စစ်ပွဲ အတု / တိုက်ပွဲ အစစ်
မင်းသေ့ (သူ့အတွေး သူ့အမြင်)
စစ်ဝါဒနဲ့ပတ်သက်ရယ်၊ ဘယ် ပညာရှိသူတော်ကောင်းက ယထာဘူတကျကျ ဆန်းစစ်တင်ပြတာမျိုး လုပ်နေကြပါသလဲ။ စစ်ဝါဒနဲ့ပတ်သက်ပြီး နှီးနွှယ်ဆက်စပ်ရာ အကြောင်းဆက်တချို့ကို အနည်းငယ် တင်ပြချင်ပါတယ်။
ဆရာဇော်ဂျီဟာ — စစ်နှင့် လုလင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာ တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ၎င်းကဗျာကို အနည်းငယ် ဆင်ခြင်တော်မူကြပါကုန်။
■ စစ် နှင့် လုလင်
- လွတ်လပ်ရေးဟု
- ရေးဘိတ်ကုန်စင်၊ ချင်းတွင်းဝင်သည်
- လုလင်တိုက်ပွဲ ဆိုင်ခဲ့၏။
- တော်လှန်ရေးဟု
- ရန်ကြွေးဆပ်ချင်၊ တောခိုဝင်သည်
- လုလင်သေနတ် ကိုင်ခဲ့၏။
- ပွဲတစ်ခုတွင်၊ တိုက်ကင်းပြင်သော်
- အရှင်လှလှ၊ ရန်ဓားပြအား
- လက်ရဖမ်းလေ၊ မှာလိုက်ချေလည်း
- သေမင်းသခင်၊ သွေးနတ်ဝင်သည်
- လုလင် မထိန်းနိုင်ခဲ့ပြီ။
လွတ်လပ်ရေးအတွက်သော်လည်းကောင်း၊ တော်လှန်ရေးအတွက်သော်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့သော လူငယ်လုလင်တစ်ယောက်မှာ အကြမ်းစိတ် အရိုင်းစိတ်ဝင်လာပြီး မထိန်းနိုင် မကွပ်နိုင် ချွန်းမအုပ်နိုင် ဖြစ်ရတာကို ဆရာဇော်ဂျီက ဆင်ခြင်စေဖို့ ရေးစပ်ခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ မှတ်ယူရပါတယ်။
■ သေနတ်ကိုင်တဲ့လက်မှာ ဆင်ခြင်တုံတရား ရှိရဲ့လား
ကျနော်တို့တတွေ ပြောနေကျ စကားတစ်ခု ရှိတယ်။ အာဏာဟာ လူကို ဖောက်ပြန်စေတယ်— ဆိုတဲ့ စကား။ လူကောင်းသူကောင်းရဲ့ လက်ထဲကို သေနတ်ရောက်သွားတဲ့အခါမှာလည်း ဘယ်လောက်ပဲ ဆင်ခြင်တုံတရား ရှိတယ်ပဲ ပြောပြော၊ စစ်ပွဲနဲ့ စစ်ဒဏ်က ပေးတဲ့ ဖိစီးနာကြည်းချက်တွေကြောင့် ဘယ်လိုလုပ် ဆင်ခြင်တုံတရားက အဓိပတိထားနိုင်တော့မလဲ။ မလွယ်ပါဘူး။ မလွယ်ပါဘူး။
လွတ်လပ်ရေးကြောင့်ပဲ ဖြစ်စေ၊ တော်လှန်ရေးကြောင့်ပဲ ဖြစ်စေ လက်နက်ကိုင်တဲ့ လုလင်ငယ်ဟာ လက်နက်ကြောင့် အကြမ်းဖက်သမားဖြစ်သွားခြင်းကို ဆင်ခြင်စေဖို့ ဆရာဇော်ဂျီက လက်တို့သတိပေးဟန်တူပါတယ်။
