ်ကာ ထိခိုက်သေဆုံးမှုအခြေနေကိုမူ မသိရသေးပေ။

၂၇။ မြစ်ကြီးနားမြို့ ရေလယ်ကျွန်း သဲသောင်ပြင်သို့သွားရောက်သည့် အသက်(၁၂) အရွယ် မောင်ဝေယံထက် ပျောက်ဆုံးနေ
November 22, 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရေလယ်ကျွန်း မလိခသဲသောင်ပြင်ကမ်းခြေစခန်းကို သူငယ်ချင်းတွေနဲ့အတူ အလည်သွားရင်း ပျောက်ဆုံးခဲ့တဲ့ အသက် (၁၂) နှစ်အရွယ် မောင်ထက်ဝေယံ ကို ဒီကနေ့အထိပြန်တွေ့တာ မရှိသေးဘူးလို့ သိရပါတယ်။ ရမ်ပူရက်ကွက်မှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်ထက်ဝေယံဟာ နိုဝင်ဘာ ၁၉ ရက်နေ့၊ နေ့လယ် ၃ နာရီခွဲဝန်းကျင် အချိန် လောက်ကနေ ရေလယ်ကျွန်းမှာ ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ အစ်မဖြစ်သူက အခုလို ပြောပါတယ်။ “သူ့သူငယ်ချင်းတွေက ညီမကို ဖုန်းဆက်တယ်ပေါ့နော်။ပျောက်သွားတဲ့ အချိန်ကတော့ ကလေးတွေကလည်း ကြောက်ပြီးတော့ ပျောက်သွားတယ်လို့တော့ မပြောဘူး။ နှစ်ခါတော့ ဖုန်းဆက်တယ် ဖုန်းဆက်ပြီးတော့ ဘာမှမဟုတ်တော့ဘူး ဆိုပြီးတော့ ဖုန်းပြန်ချသွားတယ်။ ညီမကလည်း သူတို့စတာပဲ ဆိုပြီးတော့ ဒီတိုင်းထားလိုက်တယ် ပြီးတော့ညမိုးချုပ်လာတော့ ၇ နာရီ လောက်ဆိုတော့ ညီမလည်း မသင်္ကာတာနဲ့ သူနဲ့သွားတဲ့ သူငယ်ချင်းတွေရဲ့အိမ်လိုက်သွားပြီး မေးတော့ မဖြေသေးဘူး။ မဖြေ သေးတော့ မင်းတို့ ဘယ်နေရာတွေသွားလဲ မေးတော့ ရေလယ်ကျွန်းသွားတယ်ဆိုတော့ အဲဒီရေလယ်ကျွန်းရေဆိပ်မှာ သွားတဲ့ အခါကျတော့ မဖုံးနိုင်တဲ့ အဆုံး ပျောက်သွားတယ်လို့ သူတို့ ပြောတယ်။ ပျောက်သွားတယ်လို့ ပြောပြီးတော့ ညီမတို့ လိုက်ရှာ တယ်ပေါ့နော်။ ဒီကနေ့အထိတော့ ကလေးက မတွေ့ဘူးဟုတ်တယ်။” လို့ ဆိုပါတယ်။

အဲဒီနေ့က ရေလယ်ကျွန်းကို အလည်သွားချိန် မောင်ထက်ဝေယံနဲ့ အတူသူငယ်ချင်း ၁၀ ဦးလည်းပါရှိပြီး တစ်ခြား သူငယ်ချင်းဖြစ်သူတွေ ဆော့ကစားဖို့သွားစဉ် တစ်ဦးတည်း ဘန်ဂလိုတဲအိမ်ထဲမှာ အိပ်ပျော်ကျန်ရှိခဲ့ပြီးနောက် ပျောက်ဆုံးခဲ့တာ လို့ သူငယ်ချင်းဖြစ်သူတွေက ပြောဆိုကြောင်း မောင်ထက်ဝေယံရဲ့ အစ်မဖြစ်သူက ပြောပါတယ်။ ပျောက်ဆုံးသွားပြီးနောက် သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေကို အကူညီတောင်းခံပြီးရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီကနေ့ချိန်ထိ မတွေ့ရှိသေး ပါဘူး။

