တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 75, October 14, 2022)

 

၁။ လွိုင်ကော်ထောင်ထဲမှာ ဆေးကုသခွင့်မရလို့ အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဥ်းသားသေဆုံး
October 14, 2022
ကယား(ကရင်နီ)ပြည်နယ်ထဲက လွိုင်ကော်အကျဥ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ငယ်ဆိုတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးဟာ ဆေးကုသခွင့်မရတာကြောင့်သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင် အားစု PKPF က ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာသတင်းထုတ်ပြန်လာပါတယ်။ သေဆုံးသူကိုမောင်ငယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီကဖမ်းဆီးသွားတာ ဖြစ်ပြီး အကြမ်းဖက်မှုပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ်ချခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ မှာတော့လွိုင်ကော်အကျဥ်းထောင်ထဲမှာ ဆေးကုသခွင့် ကောင်းစွာမရတာကြောင့် သေဆုံးသွားရတာဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

အကျဥ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ ဆေးကုသခွင့်ကောင်းစွာမရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ထောင်နဲ့နီးစပ်သူတွေဆီက အာဏာသိမ်းကာလတစ်လျှောက်ပြောဆိုထုတ်ပြန်နေပါတယ်။ ကယားပြည်နယ်ထဲ ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ အရပ်သား ၃၃၃ ယောက်ရှိနေပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၃ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးကတည်းက ကယားပြည်နယ်မှာ သေဆုံးသူအရပ်သားကတော့ ၂၇၉ ယောက်အထိရှိနေတယ်လို့ ကရင်နီ လူမှုအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးရတာတွေရှိသလို စစ်ဘေးရှောင်ရင်း သေဆုံးရသူတွေလည်းရှိတယ်လို့လည်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

၂။ RCSS ရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို SSPP ပယ်ချ
October 13, 2022
ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က လက်ရှိ စစ်ရေး၊ နိုင်ငံရေးပြဿနာများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးလို ကြောင်း ကမ်းလှမ်းတဲ့ ကြေညာချက်ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲလို ထုတ်ပြန်ပြီး ရက်ပိုင်း အကြာမှာပဲ ရှမ်းပြည်အခြစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က RCSS ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။

အကြောင်းကတော့ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက် ထုတ်ပြန်ပြီး နောက် တစ်ရက်မှာပဲ RCSS က မိုင်းကိုင်မြို့နယ် ထဲက SSPP ထိန်းချုပ်ထားတဲ့ နေရာ နှစ်ခုကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ RCSS နဲ့ SSPP ဟာ နယ်မြေအငြင်းပွားမှုကို အကြောင်းပြုပြီး ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ကာလရှည်ဖြစ်ပွားခဲ့ပြီး၊ အခု အချိန်အထိလည်း စစ်ရေးအခြေအနေတွေတင်းမာနေဆဲဖြစ်ပါတယ်။ အဲဒီ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့စလုံးဟာ အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းတက်ရောက်ထားပါတယ်။

၃။ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ RCSS၊ PNLO နယ်ထဲဝင်လာလို့ တိုက်ပွဲဖြစ်
October 13, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထိန်းချုပ် ဒေသ ဖြစ်တဲ့ ကဒူးကြီးဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နဲ့ PNLO တို့ အောက်တိုဘာ ၁၁ ရက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကဒူးကြီး ထိန်းချုပ် နယ်မြေမှာ PNLO တပ်ဖွဲ့ဝင်တွေ နယ်မြေ လုံခြုံရေး ကင်းလှည့်နေစဉ် ကျူးကျော်လာတဲ့ RCSS တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ တာလို့ PNLO ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောဆိုခဲ့ကြောင်းသိရပါတယ်။ “NCA ရဲ့ သဘောတူ စာချုပ်အရ နယ်မြေထဲကို ဝင်လာမယ်ဆိုရင် အကြောင်းကြားရမယ်။ အခု RCSS က ဘာမှ အကြောင်းမကြားဘဲနဲ့ ဝင်လာတယ်။ အဲ့မှာ ဒီဘက်ကလည်း ကင်းလှည့်နေတဲ့ အချိန် တွေ့တော့ တိုက်ပွဲဖြစ်ခဲ့တာ” လို့ ၎င်းက ပြောပါတယ်။

တိုက်ပွဲမှာ RCSS ဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ PNLO ရဲဘော် ၂ ဦးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ကြားသိရတာကတော့ သူတို့ဘက်က ၂ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ကြားသိရတယ်။ ဒါက တော့ သေသေချာ အတည်မပြုရသေးဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ထားတဲ့ တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ RCSS ဟာ ကဒူးကြီးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)နဲ့ ပူးပေါင်း လှုပ်ရှားနေတယ်လို့ PNLO တာဝန်ရှိသူတစ်ဦးက ပြောဆိုပေမယ့် သီးခြား အတည်ပြုနိင်တာတော့ မရှိသေးပါဘူး။

၄။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
October 13, 2022
ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်အား တိုက်ပွဲဝင်လျက်ရှိသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF – Daai ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။ အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ နံနက် ၇ နာရီ ၃၀ မိနစ်မှ စတင်ကာ ချင်းအဆိုတော် ထောင်ဘွေး ၊ ဒေးဗစ်လိုင်နှင့်အတူ Vaurawng Team တို့က ပူးပေါင်း၍ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ Chinland Defense Force – Daai သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အခြေချ လှုပ်ရှားပြီး မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်များသို့ စစ်ကူအဖြစ်သွားရောက် ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။ ချင်းပြည်နယ်၏ အမျိူးသားလုံခြုံရေးအတွက် အလွန်အရေးကြီးသည့် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် နယ်စပ်တစ်လျောက် အဓိကလှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

CDF -Daai အတွက် အရေးပေါ် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိပြီး တော်လှန်ရေးကာလ အရှိန်မြင့်လာသည်နှင့် အမျှ မြေပြင်တွင် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် ဆေးဝါးပစ္စည်းများပြတ်လပ်နေပြီး မိုးကာအင်္ကျီများနှင့် အနွေးထည်များစွာ လိုက်အပ်လျက်ရှိနေကြောင်း CDF -Daai အထွေထွေအတွင်းရေးမှူး Ai Bax က ဆိုသည်။ အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်သောကြောင့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို လူကြီးမင်းများ ကိုယ်တိုင် လာရောက်ကူညီ ပါဝင်ပေးနိုင်ပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါကြောင်း CDF -Daai ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နောက်ဆုံးသိရသော မြေပြင်အခြေအနေများအရ CDF – Daai လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့မှုမဖြစ်ပွားသော်လည်း မကြာခဏ ဝေဟင်မှ ရဟတ်ယာဉ်များ ပျံသန်းပြီး ထောက်လှမ်းမှုမျိုးရှိနေကြောင်း အထွေထွေ အတွင်းရေးမှူးက ထပ်ဆင့်ပြောကြားခဲ့သည်။

၅။ NCA အခြေခံမူ ၃ ရပ်ကို ရှင်းလင်းတင်ပြလို၍ ၇ နှစ်ပြည့် NCA ဂုဏ်ပြုပွဲဲကို တက်ရောက်မည်ဟု PPST ဆို
October 14, 2022
NCA ၏ အခြေခံမူ ၃ ရပ်ကို ယနေ့အချိန်အထိ ဆက်လက်အကောင်အထည်ဖော်နေကြောင်း ရှင်းလင်းတင်လိုသည့် အတွက် ၇ နှစ်ပြည့် NCA အထိမ်းအမှတ် ဂုဏ်ပြုပွဲကို တက်ရောက်မည်ဟု အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောသည်။ NCA အခြေခံမူ ၃ ရပ်မှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများ အကာအကွယ်ပေးရေး စသည့်အချက်များကို ရှင်းလင်းတင်ပြလိုသည့်အတွက် ၇ နှစ်ပြည့် NCA လက်မှတ်ရေးထိုးခြင်း ဂုဏ်ပြုမှု အခမ်းအနားကို တက်ရောက်ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၁၄ ရက်(ယနေ့) PPST ၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။ ထို့အပြင် NCA သည် ပြည်တွင်းစစ်ကို ဦးတည်နေသည့် လက်ရှိ အကြမ်းဖက် ပဋိပက္ခများကို ရပ်စဲ၊ လျော့နည်းစေပြီး နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး အခြေခံအပေါ် ပြည်သူလူထု အများစုက လိုလားတောင်တနေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြည်လည် အစပျိုး တည်ဆောက်ရန် လမ်းစဖြစ်သည်ကို အလေးအနက် ယုံကြည်သည်ဟု PPST က ဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ဖြင့် စတင်လက်မှတ်ရေးထိုး ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်် ဒေါ်အောင်းဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်တွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ ထပ်မံ လက်ရေးထိုးခဲ့သည့်အတွက် လက်ရှိ အချိန် အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ရှိသည်။ သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် NCA လက်မှတ်ရေး ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့က စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ လာခဲ့ပြီး NCA လမ်းကြောင်းက တစ်ဆင့် ပြုလုပ်သည့် နိုင်ငံရေး ဆွေးနွေးမှုများတွင်လည်း ပါဝင်လာခြင်း မရှိတော့ပေ။ NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြု တပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

