ဓါတ်ပုံ – CNO(ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၁
တိုက်ပွဲဆက်လက် ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက သီးဘွာလ် စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်း (၁၀:၀၀)နာရီ အချိန်ခန့်က စစ်ကောင်စီတပ်ဟာ တိုက်ပွဲသုံးရဟတ်ယာဉ် နှစ်စင်းဖြင့် စားနပ် ရိက္ခာနှင့် လက်နက် ခဲယမ်းအကူများကို လာရောက်ပေးပို့ဆောင်ဖြည့်တင်းမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
ရိက္ခာဖြည့်တင်းမှုအပြီး နာရီဝက်အကြာ နံနက်(၁၀:၃၀)နာရီခန့်မှာတော့ CNDF နှင့် ချင်း ပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့တို့ကို တိုက်ပွဲသုံး MI-35 တို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့တို့က လာရောက်ပစ်ခတ်ခဲ့တာပါ။
အလားတူ နံနက် (၁၁:၂၀) အချိန်ခန့်မှာလည်း တိုက်ပွဲသုံးရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်တို့ဟာ ဆက်လက် ရိက္ခာများ ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
နံနက်ပိုင်း (၁၁:၃၈)နာရီခန့်မှာတော့ စစ်ကောင်စီများကို CNDF လက်ဖြောင့်တပ်သားများ (Snipers) တပ်ဖွဲ့တို့က သွားရောက် ချောင်းပစ်ခတ်ခဲ့နိုင်လို့ စစ်ကောင်စီတပ်သား(၂)ဦး သေဆုံးသွားပြီး ကျည် (၂၀၀)ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းအမျိူးသားအဖွဲ့ချုပ်(CNO/CNDF) က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် စနိုက်ဘာ မစ်ရှင်မှာတော့ CNDF တပ်ဖွဲ့တို့ တစုံတရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။