၂၈။ တာချီလိတ် ကျောက်မီးသွေးသုံး ထုံးစက်ရုံ သွားသည့်လမ်းကို ပြန်ပြင်ပေးရန် ရွာသားများတောင်းဆို
November 21, 2022
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာက ကျောက်မီးသွေးသုံး ထုံးစက်ရုံ သွားလမ်းမှ ပျက်စီးနေသော လမ်းကြောင်းများကို ပြန်ပြင်ပေးရန် ရွာသားများက တောင်းဆိုကြောင်းသိရသည်။ အနံ့ဆိုးထွက် သည့် လွယ်သထုံကျေးရွာအနီးမှ ကျောက်မီးသွေးသုံး ထုံးစက်ရုံကုမ္မဏီမှ ကားကြီးများအပါအဝင် အုတ်ဖိုကျင်းနှင့် ကျောက်ကျင်း မှ ကားကြီးများကြောင့် လွယ်သထုံကျေးရွာနှင့် မိုင်းဟဲကျေးရွာအုပ်စု လမ်းပိုင်း သည် ချိုင့်ခွက်များသဖြင့် ဖုန်ထူထပ်ကာ သွား လာရန်နှင့် နေထိုင်မှုများ ခက်ခဲနေကြောင်းသိရသည်။ “မိုးရာသီဆို ပိုဆိုးတယ်၊ ရွံ့ဗွက်တွေနဲ့ အဆင်မပြေလည်း ကြိတ်ပြီး အဆင်ပြေအောင်နေခဲ့ရတာ၊ နွေရာသီဆို တော့လည်း ဖုန်တွေတအားထူပြီး အခုလမ်းဘေးက အိမ်တွေဆို ဖုံတွေချည်း ဖုံးနေ တာ၊ ကုမ္မဏီက ကားကြီးတွေ ကြောင့် လမ်းက ပိုပျက်ပြီး ကျနော်တို့မှာ ဒီဒဏ်တွေကို ခံနေရတာ”ဟု လွယ်သထုံရွာခံ အမျိုးသား တစ်ဦးက ပြောသည်။ ဝလုံးကျေးရွာအနီးတွင် အနံ့ဆိုးထွက်သည့် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံအပြင်၊ အုတ်ကျင်း နှင့် ကျောက်ကျင်းတို့မှ ကုမ္မဏီကားကြီးများ နေ့စဥ် ၃ ခေါက်ထက်မနည်း ဖြတ်သန်းသွားလည်သည့်အတွက် လမ်းများက ပျက်စီးနေကြောင်း ၎င်းက ပြောဆိုထားသည်။

ယင်းကဲ့သို့ ချိုင့်ခွက်များဖြင့် ပျက်စီးနေသောလမ်းပိုင်းသည် မိုင်ပေါင်း ၂၀ ခန့်ရှိပြီး ဝလုံးကျေးရွာအုပ်စု၊ မိုင်ဟဲ ကျေးရွာအုပ်စုတို့မှ တာချီလိတ် _ မိုင်းဆတ် အထိ သွားလာရန် အသုံးပြုသည့်လမ်းဖြစ်သည်။ “ဖုန်တွေထူပြီး ချိုင့်ခွက်တွေလည်း အရမ်းများနေလို့ ရွာသားဘက်က ဌာနဆိုင်ရာကို တိုင်တာ၊ ကုမ္မဏီက ပြင်ပေး မယ်တဲ့၊ အခုလည်းအိမ်တွေက ဖုန်ဖုံးပြီး၊ လမ်းက ကျောက်ခင်းလမ်းပဲ ဖြစ်တော့ အဲ့ဒါတွေက ကျွံကျပြီး ချိုင့်ခွက် တွေ ဖြစ်တာ၊ ဒါကြောင့် ကားငယ်တွေ၊ အနိမ့်ကားတွေ ဆိုင်ကယ်တွေဆိုသွားလာလို့ အဆင်မပြေဘူး” ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်တွင် ရွာသားများဘက်မှ ရပ်ရွာလူကြီးများနှင့်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တွေ့ဆုံကာ အဆိုပါ လမ်းကြောင်း ပြန်ပြင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါ ကျောက်မီးသွေးသုံးထုံးဖိုစက်ရုံကြောင့် တာချီလိတ်မြို့နယ် ကျေးရွာ (၇)ရွာသာမက မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ၎င်းစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးကို ခံစားနေရသဖြင့် မြန်မာအစိုးရအနေဖြင့် သွားရောက်စစ်ဆေးပေးရန်လည်း ထိုင်းဘက်ခြမ်းက တောင်းဆိုထားသည်။