၆။ KNU တပ်မဟာ ၅ တွင် ၅ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံး၊ စစ်တပ်နှင့် BGF များ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ
October 13, 2022
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်တွင် အောက်တိုဘာလ ၇ ရက် မှ ၁၁ ရက်နေ့အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့် BGF တပ်ဖွဲ့များ သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။ ထို့ပြင် အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဖာပွန်ခရိုင်အတွင်း၌ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အလားတူ အောက်တိုဘာလ ၉ ရက်နေ့တွင် KNLA တပ်ဖွဲ့ဝင်များက ဖာပွန်မြို့အနီးရှိ ကူးဆိပ် ကျေးရွာအတွင်း ၁ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၁ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ အမှတ် ၅ တပ်မဟာတပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်အား လူသောမြို့နယ်တွင် ၁ ကြိမ်၊ ဘူးသိုမြို့ နယ်တွင် ၁ ကြိမ် ချုံခို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ၁၀၁၃ တပ်ရင်းမှ ဗိုလ်ကျော်ဝင်းက အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဒွယ်လိုးမြို့နယ် ပိုဂါကျေးရွာအတွင်း လက်နက်ကြီး ၉ လုံး ပစ်ခတ် ခိုင်းခဲ့သောကြောင့် ကျေးရွာနေပြည်သူ နော်တာဖိုးအေးနှင့် စောတာကလိုမယ်တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ အလားတူ အောက်တိုဘာလ ၇ ရက်နေ့ တွင်လည်း ဖာပွန်မြို့အခြေစိုက် အကြမ်းဖက် စစ်တပ်မှ ဖာပွန်မြို့ အနောက်ဘက်ကမ်းရှိ ခလယ်ခိုရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး ၃ လုံး ရွာထဲကျရောက်ကာ အသက် ၅၁ နှစ်အရွယ်ရှိ နော်မူကြာအား ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း KNU-မူတြော် သတင်းစဥ်မှ ထုတ်ပြန်ထားသည်။

၇။ ဟားခါးမြို့နယ် နှစ်နေရာတိုက်ပွဲ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် ၄ ဦး ကျဆုံး
October 13, 2022
ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က ဟားခါးမြို့နယ်အတွင်း နှစ်‌နေရာတွင်တိုက်ပွဲဖြစ်ပွားပြီး ချင်း‌တော်လှန်ရေး တပ်ဖွဲ့ဘက်၌ ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မနက်ပိုင်း ၁၀နာရီခန့်တွင် ဟားခါး-ထန်တလန်အကြား သီမစ် လွင်ပြင်အနီးတွင် CNA တပ်ဖွဲ့၀င်များ ခြုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံးကာ သေနက် ၂ လက်နဲ့ စိန်ပြောင်း တစ်လက်အား စကစတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။ ညနေပိုင်း ၃ နာရီခန့်တွင် ဟားခါးမြို့ ပညာရေးကော်လိပ်၌ တပ်စွဲသော စကစတပ်ဖွဲ့အား ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခဲ့ပြီး တိုက်ပွဲအတွင်း CDF ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ဟားခါးပညာ ရေးကော်လိပ် တိုက်ပွဲတွင် စကစဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်းသိရသော်လည်း ကျဆုံးဒဏ်ရာရ အရည်အတွက် အတိကျ သိရှိနိုင်ခြင်းမရှိပေ။ ယနေ့ အောက်တိုဘာ ၁၄ ရက်တွင်လည်း ဟားခါး-ထန်တလန်ကြားတွင် စကစတပ်ဖွဲ့နှင့် ချင်းတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

၈။ မောင်တော ဖားဝပ်ချောင်းမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ကျေးရွာသားများ ပိတ်မိနေ
October 13, 2022
ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ ဖားဝပ်ချောင်းကျေးရွာမှ နေအိမ်အချို့ကို ယနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ပိုင်းတွင် စစ်ကောင်စီတပ်မှ မီးရှို့လိုက်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။ ညပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် ရွာအတွင်း သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက ရွာအရှေ့ဖက်တောင်တန်းနားရှိအိမ်တစ်ချို့ကို မီးရှို့လိုက်ပြီး ကျေးရွာသား များအားလည်း ဘုန်းကြီးကျောင်းတွင် ပိတ်လှောင်ထားကြောင်း ဒေသခံတစ်ဦးက Western News ကိုပြောဆိုခဲ့ကြောင်းသိ ရသည်။ “ဒီကနေ့ ညပိုင်း ၆ နာရီဝန်းကျင်လောက်မှာ မီးရှို့လိုက်တာပါ။ ရွာအရှေ့ဖက်တောင်တန်းနားက အိမ်တစ်ချို့ကို မီးရှို့ လိုက်တာ။ ၅ လုံးလောက်ပါသွားတယ်။ ရွာသားတွေတော့ အထဲမှာပိတ်မိနေတယ်။ ဘုန်းကြီးကျောင်းမှာစုနေကြတယ်။ စစ်သား (စစ်ကောင်စီတပ်သား) တွေလည်းရွာထဲမှာရှိနေသေးတယ်” ဟုပြောသည်။

ဖားဝပ်ချောင်းကျေးရွာမှာ ကျီးကန်ပြင်ဌာနချုပ်နှင့်နီးစပ်သည့် ကျေးရွာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ နေအိမ်မီးရှို့သည့် စစ်ကောင်စီတပ်သားများမှာ တပ်မ ၇၇ မှ တပ်သားများဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။ ယင်းအပြင် ယင်နေ့ ရာတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း လည်း ဒေသခံများက ပြောသည်။ “သူတို့လက်မောင်းတံဆိပ်မှာတော့ တပ်မ ၇၇ ကပ်ထားတာတွေ့တယ်။ သူတို့က ဌာနချုပ်ကိုရောက်တာမကြာသေးဘူး။ ၁ လကျော်လောက်ပဲရှိသေးတယ်။ ဗမာပြည်ဖက်ကဆင်းလာကြတာ” ဟုပြောသည်။ တပ်မ ၇၇ မှာ တောင်ပိုင်း စစ်ဌာနချုပ် နယ်မြေတစ်ခုဖြစ်သည့်ပဲခူးတိုင်း၊ ပဲခူးမြို့အခြေစိုက် ခြေမြန်တပ်ရင်းတစ်ခုဖြစ်သည်။ လက်ရှိ စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ သည့် ဖားဝပ်ချောင်းကျေးရွာမှာ အိမ်ခြေ ၁၄၀ ခန့်ရှိပြီး ဒေသမတည်ငြိမ်မှုများကြောင့် ကျေးရွာသားအချို့မှာ မောင်တောမြို့ ပေါ်တွင် ခိုလှုံနေသူများလည်းရှိသည်။

