ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၁
ကရင်နီပြည်၊ လွိုင်ကော်မှ ရှားတောကို စစ်ကောင်စီ Helicopter လေယာဥ် တစ်စီးနဲ့ ရိက္ခာ၊ လက်နက် လာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့က KA၊ KNDF B17 ပူးပေါင်းအဖွဲ့ အနီးကပ်သွားရောက် ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိတယ်လို့ KA ထုတ်ပြန်ပါတယ်။
အဲဒီ Helicopter လေယာဥ်ဟာ ရှားတောမြို့ထိုင် ဗျူဟာကုန်း နှင့် ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနဲ့ လက်နက်လာပို့တာလို့ သိရပါတယ်။
အနီးကပ် ပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးမှု ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရှားတောအနီးဝန်းကျင်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်ကလေး တစ်ဦး နှင့် အသက် ၅၀ ကျော် အရပ်သား တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ရှားတော စစ်ကောင်စီဗျူဟာမှူးဟာ ရှားတောကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး နောက်ထပ်ပစ်ခတ်မှု ထပ်မှန်ပြုလုပ်ပါက ရှားတောတမြို့လုံး ပြာကျသွားအောင် လုပ်မယ်လို့ ခြမ်းခြောက် ပြောဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။
အလားတူ ဘောလခဲမြို့ရှိ စစ်ကောင်စီကင်းပုန်းဂိတ်စခန်းများကိုလည်း ယမန်နေ့ အောက်တိုဘာ (၁၈) ရက်နေ့ KNDF နဲ့ KA ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခဲ့တယ်လို့ KNDF – B10 က သတင်းထုတ် ပြန်ပါတယ်။
ဘောလခဲမြို့ ၊ အဝင်ရှိ လေးထပ်တိုက်ပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် လမ်းမကြီးဘေးမှာ ပြုလုပ်ထားသော ကင်းပုန်းဂိတ်စခန်း နှင့် ပွန်ချောင်းတံတားထိပ်တို့မှာ ပြုလုပ်ထားသည့် ဂိတ်စခန်းတို့အား အောက်တိုဘာ ၁၈ ရက် နံနက် (၆)နာရီခွဲအချိန်က စပြီး KNDF (B10)၊ (B21)၊ KA တို့က စစ်ကြောင်းများခွဲ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီဂိတ်စခန်း၊ ကင်းပုန်းစခန်း တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ သွားရောက်တိုက်ခိုက်မှုအပြီး ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(၃)နာရီကျော်ကြာခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ ဘောလခဲမြို့ အခြေစိုက် စစ်ကောင်စီ၏ တပ်များဟာ လက်နက် ကြီးများကို အဆမတန် ပြန်လည်ပစ်ကူလာမှုရှိတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ နေရာများ အနီး ခရီးသွားပြည်သူများ အလျှင်စလိုမသွားဖို့ သတင်းအခြေနေများကို နားဆင်မေးမြန်းပြီးမှ ဂရုစိုက် သွားလာ ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အသိပေးထားပါတယ်။