၂၉။ ကန်ပက်လက်မှာ မြို့နယ် ၄ ခုက PDF တပ်ဖွဲ့တွေရဲ့ မဟာမိတ်စစ်ရေးလေ့ကျင့်မှုသင်တန်းအောင်မြင်စွာ ပြီးစီး
November 20, 2022
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် မြို့နယ် ၄ ခုမှ PDF တပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သော မဟာမိတ်စစ်ရေး လေ့ကျင့်မှုသင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ကြောင်း CDF- Kanpetlet ထံမှ သိရသည်။ အဆိုပါမဟာမိတ်စစ်ရေးလေ့ကျင့်မှုသင်တန်းဆင်းပွဲကို CDF-Kanpetlet၊ တပ်ရင်း-၂ Vakok တပ်ရင်းတွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး မတူပီ၊ ဆော၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်တို့မှ PDF သင်တန်းသား စုစုပေါင်း ၅၈ ဦးတက်ရောက် သင်ကြား ပေးခဲ့ကြောင်း CDF- Kanpetletမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “၄ မြို့နယ်မဟာမိတ်စစ်ရေးလေ့ကျင့်မှုသင်တန်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီသင်တန်းက အင်မတန်အကျိုးရှိ ပါတယ်။ CDF/PDFတွေအနေနဲ့ မြေပြင်မှာ လက်တွေ့ အသုံးချ မှာပါ။ သင်တန်းသားစုစုပေါင်း ၅၈ ဦးတက်ရောက်ပြီး သင်တန်းဆင်းပွဲကို CDF-Kanpetlet၊ တပ်ရင်း-၂ Vakok တပ်ရင်းမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်”လို့ သင်တန်းတာဝန်ခံတစ်ဦးက ပြောသည်။ မဟာမိတ်စစ်ရေး လုပ်ကျင့်မှုသင်တန်းကို အောက်တိုဘာ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးမြေပုံထောက်နည်း၊ မိုင်းဆင်နည်း၊ မိုင်းထောင်နည်းနှင့် ရိုးရာလက်ဝှေ့တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်းသင်တန်းသားတစ်ချို့ထံမှ သိရသည်။