၉။ စစ်ရှောင်သွားသည့် နမ္မတူမြို့နယ်က ဇင်လီရွာသား နေအိမ်တချို့ ဖောက်ထွင်းဖျက်ဆီးခံရ
October 13, 20220
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်ရသည့် ဇင်လီကျေးရွာမှ ဒေသခံ များ၏ နေအိမ်တချို့သည် ဖောက်ထွင်းဖျက်ဆီး ခံလိုက်ရကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် နမ္မတူ မြို့နယ် ဇင်လီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊ PDF တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများစစ်ရှောင် ထွက်ပြေးနေစဥ်တွင် နေအိမ်များ ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ဒေသခံ များက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း စစ်ရှောင်သွားသည့် ဇင်လီရွာသားများ နေအိမ်သို့ ပြန်လာစဥ် နေအိမ်တံခါးများ ပျက်စီးနေပြီး အိမ်တွင်းပစ္စည်းများလည်း ဖရိုဖရဲဖြစ်နေကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောဆိုခဲ့ကြောင်းသိရသည်။“တချို့စစ်ရှောင်တွေကျတော့ ဒီလ ဆန်းပိုင်းကတည်းက အိမ်ပြန် ရောက်တာ ရှိတယ်၊ တချို့ကလည်း ၉ ရက်/၁၀ ရက်ကပြန်လာတာလည်းရှိတယ်၊ ဒီနောက်ပိုင်းမှ ပြန်လာတဲ့ စစ်ရှောင်တွေရဲ့ အိမ်တံခါး ဖောက်ခံရတာ သိရတယ်၊ သူတို့အိမ်က ဆိုင်လေးဖွင့်ထားတာပါ၊ ပစ္စည်းတွေလည်းပျောက်တယ်၊ အရင်က ပြန်လာတဲ့ ဒေသခံ အိမ်တချို့လည်း ဖောက်ခံရတယ်တဲ့၊ ဖောက်ခံရတဲ့ အိမ် လေး/ငါး အိမ်လောက်ရှိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖောက်ထွင်းခံရသည့် ကုန်စုံဆိုင်အသေးစား၊ အိမ်တွင်း အသုံးအဆောင်ပစ္စည်းတချို့ နှင့် ဆိုင်ထဲမှ ပစ္စည်းများလည်း ပျောက်ဆုံးကြောင်း သိရသည်။ ထို့အပြင် စစ်ရှောင်သွားစဥ် ရွာအပြင် တောအုပ် ယာခင်းအစပ်နား ဖွက်ထားသည့် ဇင်လီရွာသား ဆိုင်ကယ် နှစ်စီးလည်း ဖျက်ဆီးခံလိုက်ရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ “ 125 ဆိုင်ကယ် ၂ စီးကို တောအုပ်ထဲ သွားပုန်းထားတာပေါ့၊ မီးရှို့ထားတာရော၊ ဒူးကာတွေ ရိုက်ထားတာရော ဖျက်စီးထားတာ၊ အခုရွာထဲကို ပြန်လာတဲ့ စစ်ရှောင်တွေ ကို ရှိသလို မလာသေးတဲ့ စစ်ရှောင်လည်းရှိတယ်၊ ရွာထဲ ရှိနေတဲ့သူတွေလည်း လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဇင်လီဒေသများသည် စိုးရိမ်ကြောက်လန့်မှုဖြင့် နေထိုင်ကြရပြီး တိုက်ပွဲနောက်တစ်ဖန် ပြန်လည်ဖြစ်ပွား မည်ကိုလည်း စိုးရိမ်ကြောင်း သိရသည်။

၁၀။ စစ်တွေက ပြည်သူ ၂ ဦးကို ULA အဖွဲ့ဝင်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
October 14, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို ULA အဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာယာရွာ ဒေသခံတယောက်က “စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၃ ရက် ည ၁၂ နာရီကျော်လောက်က စစ်ကောင်စီတပ်အင်အား ၃၀ လောက် ကားတွေနဲ့ ရောက်လာပြီး ကိုမောင်သန်းဌေးနဲ့ ယောက်ဖတော်စပ်သူ ကိုထွန်းလှိုင်ကျော်တို့ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာ” လို့ ပြောပါတယ်။ သူတို့ ၂ ယောက်ဟာ ULA အဖွဲ့ဝင် မဟုတ်ဘဲ ရွာမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူတွေဖြစ်ပြီး ရပ်ရေးရွာရေး လူမှုရေးကိစ္စတွေမှာ တက်တက်ကြွကြွ လုပ်ဆောင် ပေးနေတာကြောင့် စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ကိုယ်တိုင်ခန့်ထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ဝန်ထမ်းတွေကိုလည်း ULA/AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးသလို စစ်ဘေးရှောင် ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ ပရဟိတသမားတွေကိုလည်း စွပ်စွဲပြီး အမှုဖွင့် ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်က မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ ဧည့်စာရင်းစစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး လက်နက်ကိုင် တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံး သွားလာမရအောင် ပိတ်ဆို့ကာ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်လည်း ပိတ်ထားပါတယ်။

၁၁။ မော်လမြိုင်-ဖားအံ ကားလမ်းတစ်လျှောက် ပစ်ခတ်မှု ဓါတ်ပုံများကို လူမှုကွန်ရက်ပေါ်တင်သူများအား လိုက်လံဖမ်းဆီး
October 13, 2022
မော်လမြိုင်ဘက်မှ ဖားအံသို့ တက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကား ၉ စီးသည် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကားလမ်းမတစ်လျှောက်ရှိ ကျေးရွာများသို့ လက်နက်ကြီးလက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်သွားခဲ့သည့် ဓါတ်ပုံများကို လူမှုကွန်ရက်ပေါ်တင်သူများအား စစ်ကောင်စီနှင့် နယ်မြေခံရဲများက လိုက်လံ ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။ လူမှုကွန်ရက်ပေါ်တင်ထားသည့် ကော့ပရံရွာမှ မူရင်းဓါတ်ပုံရိုက်ကူးသူ တစ်ဦး သည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ ရဲနှင့်စစ်ကောင်စီတို့က ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ထပ် ကွင်းဆက်များကို လိုက်လံစုံစမ်းစစ်ဆေးကြသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောဆိုခဲ့ကြောင်း သိရသည်။ ၎င်းက “ ကော့ပရံရွာက မူရင်းပုံရိုက်တဲ့သူကို ဒီနေ့မှာပဲ လာဖမ်းသွားတယ်လို့ သိရတယ်။ ဒီနေ့အိမ်အထိသွားဖမ်း ခဲ့ပြီး ပို့တင်တဲ့သူတွေကိုလည်း ကွင်းဆက် လိုက်လံစုံစမ်း ဖမ်းဆီးစစ်ဆေးနေတယ်။ ဖမ်းဆီးခံရသူ အမည်ကိုတော့ အခုတော့ မသိရသေးပါ” ဟု ပြောသည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့်ရဲများက ဒေသခံများကို ခေါ်ယူမေးမြန်းစစ်ဆေးမှုများပြုလုပ်ကြပြီး ဒေသခံများ၏ လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြသဖြင့် ဒေသခံများအတွက် သွားလာရေး အတွက် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု ကေအဲန်ယူ၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်မှ တာဝန်ရှိတစ်ဦးက ပြောသည်။ သူက “ဌာနေလူထုတွေ အတော်လေး အခက်အခဲတွေ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကိစ္စနောက် ဆက်တွဲကြောင့် ဒေသခံတွေကိုစစ်ဆေးမှုတွေထပ်လုပ်ကြတယ်။ ဖုန်းလည်းစစ်တယ်။ ဖမ်းခေါ်သွားကြတာ တွေလည်း ရှိတယ်လို့ သိရတယ်။”ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် မော်လမြိုင်-ဖားအံ ကားလမ်းမကြီးတစ်လျှောက်ရှိ ကော့ပရံရွာမှ စတင်၍ မူကဝါရွာ အထိ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ၊ ဒုံရင်းမြို့နယ် ၏ ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