မြန်မာပြည်မှာ ပြည်တွင်းစစ် ရှည်ကြာတယ်လို့ ပြောတယ်။ ကမ္ဘာစစ်မှာ သက်တမ်းအကန့်အသတ် ရှိသော်ငြားလည်း ၊ ပြည်တွင်းစစ်မှာတော့ သက်တမ်းအကန့်အသတ် မရှိဘူး ထင်ပါရဲ့။ အထူးသဖြင့် မြန်မာပြည်တွင်းစစ်ပေါ့။ တခါတရံလည်း ပြည်တွင်းစစ်ရယ်လို့သာ ပြောတယ်၊ စစ်တု။ စစ်ပွဲ အတု၊ တိုက်ပွဲ အစစ်။
- အို… ဘယ်လိုပါလိမ့်လို့ ပြောကြမယ်။ စစ်ပွဲ အတု – တိုက်ပွဲ အစစ် ဟုတ်သလား။
- ဟုတ်တယ်၊ စစ်ပွဲအတု – တိုက်ပွဲ အစစ်။
■ စစ်ပွဲဟာ လူကြီး ဆော့စရာလား
မြေပြင်မှာ တကယ်သေနတ်ကိုင်ပြီးတော့ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အရေးတော်ပုံတပ်သားလုလင်ပျိုတွေကတော့ တကယ် အသေအကြေတိုက်တယ်။ လက်တွေ့လည်း အသေခံပြီးတိုက်တယ်။ အာပလာ လုပ်တာ မရှိဘူး။ အလကားသက်သက် ရန်စတာမျိုး မရှိဘူး။ တကယ် ယုံကြည်လို့ လက်နက်ကိုင်တာ၊ တကယ် ခံပြင်းလို့ ထချတာ၊ တကယ် ခြေမှုန်းချင်လို့ တိုက်ပွဲဝင်နေတာပဲ။ ဒါပေမယ့် ဒါက အောက်ခြေမှာလေ။ အပေါ်ပိုင်း ခေါင်းဆောင်မှုပိုင်းကတော့ နိုင်ငံရေးလေထုကို ကြည့်ပြီးတော့ စစ်ကို မဟာဗျူဟာတစ်ရပ်လို၊ နည်းနာတစ်ရပ်လို၊ လမ်းစဉ်တစ်ခုလို ကစားကြတာ။ ဒါ့ကြောင့် နိုင်ငံရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး၊ လူကြီး ဆော့စရာလို့ သရော်လှောင်ပြောင်ကြဟန်တူပါရဲ့။
တကယ့် စစ်ပွဲအစစ်တွေဟာ အချိန် ကြာညောင်းကောင်း ကြာညောင်းလိမ့်မယ်။ ဒါပေမယ့် အချိန် အကန့်အသတ်ရယ်လို့ ရှိပါတယ်။ ဒါပေမယ့် စစ်ပွဲအတုမှာကတော့ အချိန်ကာလ သတ်သတ်မှတ်မှတ်လည်း မရှိသလို၊ ဘယ်နေ့ ဘယ်အချိန် ပြီးမယ်လို့လည်း အကန့်အသတ်ရယ်လို့ မရှိဘူး။ အကျိုးစီးပွား ချိန်ခွင်လျှာပေါ်မူတည်ပြီး စစ်ကို လူကြီးဆော့စရာအဖြစ် ကစားကြတာပါပဲ။
■ တိုက်ပွဲအစစ် – စစ်ပွဲ အတု
မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုထားပြီး လျှောက်လှမ်းနေကြတာပဲ။ စစ်ရယ်လို့ ဖြစ်လာရင် ပန်းနဲ့ ပေါက်ကြတာ မဟုတ်လို့ အထိအခိုက်တွေ၊ နာကျင်တာတွေ၊ သေကြေတာတွေ ရှိမှာပဲ။ နွေဦးတော်လှန်ရေးဟာ စစ်ပွဲအစစ်ဆိုရင်တော့ သေချာတယ်၊ ဒီပွဲဟာ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် ပြတ်ပြတ်သားသား ပြီးပြတ်လိမ့်မယ်။ ဘယ်ဘက်က နိုင်မလဲဆိုတာ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ရလဒ်ပေါ်လိမ့်မယ်။
အဲ… အောက်ခြေမှာတော့ တိုက်ပွဲအစစ်တွေ ဖြစ်နေပြီး စစ်ပွဲကြီးတစ်ခုလုံးကတော့ စစ်ပွဲအတုဆိုရင်တော့ — လက်နက်ကိုင်လမ်းစဉ်ဟာ အသုံးချခံ တစ်ခုထက် ပိုမှာ မဟုတ်ဘူး။ အာဏာလွန်ဆွဲအားပြိုင်ပွဲမှာ အသုံးချခံ လမ်းစဉ်ထက် ဘာမှ ပိုမှာ မဟုတ်ဘူး။
စစ်ပွဲအစစ်ထင်ပြီး တိုက်ပွဲအစစ်နဲ့ တော်လှန်ရေးအစစ်ကို အောက်ခြေလူထုက ရရာ လက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်နေကြတယ်။ တကယ့်လက်တွေ့မှာလည်း မြန်မာပြည် ပြည်တွင်းစစ်က စစ်ပွဲအစစ် ဖြစ်သင့်ပါတယ်။ စစ်ပွဲအတုတော့ မဖြစ်သင့်ပါဘူး။ ဒီလောက် နေ့စဉ်လိုလို တစ်နေရာ မဟုတ် တစ်နေရာ တိုက်ပွဲငယ်တွေ ဖြစ်နေတာ၊ သေကြေတိုက်ခိုင်ခံရမှုတွေလည်း များနေတာ ဘယ်လိုလုပ် စစ်ပွဲအတုလို့ ယိုးစွပ်နိုင်ရတာလဲလို့ နာလိုခံခက် မေးရင်တော့ — ။
အချိန်ကို အဖြေပေးခိုင်းလိုက်ပါ လို့ ပြောချင်ပါတော့တယ်။
သေနတ်ကြောင့် ဖောက်ပြန်သွားတဲ့ စရိုက်ဗီဇတွေ ရှိသလို၊ လက်နက်ကြောင့် အကြမ်းဖက်သမားဖြစ်သွားသူတွေလည်း ရှိနေပါလိမ့်မယ်။ သို့သော်လည်း တော်လှန်ရေးအစစ်၊ တိုက်ပွဲ အစစ်နဲ့ စစ်ပွဲအတု မညားဖို့ လိုပါတယ်။ နိုင်ငံရေးပိုင်းမှာ ဦးဆောင်နေတဲ့သူတွေဟာ — နိုင်ငံရေးကို လူကြီးဆော့စရာလို့ မှတ်ယူပြီး လက်နက်ကိုင်လမ်းစဉ်ကို လက်တည့်စမ်းကြည့်နေရင်တော့၊ နောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်ရမှာက ဘယ်သူမှ မဟုတ်ပါဘူး။ လူထုကိုယ်တိုင်ပါပဲ။
ရင်းနှီးမြှုပ်နှံမှုတွေ များရင် များသလောက် နောက်ဆုတ်ရခက်တဲ့ အခြေအနေမျိုးမှာ၊ စစ်စစ်မှန်မှန်တွေကိုသာ လိုချင်ပါတော့တယ်။ စစ်ပွဲအတုနဲ့ မညားပါရစေနဲ့။
မြန်မာ့နွေဦးသည်၊ တိုက်ပွဲအစစ် – စစ်ပွဲအတု မဖြစ်ပါစေနဲ့။
တိုက်ပွဲစစ်စစ်၊ စစ်ပွဲစစ်စစ် ဖြစ်ပါစေ။