၃၀။ မီတာခ ပေးဆောင်ရန် လှုံ့ဆော်နေသည့် ရွှေကူ EPC ရုံးကို PDF က မိုင်းခွဲသတိပေး
November 21, 2022
မီတာခ ပေးဆောင်ကြရန် အတင်းလှုံ့ဆော်နေသည့် ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ EPC ရုံးကို ရွှေကူ PDF က ပိုင်းတွင် မိုင်းခွဲ သတိပေးခဲ့ကြောင်း သိရှိရသည်။ ရွှေကူ EPC ရုံးအနေဖြင့် လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့မှစတင်၍ မီတာခမပေးဆောင် သည့် ရွှေကူပြည်သူများ မီတာခလာရောက် ပေးဆောင်ကြရန်နှင့် လာရောက်ပေးဆောင်ခြင်း မရှိပါက မီးဖြတ်ခြင်း၊ မီတာ ဘောက်ပြန်လည် ဖြုတ်သိမ်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လှည့်လှည် လှုံ့ဆော်နေသည့် အတွက် နံနက်ပိုင်းတွင် မိုင်းခွဲ သတိပေးခံလိုက်ရကြောင်း ရွှေကူ PDF နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ”အဲ့စနေ နေ့ကစပြီး သူတို့ က အတင်းလှုံ့ဆော်နေတာ နေ့ဆိုရင်သုံးဘီးနဲ့ လော်စပီကာတပ်ပြီး အသံသွင်းထားတဲ့ဟာဖွင့်ပြီးလိုက်အော် နေတာ။ မီတာလာ ဆောင်ဖို့ ညဆိုရင်လည်း ဆိုင်ကယ်နဲ့ပတ်ပြီးမှ လိုက်အော်တယ်။ မီတာကြေး မဆောင်ရင် မီးဖြတ်မယ် မီတာဘောက်ဖြုတ်မယ် ဆိုပြီး အဲ့ကြောင့် ဒီနေ့ မနက်တော့ အစောကြီး ၄ နာရီတိတိမှာ epc ရုံးကို မိုင်းတစ်လုံးခွဲပြီး သတိပေးခံလိုက်ရတယ်။ မိုင်းက တော့ လက်ပစ်မိုင်းတဲ့ တစ်လုံးထဲပဲ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ မိုင်းသည် EPC ရုံးရှေ့ခြံစည်းရိုးတွင်ပေါက်ကွဲပြီး မနက် ၄ နာရီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိသော်လည်း EPC ရုံခြံစည်းရိုးများ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ EPC က ရွှေကူပြည်သူများအား သတိပေးလှုံ့ဆော်ရာ တွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်တိတိဖြစ်ပြီး သတိပေးကာလအတွင်း မီတာလာမဆောင်ပါက မီတာဖြုတ်၊ မီးဖြတ် မှုများပြုလုပ်မည်ဟုသိရသည်။ ”မီတာခက ဒီနှစ် ၂ လပိုင်းကနေ ၁၀ ပိုင်းစာအထိ တစ်ခါတည်း ဆောင်ခိုင်းတာ တချို့ကတော့ ၁ သိန်းကျော်လောက်ပဲကျမယ်။ တချို့ကတော့ ၃ သိန်း ၄သိန်းထိကျတဲ့သူရှိတယ်။ ဒီမှာက မဆောင်ကြတာများတယ် ကျမတို့ လည်း မဆောင်ဘူး။ ဆောင်ရင်သူတို့ကို အားပေးသလိုဖြစ်မှာပေါ့။ အဲ့ကြောင်းကျွန်မတို့က သူတို့ကို အားမပေးဘူး။ အဲကြောင့် မဆောင်ဘူး”ဟု မီတာမဆောင်သည့် ရွှေကူမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။ ရွှေကူမြို့သည် ရပ်ကွက် ၈ ခုရှိပြီး အိမ်ခြေ ပေါင်း ၃၅၀၀ ကျော် အိမ်ထောင်စု ၃၆၀၀ ကျော်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စုအထိ ရှိသည်။

၃၁။ သျှမ်းတောင်စစ်ရှောင်ဦးရေ (၁) ထောင်ကျော် စားနပ်ရိက္ခာ စတင်ပြတ်လပ်လာ
November 21, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကယားပြည် (ကရင်နီ)မှ စစ်ရှောင်လာသော စစ်ရှောင်များသည် ယခုရက်ပိုင်း တွင် အလှူမရှိတော့သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ပြတ်လပ်လာကြောင်း စစ်ဘေးရှာင်ကူညီပေးနေသည့် သူများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး စစ်ရှောင်လာရာ လက်ရှိတစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း အလှူရှင်များ မရှိသ လောက် နည်းပါးလာသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်ခဲများ ရင်ဆိုင်လာ နေရကြောင်း သျှမ်းတောင် စစ်ရှောင် ကော်မတီဝင် အမျိုးသားတစ်ဦးက ပြောသည်။ အလှူရှင်မရှိ၊ အလုပ်အကိုင် မရှိသော ကာလမှာ စစ်ရှောင်အချို့သည် စားနပ် ရိက္ခာ မလုံမလောက်မှုနှင့် တစ်နေ့ကို ဆန်ပြုတ်သာ စားသုံးခဲ့ဖူး ကြောင်း ၎င်းက ဆိုသည်။ လက်ရှိ ကရင်နီ (ကယား)ပြည်နှင့် သျှမ်းပြည်နယ်စပ်ဒေသ အနီးတဝိုက်ရှိ စစ်ရှောင် စခန်းတစ်နေရာတွင် ၄ လကြာပြီး အလှူရှင်မရှိသောကြောင့် နေ့စားအလုပ်ကို မျှော်နေရကြောင်း ဒီးမောဆို့မြို့မှ စစ်ရှောင်လာသော အမျိုးသားတစ်ဦးက ပြောသည်။ “ အခုတော့ ပြောင်းဖူးထွက်ချိန်ဆိုတော့ နည်းနည်း သက်သာသေးတယ်။ နေ့စားအလုပ်ရှိသေးတာပေါ့၊ အခု အလှူရှင် မလာတာ ၄ လရှိပြီ။ နေ့စားအလုပ်မရှိရင်တော့ ကျနော်တို့ အရမ်းခက်ခဲတယ်။ ဒီလတော့ ပြောင်းဖူးသွားချိုးရတယ် တစ်နေ့ကို (၆,၀၀၀) ရရ လိုက်သွားတယ်။ အလှူရှင်မရှိရင် နေ့စားအလုပ်ကိုပဲ မျော်နေရတယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသား တစ်ဦးကပြောသည်။