၁၂။ ရွှေကူနယ် စီမော်တွင် လက်နက်ကျည်ထိမှန်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း မီလောင် ပျက်စီး
October 14, 2022
ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် စီမော်ကျေးရွာဘက်သို့ စစ်ကောင်စီ တပ် စစ်အင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် လမ်းခုလပ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့၏ စောင့်ကြိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ကျေးရွာရှိသည့်ဘက်သို့ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု KPDF နှင့်နီးစပ်သူ တစ်ဦး KNG သတင်းဌာနကိုပြောဆိုခဲ့ကြောင်းသိရသည်။ “စစ်သားတွေ စစ်ကြောင်းထိုးဝင်လာလို့ KPDF အဖွဲ့တွေက စောင့်ကြို တိုက်ခိုက်လိုက်တဲ့သဘောပါ။ အဲ့ဒါကိုသူတို့က ကြောက်လို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ် တာ ရွာထဲမှာ လက်နက်ကျည်တွေသွားကျတယ်။ ရွာသားတွေကပြောတာက နေအိမ်ခြောက်လုံးလောက်လောင်သွားတယ်။ ပြီးရင် တစ်ချို့က ထွက်မပြေးနိုင်ပဲ ကိုယ့်အိမ်မှာပဲ ကျန်ရှိနေတဲ့သူတွေရှိတယ်။ အဲ့တော့ မနေ့က စစ်သားတွေပစ်လိုက်တဲ့ လက်နက်ကြောင့် ပြည်သူ ၂ ယောက်ထိသွားတယ်”ဟုပြောသည်။

စီမော်ကျေးရွာနေပြည်သူများသည် အောက်တိုဘာလ ၁၃ ရက်နေ့မတိုင်မှီအတွင်းမှ ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြပြီး တစ်ချို့မှာ မတိမ်းရှောင်နိုင်ဘဲ နေအိမ်တွင် ရှိနေစဉ် အမျိုးသား ၂ဦး လက်နက်ကြီးကျမှန်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ အဆိုပါ စီမော်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ရွာလုံးကျွတ် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်များပြောသည်။

၁၃။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း နေအိမ်ချိပ်ပိတ်ခံရ
October 13, 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာရှိတဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ရဲ့ နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက် မနေ့က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ချိပ်ပိတ်ခံရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားပြောဆိုမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ခွန်မြင့်ထွန်း က RFA ကို ပြောဆိုခဲ့ကြေင်းသိရပါတယ်။ “အိမ်တွေကို ချိတ်ပိတ်တာကတော့ တစ်တိုင်းပြည်လုံး ဖြစ်နေတဲ့အချိန်၊ တစ်တိုင်းပြည်လုံးမှာ ဒီလိုပဲ ဒုက္ခတွေရောက်နေတာဆိုတော့ ကျနော်တို့မိသားစု အတွက်ကတော့ ထူးခြားတဲ့ ဟာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ရှိသ၍ကတော့ ကျနော်တို့တိုင်းပြည်မှာ ဒီလိုဒုက္ခတွေကတော့ ကြုံကြမှာပါ။ စစ်အာဏာ ရှင်တွေကတော့ သူတို့အလုပ်သူတို့လုပ်တာပေ့ါလေ။ ကျနော်တို့ကလည်း ကျနော်တို့အလုပ် ကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်” အဲဒီနေအိမ်ဟာ ခွန်မြင့်ထွန်းရဲ့ မိသားစုပိုင်နေအိမ်ဖြစ်ပြီး စစ်တပ်၊ ရဲနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်ပြီး ချိပ်ပိတ် သွားတာလို့ ဆိုပါတယ်။

အဲဒီအိမ်နေရာကို ၁၉၈၈ အရေးအခင်းကာလအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ချိန် ကတည်း က NLD ပါတီရဲ့ ဆိုင်းဘုတ်နဲ့ အလံထောင်ပြီး ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ အဆက်ဆက် ပါတီရုံးအနေနဲ့ အသုံးပြုခဲ့တာလို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ခွန်မြင့်ထွန်းဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို လက်ရှိမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။ PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ညီလာခံ အပြီးမှာ ဖွဲ့စည်းခဲ့ပြီး အာဏာရှင်စနစ်အမျိုးမျိုးကို တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် ပါဝင်သွား မယ်လို့ စတင်ဖွဲ့စည်းခဲ့စဉ် ကြေညာထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) မှာလည်း ခွန်မြင့်ထွန်းက ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ပါတယ်။

၁၄။ ပလက်ဝတွင် ညီအစ်ကိုနှစ်ဦးကို စစ်တပ်ကဖမ်းဆီး
October 14, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ညီအစ်ကိုနှစ်ဦးကို အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ပလက်ဝမြို့၊ ပလုပ်တောင် ရပ်ကွက်မှ ကိုခိုင်ဆန်းဖြိုး(၂၅ နှစ်)အား အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏အစ်ကိုဖြစ်သူ ညောင်ပင်ကုန်း ရပ်ကွက်မှ ဦးစောလှ (၃၀ နှစ်)အား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အင်အား ၂၀ ခန့်ရှိသည့် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ယမန်နေ့(အောက်တိုဘာလ ၁၃ ရက်) ညနေ ၉ နာရီခန့်တွင် နေအိမ်သို့ ဧည့်စာရင်းလာစစ်စဉ် ကိုခိုင်ဆန်းဖြိုး ကို ဖမ်းဆီးခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ မခိုင်သန်းဝေက DMG သတင်းဌာန ကိုပြောဆိုခဲ့ကြောင်း သိရသည်။ “ရပ်ကွက်လူကြီးတွေတော့ မပါဘူး။ အိမ်ထဲဝင်ပြီးဖမ်းတာပါ။ ဘာလို့ဖမ်းလည်းဆိုတာလည်း တစ်ခုမှမပြောခဲ့ပါ။ ဧည့်စာရင်းလာစစ်တာလို့ပြောပါတယ်။ ဆိုတော့ စာရွက်ပြလိုက်တယ်။ အိမ်ထောင်စုစာရင်းလည်း ပြလိုက်တယ်။ ပထမ သူ့အစ်ကို ဦးစောလှ အိမ်မှာရှိလားမေးတယ်။ ထပ်ပြီး ခိုင်ဆန်းဖြိုးရှိလား ခဏခေါ်ပေးပါပြောပြီး သူအိပ်ရာကထလာတာ မြင်တာ နဲ့ ခဏလာခဲ့ပါအုံးပြောတယ်။ လူအားလုံး ဝိုင်းပြီး လက်ပြန်ကြိုးတုပ်ကာ ခေါ်သွားတယ်။ မေးစရာရှိလို့ ခဏလေးခေါ်သွားမယ် ဆိုပြီး ပြောခဲ့တယ်”ဟု ၎င်းကပြောသည်။

ကိုခိုင်ဆန်းဖြိုးတွင် ၁ နှစ်အရွယ် သားတစ်ဦးရှိပြီး မိသားစုမှာ ၎င်းကိုမှီခိုနေရသည့်အတွက် အပြစ်ရှိလျှင်လည်း ဥပဒေ အရအရေးယူပြီး အပြစ်မရှိလျှင်လည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မခိုင်ဝေသန်းက ဆက်၍ပြောသည်။ “အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အပြစ်ရှိတယ်ဆိုရင်လည်း တရားဥပဒေအရ အပြစ်ပေးတာကိုခံပြီး အပြစ်မရှိဘူးဆိုရင် လည်း ကျွန်မယောကျ်ားကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ဒီလိုမျိုး ဖမ်းထားတာကို ကျွန်မကြောက်မိပါတယ်။ ကလေး တစ်ယောက်နဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး”ဟု ၎င်းကဆိုသည်။ “ဒီနေ့ မနက် ၅ နာရီကျော်လောက်က အိမ်ကိုလာပြီး ဖမ်းတာပါ။ ဘာဖြစ်လို့ ဖမ်းလဲဆိုတာလည်း မပြောခဲ့ပါ။ စစ်ဆေးစရာရှိတယ်။ ပထမ အဖေနာမည်ကိုခေါ်တယ်။ ထလာတော့ ထပ်ပြီး ကိုဦးစောလှ ရှိလားမေးတယ်။ နိုးပြီးထလာတော့ တခါတည်းလက်ထိပ်ခတ်ပြီး ခဏလေး စစ်ဆေးစရာရှိလို့ခေါ် တာပါတဲ့။ အပြစ်မရှိရင် ပြန်လွှတ်ပေးမှာပါလို့ပြောခဲ့တယ်”ဟု ဦးစောလှ၏ ဇနီးဖြစ်သူကဆိုသည်။ ကိုဦးစောလှတွင် ၇ နှစ် အရွယ်သမီးတစ်ဦးနှင့် ၈ လသားအရွယ် သမီးနှစ်ဦးရှိကာ ၎င်းကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူက တောင်း ဆိုသည်။ “ကျွန်မမှာ ၇ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၈ လသားအရွယ် သမီးနှစ်ယောက်လည်းရှိတယ်။ ယောက်ျား လုပ်တာကို ထိုင်စားနေကြရတာပါပဲ။ သူ မရှိရင် ဘယ်လိုအဆင်ပြေပါ့မလဲ။ အခုက လမ်းပန်းဆက်သွယ်ရေးလည်းမကောင်း၊ ကုန်စျေးနှုန်း တွေကလည်း အစစအရာရာ စျေးကြီးနေတာ။ သူတို့နှစ်ယောက်စလုံးကို ခလရ ၂၈၉ တပ်ရင်းကို ခေါ်သွားတာပါ”ဟု သူက ပြောသည်။ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ကျောင်းဆရာတစ်ဦးနှင့် ဒေသခံတစ်ဦး ကို မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

၁၅။ Cobra စစ်ကြောင်း လုံခြုံရေးယူထားသည့်နေရာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းထိမှန်
October 13, 2022
ကရင်ပြည်နယ်၊ KNLA တပ်ရင်း (၂၇) Cobra စစ်ကြောင်း လုံခြုံရေးယူထားသည့်နေရာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းထိမှန်ကာ ၂ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။ Cobra စစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)တို့ လုံခြုံရေးတာဝန်ယူထားသော လူခိုနေရာကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက်ပိုင်းက စစ်ကောင်စီတပ်များ ကျူးကျော်လာခဲ့ကြခြင်းဖြစ်သည်။ ၎င်းဒေသကို စစ်ကောင်စီ၏ တပ်မ (၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေးတပ်ရင်းများဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)တို့ နံနက် (၈) နာရီဝန်းကျင်တွင် ကျူးကျော်လာရာက စစ်ကောင်စီ၏ ခလရ (၂၀၇)တပ်ရင်းမှ တပ်သား (၂)ဦး မိုင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၈ ရက်နေ့ကလည်း တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာအနီးရှိ တောင်ကုန်းတွင် အခြေပြုနေ သော စစ်ကောင်စီ၏ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များဘက်မှ စနိုက်ဘာဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးခဲ့သေးသည်။

၁၆။ စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားသော တိုက်ပွဲတွင် ဗန်းမော်တက္ကသိုလ်ကျောင်းသားတစ်ဦး ကျဆုံး
October 14, 2022
ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ခြမ်း စီမူလေးနှင့် စီမူကြီးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲတွင် အသက်၂၁ အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကြောင်း သိရသည်။ အင်အား ၃၀၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းနှင့် KIA – KPDF ပူးပေါင်းတပ်တို့အကြား အောက်တိုဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျဆုံးခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောခဲ့ကြောင်း သိရသည်။ “လပြည့်နေ့က ရွာမှာ ဘောလုံးကန်ပြီးပျော်နေကြသေးတယ်။ သတင်းကို ပေါ့ဆတာ အဝိုက်ခံလိုက်ရတာ။ အင်အား မမျှတော့ ပစ်ဆုတ်ဆုတ်တာ။ သူ့အမေဆို မေ့လဲလို့၊ ရင်ထုမနာ”ဟုပြောသည်။ ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် မှာ ဗန်းမော်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် အသက် ၂၁ နှစ်အရွယ် မောင်ရှိန်းထက်ဝေ (ခ) ဖိုးစွန်ဖြစ်ပြီး ရင်ဘတ်နှင့် လက်မောင်းတို့တွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်ကြောင်းမှာ ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေပြီး စီသာ၊ စီးမော်၊ နောင်လတ်ကြီး၊ နန့်လင်း၊ ခေါ်လေး၊ မန်ဝိန်း၊ စီမူကြီးနှင့် စီမူလေးရွာမှ ဒေသခံပြည်သူများမှာ ရွှေကူမြို့ပေါ်နှင့် တောတွင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် နားမော်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

၁၇။ သီပေါမြို့နယ် ကုန်းသာကျေးရွာပြည်သူများကို စစ်ကောင်စီက ရိုက်နှက် ပိုက်ဆံတောင်း
October 14, 20220
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာနေ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ပြီး ငွေ တောင်းခံယူမှု ပြုလုပ်နေကြောင်းသိရှိရသည်။ အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းတွင် ကုန်းသာကျေးရွာထဲသို့ ဆက်ကြေးလာကောက်သော လက်နက်ကိုင်အဖွဲ့ နာမည်ကို စစ်ကောင်စီက လာရောက်မေးမြန်းရာ ပြည်သူများက မဖြေချင် သောကြောင့် ဒူးထောက်ခိုင်းပြီး ရိုက်နှက် ခဲ့ကြောင်း ကုန်းသာကျေးရွာရှိ ဒေသခံတစ်ဦးက ပြောဆိုခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနတွင်ဖော်ပြထားသည်။ “မနက် (၅) နာရီလောက် ရွာထဲကိုဘယ်အဖွဲ့က ဆက်ကြေးလာကောက်လဲ လာမေးတာ။ ရွာသားတွေက မဖြေချင်တော့ ရိုက်တာ။ ရွာသားကို ဒူးထောက်ခိုင်းထားပြီး ရိုက်တယ်၊ ပိုက်ဆံလည်းတောင်းသေးတယ်။ ပြီးတော့ သေနတ်တွေနဲ့ ပစ်ဖောက်ပြီး ခြိမ်းခြောက်သွားတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့၏ ရိုက်နှက်ခြင်း၊ ပိုက်ဆံပေးဆောင်ခြင်း ခံရသော ရွာသားဦးရေမှာ လက်ရှိတွင် မသိရှိရသေးပေ။

ရွာသားများကို ရိုက်နှက်ခဲ့သော စစ်ကောင်စီတပ်မှာ တပ်ရင်း (၂၃) ကဖြစ်ပြီး လူအင်အား (၃၀)ခန့်ဖြင့် လာရောက် သောင်းကြမ်း ခဲ့ကြောင်း ဒေသခံများကဆိုသည်။ “ ရွာထဲက တချို့သူတွေ စစ်ကောင်စီကို သတင်းပေးပို့လို့ ထင်တယ်။ သတင်း အချက်အလက် ရလို့ သူတို့က ရွာထဲကိုလာသောင်းကြမ်းတာ “ ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။ သီပေါမြို့နယ် တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားသော နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။

၁၈။ လေကြောင်းပစ်လက်နက်တွေကို တာဝန်ယူရတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်
October 13, 2022
နေပြည်တော်တိုင်းစစ်ဌာနချုပ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ကြပ်ကြီးတစ်ဦး ကရင်နီဒီမိုကရက် တစ်တပ်ဦး (KDF)ထံ အောက်တိုဘာလ ၁၂ ရက်နေ့မှာ CDM ပြုလုပ်လာတယ်လို့ KDF တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။ သူဟာ အသက်၂၃နှစ်အရွယ်ရှိပြီဖြစ်ပြီး လေကြောင်းပစ်လက်နက်တွေကို တာဝန်ယူရတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်မှာ ကျောင်းသုံးနှစ်တက်ရောက်ခဲ့ပြီး တာဝန်ထမ်းဆောင်တာ ၂ နှစ်ရှိပြီလို့ ဆိုပါတယ်။ “လေကြောင်းရန် ကာကွယ်ရေးတပ်ကဆို တော့ ဒီဝေဟင်ပစ် ဒီလေယာဉ်ပစ်တဲ့လက်နက်တွေကို ကိုင်တွယ်ရတာပေါ့။ အဲဒီလိုတာဝန်ထမ်းဆောင်ခဲ့တယ်လို့ ကျနော်တို့ကို ပြောပြတာပေါ့။ သူက လုပ်သက် ၅နှစ်ပေါ့။ သူ့ရဲ့လုပ်သက်က ကျောင်းဆင်းတာက သုံးနှစ် လုပ်သက်က နှစ်နှစ် အားလုံးပေါင်း ငါးနှစ်။” လို့ ကိုလင်းလင်းက ပြောပါတယ်။ သူ့ရဲ့လုံခြုံရေးအရ အမည်ကို ဖော်ပြခွင့်မပေးသလို စောင့်ကြည့်ကာလအနေနဲ့ နှစ်လ စောင့်ကြည့်ပြီး သူ့ရဲ့ရွေးချယ်မှုအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့ ကိုလင်းလင်းက ပြောပါတယ်။