“ အရင် စစ်ရှောင်စလာတဲ့ချိန်တုန်းက အလှူရှင်တွေများပါတယ်။ ကျမ အသိမိတ်ဆွေ၊ သူငယ်ချင်း တွေဆီက အကူညီ တွေ တော်တော်ရပါတယ်။ အခုကြာလာတော့ အလှူရှင်တွေ အရမ်းရှားလာတယ်၊ အကူညီတောင်း ခံခဲ့ဖူးတဲ့သူ တွေလည်း ခဏခဏ တောင်းတော့ သူတို့လည်း ခက်ခဲလာတယ်။ ဖြစ်နိုင်ရင်တော့ ကမ္ဘကုလသမ္မက ပြီးတော့ အရေးပေါ် သုံးစရိတ်လေး တွေ ထောက်ပံ့ပေးစေချင်တယ် “ ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင် များ ဦးရေ (တစ်ထောင်) ကျော်ရှိရာ ထိုထဲတွင် စစ်ရှောင်ဦးရေ (၃၀၀) ကျော်မှာ ပုံမှန် ဆေးဝါး သုံးစွဲနေရသော နာတာရှည် ရောဂါ များနှင့် ဆေးဝါးကုသရန်လိုအပ်သော ဦးနှောက်အကြိတ်ရောဂါ၊ မျက်လုံးကွယ်နေတဲ့ ကလေးငယ်များလည်း ရှိနေကြောင်း ဆိုသည်။ “ ကလေးငယ်တစ်ယောက်က အသက် ၁၄ နှစ် သူကဦးနှောက်အကြိတ်ရောဂါနဲ့ အသားဝါရောဂါ ဖြစ်နေတယ်။ ပုံမှန် သူက တောင်ကြီးစဝ်စံထွန်း ဆေးရုံကို ဓာတ်မှန်သွားရိုက်ရတယ်။ ဆေးသောက်ရတယ်။ တစ်လတစ်လ ကလေးက ဆေးကု သနေရတာ (၁) သိန်းကျော် ကုန်ကျတယ်။ နောက်တစ်ယောက်က အသက် ၁၁ နှစ်ကလေး သူကမျက်လုံးလွှာပျက်ပြီး မျက်လုံး ကကွယ်နေတယ်။ သူကတော့စရိတ်များတော့ အခုဘာမှမလုပ်ပေးရသေးဘူး“ဟု ၎င်း စစ်ရှောင်အမျိုးသမီးက ထပ်လောင်း ပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ( နှစ်လ)ထဲတွင် ဆီဆိုင်မြို့နယ်ထဲရှိကရင်နီစစ်ရှောင် ဦးရေ စာရင်းများကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းမှ စာရင်းသွားရောက် ပြုစုခဲ့သော်လည်း စစ်ရှောင်များအတွက် အရေးပေါ် လိုအပ် သော ကုန်ကျစရိတ်များကို ယနေ့အချိန်ထိ ထောက်ပံ့ပေးခြင်း မရှိသေးကြောင်း သိရသည်။

 

Related Articles

Back to top button