“ကျနော်တို့ဒီ သူ့ကိုရွေးချယ်ခွင့်ပေးမှာပေါ့နော။ သူ့ရွေးချယ်ခွင့်ပေးမယ်ဆိုတာ သူ့ကို တရားဝင် CDM ဖြစ်အောင်ကြိုး စားပေးမယ်။ သူ့ရဲ့ရွေးချယ်ခွင့်ပေါ့။ ကျနော်တို့နဲ့ တိုက်ပွဲဆက်လက်ဝင်မလား။ ဒါမှမဟုတ်ပဲ သက်ဆိုင်ရာ တခြားတာဝန်တွေကို လုပ်မလား။ အဲဒီလိုမျိုးပဲ ပြန်ပြီးတော့ လက်ရှိတော့ သူ့ကိုတော့ စောင့်ကြည့်ကာလအနေနဲ့ နှစ်လထားထားတယ်ပေါ့။ အကုန်လုံး အသေးစိတ်စီစစ်ပြီးတော့ စောင့်ကြည့်မှာပေါ့။” လို့ သူက ဆက်ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒီမို ကရက်တစ်တပ်ဦး (KDF)ထံ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၇ ဦးရှိပြီဖြစ်ပြီး တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး တိုက်ပွဲ ဝင်သူ သုံးဦး နဲ့ NUG ပြည်သူ့ရင်ခွင်ထံဝင်ရောက်သူ ၄ ဦးရှိနေပါတယ်။

၁၉။ လမ်းကြောင်းများ၌ ပြည်သူ့ထံမှ ငွေကောက်ခံခြင်းလုံး၀မပြုရန် တပ်ဖွဲ့ဝင်များအား အမိန့်ထုတ် ထားဟု CNO/CNDF အသိပေး
October 13, 2022
ချင်းပြည်နယ် ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်းတွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရန် တပ်သားများအားလုံးထံ အမိန့်ထုတ် ပြန်ထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က ယနေ့ ထုတ်ပြန်သည်။ CNO/CNDF အမည်သုံးပြီး ငွေကြေးကောက်ခံမှု ပြုလုပ်နေခြင်းများ ရှိနေသည့်အပေါ် ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကလေး-တီးတိန်-တီအိုချောင်း လမ်းမတလျှောက်တွင် CNO/CNDF မှ တပ်စွဲထားခြင်း မရှိသကဲ့သို့ ပြည်သူများထံမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်း လုံးဝ(လုံးဝ)မရှိကြောင်း၊ သို့သော် CNO/CNDF အမည်နာမကို အလွဲသုံးစားလုပ်၍ လမ်းမ ကြီးတွင် ငွေကြေးကောက်ခံနေကြောင်း ပြည်သူများထံမှ ကြားသိရသည်ဟု ဖော်ပြသည်။

ဖလမ်းမြို့နယ်အတွင်း စစ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခွန်ကောက်ခံရေး ကိစ္စအဝဝတွင် CNO/CNDF သည်သာ စီမံပိုင်ခွင့် ရှိသည့်အလျောက် CNO/CNDFအမည်နာမကို အသုံးပြုလျက် ငွေကြေးကောက်ခံခြင်းများ ဆက်လက်လုပ်ဆောင်လာပါက ထိုကဲ့သို့ လုပ်ရပ်များသည် တရားဝင်မှုမရှိကြောင်းနှင့် လုပ်ဆောင်သူများက မိမိတို့လုပ်ရပ် အပေါ် တာ၀န်ခံရမည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။ CNO/CNDF မှ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်းနှင့် မိမိတို့ လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်း တွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်း များ လုံးဝ (လုံးဝ) မပြုလုပ်ရန် CNDF တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်သူများမှ မေတ္တာဖြင့် ပေးကမ်းလာသော လက်ဆောင်များပင် အဖွဲ့ခေါင်းဆောင်ထံသို့ အသိပေး အကြောင်းကြားပြီးမှသာ စနစ်တကျလက်ခံရန် ညွှန်ကြားထားကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် လမ်းမကြီးတစ်လျှောက် တပ်စွဲသည့် နေ့မှစ၍ ယနေ့အချိန်ထိ ပြည်သူ များထံ အခွန်ကဲ့သို့လည်းကောင်း၊ ဆက်ကြေးကဲ့သို့ သော်လည်းကောင်း ငွေကြေးကောက်ခံခြင်း တစ်စိုးတစ်စဉ်းမျှ မရှိခဲ့ကြောင်း အသိပေးထားသည်။

၂၀။ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် ဒေသခံပြောင်းစိုက် တောင်သူများ တောင်ယာလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေ
October 13, 2022
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီ စစ်ကြောင်းများ သွားလာစခန်းချနေသည့်အတွက် ဝေါလေ-ဆုံဆည်းမြိုင်-သေ့ဘောဘိုး ဒေသခံပြောင်းစိုက် တောင်ယာလုပ်ငန်း လုပ်ကိုင်သူ ဒေသခံပြောင်းခင်းများသို့ ပြောင်းချိုးတောင်ယာသိမ်းလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲကြုံနေကြရကြောင်း စစ်ဘေးရှောင်တောင်ယာပိုင်ရှင်များက ပြောသည်။ သေ့ဘောဘိုး တောင်ယာပိုင်ရှင်တစ်ဦးက “ပြောင်းဖူးတွေက ခြွေပြီးသိမ်း နေရပြီ၊ ရောင်းဖို့က ထိုင်းဘက်ကို ကမ်းကူးလို့မရဘူး။ စိုက်ခင်းထဲက ပြောင်းဆန်ထားတဲ့တဲမှာလည်း ပြောင်းဖူးတွေမထားရဲဘူး။ စစ်တပ်က မီးရှို့မှာ၊ မီးလောင်ကုန်မှာ ကြောက်နေရတယ်။ အဲဒါကြောင့် သောင်ရင်းမြစ်ဘေးကမ်းနားပိုင်းမှာ ပြောင်းအိတ်တွေ စုပုံပြီး တာလပတ်နဲ့ အုပ်ထားရတယ်။ မိုးရွာတာကလည်း မပြတ်သေးဘူး၊ တောင်ရေကျနေတာလည်း ရေစီးသန်နေတုန်းပါပဲ၊ ထိုင်းဘက်က ပြောင်းအ၀ယ်ကလည်း ဒီနှစ်ပြောင်းစျေးက ဘယ်လောက် စျေးဖွင့်၀ယ်မယ် မသိသေးဘူး။”ဟု ပြောသည်။ ထို့အပြင် နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်းများ လှုပ်ရှားနေသောကြောင့် ပြောင်းချိုးအလုပ်သမားများလည်း ပြောင်းချိုး၊ ပြောင်းစေ့ခြွေရန် သိပ်မသွားရဲကြကြောင်းလည်း ၎င်းတောင်ယာပိုင်ရှင်က ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းမြန်မာနယ်စပ် ပြောင်းစေ့ ၀ယ်ယူသည့်စျေးကွက်မှာ ဆက်တိုက်ကျဆင်းနေ ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဖလူး-ဝေါလေ ဒေသအတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆန်စေ့ စျေးနှုန်းမှာ ၁၅ ကီလို တစ်ပုံး ကို ဘတ် ၁၁၀ သာ စျေးရရှိခဲ့ကြောင်း ပြောင်းစိုက်တောင်သူများက ပြောသည်။ ယခု ၂၀၂၂ ခုနှစ် ပြောင်းစေ့အ၀ယ် ရာသီရောက် နေသော်လည်း မြန်မာနယ်စပ်ဘက်အခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ ဒေသထွက်ကုန်တင်ပို့ ရောင်းချမှုနှင့်တိုက်ပွဲဖြစ်စဉ် စစ်ရှောင် ကြသည့် ဒေသခံများအား ထိုင်းနယ်ခြားစောင့် ထိုင်းစစ်တပ်မှ ကမ်းကူးခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံတို့၏ ပြောင်းစေ့ များ သောင်ရင်းမြစ်ဘေး ယာယီစစ်ဘေးရှောင်နေရာတွင် စုပုံထားကြရကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ဘေးရှောင် ဒေသခံအများစုသည်လည်း မိမိနေရပ်ရင်း ကျေးရွာများ သို့ ပြန်လည်အခြေချနေထိုင်ရန် အခက်အခဲရှိနေသေးကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံကျေးရွားသားများက ပြောသည်။

၂၁။ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ကချင်နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့တွင် ဆေးဝါးလိုအပ်မှုများ ရှိနေ
October 13, 2022
ကချင်ပြည်နယ်အတွင်း နယ်လှည့်ပြီး အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတဲ့ ကချင်နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့ (Kachin Back Pack Health Worker Team) မှာ ဆေးဝါးလိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ကာလအတွင်း ဆေးရုံ၊ ဆေးခန်း မရှိတဲ့ကျေးရွာတွေမှာ ဖျားနာတာတွေ အဖြစ်များနေတာကြောင့် ကွင်းဆင်းတိုင်း ဆေးဝါးလုံလောက်မှု မရှိဘူးလို့ အထက်ပါအဖွဲ့ရဲ့ တာဝန်ခံ MR.Z က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုခဲ့ ကြောင်းသိရပါတယ်။ “အခုက ဖျားနာတာတွေ တော်တော်များတော့ နေရာ ၇ ခုလောက်ဝင်မှာကို နေရာ ၂ ခုလောက်နဲ့ ကုန် သွားတယ်။ ဖြစ်တဲ့ရောဂါတွေလည်းတူနေတာ။ အဖျားမြင့်ပြီးကလေးတွေအများစုဖြစ်နေတာ။ လိုနေတဲ့ဆေးဝါးတွေ ကျွန်တော် တို့ဆီမှာက မရှိဖြစ်နေတာ။ လူအင်အားတော့ရှိတယ်။ တကယ်လိုအပ်တဲ့နေရာတွေကိုရောက်ဖို့ ဆေးမရှိတော့ အခက်အခဲတွေ ရှိလာတယ်။” လို့ MR.Z က ဆိုပါတယ်။ Kachin Back Pack အဖွဲ့ကို ဆေးဝါးတွေကူညီနေတဲ့ အဖွဲ့အစည်းတွေ ဆီကနေ အခုနှစ် မှာ ဆေးဝါးမရောက် ရှိသေးတဲ့အပြင် အရင်က ကျေးရွာတွေကို တစ်လ တစ်ခါသာ ကွင်းဆင်းရပေမယ့် အခုအတောအတွင်း တစ်လကို သုံးလေးခါလောက် သွားရောက်ရတာကြောင့် ဆေးဝါးတွေ ပြတ်လပ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ တနိုင်းမှာ ကလေးတွေ အရေပြားနဲ့ဆိုင်တာ ဖြစ်နေတာတွေ အဲဒီဆေးတွေက မြစ်ကြီးနားမှာရှိတယ်။ ဒါပေမယ့် ဈေးကြီးတယ်။ ဆေးတစ်ခုကို ခုနှစ်ထောင်ကျော်ရှိတယ်။ တချို့ဆိုင်တွေမှာ ခြောက်ထောင်ကျော် ငါးထောင်ကျော်ရှိတယ်။ အဲဒါက တစ်ယောက်ကို တစ်ခု တစ်ခုတော့ လိုမှာပေါ့နော်။ တစ်ခုတောင်လောက်ချင်မှ လောက်မှာဆိုတော့ ရာဂဏာန်း လောက် ပြန်လိုလာတာ ကျွန်တော်တို့က ငွေကြေးက မရှိဖြစ်နေတော့ ခက်ခဲနေတာပေါ့။” လို့ MR.Z က အခက်အခဲကို ရှင်းပြပါတယ်။ လက်ရှိလိုအပ်နေတဲ့ဆေးဝါးတွေကတော့ ကလေး အဖျားကျဆေးရည် ၊ နှာစေး ချောင်းဆိုးပျောက်ဆေးရည်နဲ့ အရေပြားဆိုင်ရာ လိမ်းဆေးတွေအပြင် ပါရာစီတမော စားဆေး၊ ဗီတာမင်စီ စတဲ့ဆေးဝါးတွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ Kachin Back Pack Health Worker Team အနေနဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ပူတာအို၊ မချမ်းဘော့ ၊ ဖားကန့်၊ တနိုင်း၊ ရှင်ဗွေယန် စတဲ့ မြို့နယ် (၉) ခုမှာ နယ်လှည့် ဆေးဝါးကုသနေတာ ဖြစ်ပြီး မြစ်ကြီးနားမြို့က နန့်ကွေ့၊ နန်ကျင် စတဲ့ကျေးရွာတွေဘက်မှာ လည်း ဆေးဝါးကုသမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

၂၂။ အောင်ပန်းမြို့ စစ်ကောင်စီက နေ့စဉ်ဆက်တိုင်း ပြည်သူများကို ဖမ်းဆီးနေ
October 13, 20220
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ယခု (အောက်တိုဘာလ) အတွင်း စစ်ကောင်စီက ပြည်သူများကို နေ့စဥ် ဆက် တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ သွေးအလှူရှင် အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် အတူ ၎င်း၏ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ “ဘာကြောင့် ဖမ်းလည်းတော့မသိဘူး။ အဲ့နေ့က လာဖမ်းတာ ညတောင် အရမ်းမမှောင်သေးဘူး။ ကိုတရုတ်ကြီးက အောင်ပန်း သွေးအလှူရှင်အသင်းက အကြီးဆုံးပဲ။ အဲ့အသင်းထဲက အဖွဲ့ဝင် ၄ ယောက်ကိုလည်း ဖမ်းသွားတယ်” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ကိုတရုတ်ကြီးတို့ကို လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီ မှ စစ်ကား (၃) စီး တပ်သားအင်အား အနည်းဆုံး (၂၀) ဦးခန့်က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ယခု အောက်တိုဘာလအတွင်း အောင်ပန်းမြို့တွင် ဖမ်းဆီးခံရသူများ (၁၀) ဦး ထက်မနည်းရှိကြောင်းလည်း အောင်ပန်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ထိုအပြင် အောက်တိုဘာ ပထမပတ်အတွင်းတွင် ရပ်ကွက် (၃) ထဲနေထိုင်သည့် လူငယ်တစ်ဦးသည် လူမှုကွန်ယက်ပေါ်တွင် နိုင်ငံရေးဆိုင်ရာ သတင်းတစ်ခုအာက်တွင် ကော်မန့်ပေးရာမှ တစ်ဆင့် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။ “အခု ရက်ပိုင်း ဖမ်းဆီးတာ တော်တော်များတယ်။ ကိုတရုတ်ကြီးတို့ကို မဖမ်းခင် အရှေ့မှာ ရပ်ကွက် (၃) ထဲက လူငယ်တစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ သူက နိုင်ငံရေး post တစ်ခုအာက်မှာ ကော်မန့် ပေးလို့ ဆိုပြီးတော့ ဖမ်းသွားတာတဲ့” ဟု ၎င်းအမျိုးသားက ပြောသည်။

၂၃။ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ပြင်ဘက်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
October 13, 2022
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ပြင်တွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၁ နေ့က တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် အောင်းဌေးမင်းဟုသိရပြီး မွန်းလွဲ့ပိုင်းက ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) မှ ဟိုင်မွှလ်ရွာဘက်သွားသည့် ဆုတောင်းတောင်ဘက်တွင် ဒေသခံ များက ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ရုပ်အလောင်းတွင် ထိခိုက်ဒဏ်ရာဒဏ်ချက်များတွေ့ရပြီး အသတ်ခံ ရခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ အောင်းဌေးမင်းသည် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် တီးယိုချောင်းတွင် နေထိုင်သူဖြစ်ပြီး ဇနီးနှင့် ၄ နှစ်အရွယ်သမီး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

၂၄။ မောင်တော ဖားဝပ်ချောင်းကျေးရွာ နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ် မီးရှို့
October 14, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့က အေအေတပ်ဖွဲ့ဝင်တွေ အခြေစိုက်ရာ ဖားဝပ်ချောင်း ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် နေ့လယ်က ရွာသူရွာသားတွေကို စစ်ကောင်စီတပ်က နှင်ထုတ်ကာ နေအိမ်တွေကို စစ်ဆေးပြီးနောက် ရွာအပြင်က လူမနေ တဲ့ နေအိမ်နှစ်လုံးကို မီးရှို့လိုက်တယ်လို့ ဖားဝပ်ချောင်းဒေသခံတွေက အတည်ပြု ပြောပါတယ်။ ဖားဝပ်ချောင်းကျေးရွာသား တယောက်က “ကျနော်တို့ ရွာသူ ရွာသားတွေကို စစ်ကြောင်းက ဘုန်းကြီးကျောင်းကို ပြောင်းနေကြဖို့ပြောတယ်။ ရွာသူ ရွာသား တွေလည်း ဘုန်းကြီးကျောင်းကို ထွက်သွားကြတော့ ရွာကနေအိမ်တွေကို သူတို့စိတ်ကြိုက် စစ်ဆေးမှုတွေလုပ်ပြီး ရွာပြင်က လူမ နေတဲ့ နေအိမ် ၂ လုံးကို မီးရှို့သွားကြတယ်” လို့ ပြောပါတယ်။ အခုလို ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးတာကြောင့် တခြားကျေးရွာတွေက ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ စစ်ရေးလေ့လာသူတွေက “ဖားဝပ်ချောင်းက အေအေ ဘက်က စစ်ဆေးရေးဂိတ်တွေတောင် ဖွင့်ခဲ့တာ။ အခု စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွာကို စစ်ချင်သလိုစစ်တယ်၊ လူမနေတဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတော့ စစ်ကောင်စီက နယ်မြေတွေကို လက်လွတ်မပေးတဲ့သဘော တွေ့နေရတယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဖားဝပ်ချောင်း ရွာသူရွာသားတွေဟာ ဘုန်းကြီးကျောင်းကနေ မိမိနေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြသလို စစ်ကောင်စီတပ်ကလည်း တရွာလုံးကို ဝိုင်းထားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

၂၅။ ဖားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခွန်အောင်ကျော်မိုး ပစ်သတ်ခံရ
October 13, 2022
ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သာမညကျေးရွာတွင် အောက်တိုဘာလ (၁၃)နံနက် (၇)နာရီခွဲ အချိန်ခန့်တွင် ဖားအံ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဖြစ်သူ ဦးခွန် အောင်ကျော်မိုးအား အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လာရောက်ပစ်သတ်သွားသည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ နံနက်ပိုင်းက စျေးဝန်းထဲတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “ဟုတ်တယ် ဒီမနက်(၇)နာရီခွဲလောက်မှာ စျေးထဲမှာ ပစ်ခံထိတာ။ ပစ်ခံထိ တဲ့နေရာမှာပဲ ပွဲချင်းပြီးသေ သွားတယ်။ သူက (ဖားအံခရိုင်)ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးလေ။ ရပ်ကွက်လူကြီး အဟောင်းပဲ။ အရင်(၂၀၂၀)တုန်းက ကြံ့ခိုင်ရေးအဖွဲ့ မဲရွေးတုန်းက သူလည်း မဲဝင်ရွေးသေးတယ်။ နောက်တော့ ဘယ်လိုဖြစ်လဲ မသိဘူး၊ နုတ်ထွက်လိုက်တယ်။ သာမညမှာက BGF လည်းများတယ်။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ဦးခွန်အောင်ကျော်မိုးသည် ပြီးခဲ့သည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ဖူးပြီး သူသည် ယခင်က သာမည ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သာမည ကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင် စာရင်းအရ အိမ်ခြေပေါင်း (၃၀၉၅)အိမ်နှင့်၊ ရပ်ကွက်ပေါင်း (၂၄)ရပ်ကွက်၊ လူဦးရေ စုစုပေါင်း (၁၃၇၆၃)ဦး အထိနေထိုင် လျက်ရှိသည်။

၂၆။ ရပ်စောက်မြို့နယ် မူးယစ်ဆေးသုံးစွဲသူဟု စွပ်စွဲသူတစ်ဦး PNO ရိုက်နှက်မှုကြောင့် သေဆုံး
October 14, 20220
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု မြို့ဆိုးကျေးရွာတွင်နေထိုင်သည့် အမျိုးသား (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသူဟု ပအိုဝ်းပြည်သူ့စစ် PNO မှ စွပ်စွဲပြီး ဖမ်းဆီးကာ ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်းသိ ရသည်။ ထို ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသား (၃) ဦးထဲမှ အသက် ၂၃ နှစ် အရွယ်ရှိ ကိုသိန်းကျော်ထွန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ယမန်နေ့ (အောက်တိုဘာ ၁၃) ရက်တွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသည့် ကိုသိန်းကျော်ထွန်း ၏ နားရွက်ပြတ်သွားသဖြင့် နောက်ကျောတွင် ရိုက်နှိက်ခံထားရပြီး လည်ပင်းတွင်လည်း ကြိုးတုတ်ထားသော ဒဏ်ရာများလည်း ရှိထားကြောင်း ကိုသိန်းကျော်ထွန်း နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောဆိုခဲ့ကြောင်းသိရသည်။ “မျက်နှာတွေလည်း ဒဏ်ရာတွေ ရထားတယ်။ နောက်ကျောတွေမှာလည်း သူတို့ ဝိုင်းရိုက်ထားတယ်။ ပြီးတော့ နားမှာလည်း အနာရထားတယ်။ တုတ်ဒဏ်ရာတွေနဲ့ ပြည့်နေတယ်။ နှိပ်စက်ခံရပြီး လမ်းတောင်သူ မလျှောက်နိုင်ဘူး။ ဒဏ်ရာတော်တော် ပြင်းထန်တယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ထိုသူများကို အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားပြီး ၁၀ ရက်နေ့၌ သက်ဆိုင်ရာ မိသားစုဝင်များက ပိုက်ဆံပေးပြီး ပြန်လည်သွားခေါ်ထုတ်လာခဲ့ကြောင်း သိရသည်။ လက်ရှိမှာ ကျန်ရှိနေသည့် (၂) ယောက်သည်လည်း ဆေးကုသ ခံ နေရကြောင်း သိရသည်။ “ကျန်တဲ့ ၂ ယောက်ကလည်း ဆေးကုသ နေရတယ်။ တစ်ယောက်က နားရွက်ပြတ်ထားတယ်လေ။ ကျန်တဲ့တစ်ယောက်ကလည်း ဗိုက်ထိပြီးတော့ ဆေးရုံတွေ လိုက်ပြထားရတယ်” ဟု အမည်မဖော်လိုသူက ပြောသည်။ ထိုပြည် သူ ၃ ဦးကို ဖမ်းဆီးနှိပ်စက်ခြင်းမရှိကြောင်း ရှိခဲ့ပါကလည်း နိုင်ငံတော် နှင့် အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးသန်းကြွယ်က ပြောသည်။ “ မဟုတ်ဘူးထင်တယ်။ ကျနော် ဘာမှ မကြားရဘူး။ တကယ်လို့ မူးယစ်ဆေးဝါး ဖမ်းတယ်၊ ရိုက်သတ်တယ်ဆိုရင် အမှုဖွင့်မှာပေါ့လေ။ ကျနော်တို့ အဖွဲ့အနေနဲ့ တော့ အဲ့လိုရိုက်သတ်တာတော့ လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း နိုင်ငံတော်အနေနဲ့ပဲ တာဝန်ယူ သွားမှာ။ မဖြစ်နိုင် ဘူးထင်တယ်။ ကျနော်တော့ ဘာမှ မကြားရသေးဘူး” ဟု ဗိုလ်မှူးသန်းကြွယ်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်သူများကလည်း မျှော်လင့်တောင်းဆို နေကြသည်။

၂၇။ NUG ဝန်ကြီးဒေါက်တာဆာဆာ၏ မိခင် စစ်ဘေးရှောင်နေစဥ် ကင်ဆာရောဂါဖြင့် ကွယ်လွန်
October 14, 2022
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အပြည်ပြည်ဆ်ိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၏ မိခင် ဒေါ်မာဇိုင်သည် အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။ ဒေါက်တာဆာဆာ၏ မိခင်မှာ အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်တွင် စစ်ဘေးရှောင်နေရသူဖြစ်ပြီး ကင်ဆာရောဂါဖြင့် ယမန်နေ့တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button