ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၃၀
မိုးဗြဲ၊ လွယ်ယင်းမင်္ဂလာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က စပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကောင်စီနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲမှာ MBPDF လင်းယုန်တပ်ခွဲမှ ရဲဘော်(၂)ဦး နှင့် သိန်းငှက်တပ်ခွဲမှ ရဲဘော်(၁)ဦး စုစုပေါင်း (၃)ဦးဟာ ရက်သတ္တပတ်ကြာ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးသွားခဲ့တာပါ။
ရက်သတ္တပတ်ကြာ ပျောက်ဆုံးသွားတဲ့ရဲဘော် (၃)ဦးကိုတော့ လွယ်ယင်းမင်္ဂလာရေးရွာက ရေတွင်းတခုထဲမှာ ရုပ်အလောင်းဖြစ်တာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ MBPDF လင်းယုန်တပ်ခွဲက တာဝန်ခံတဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြပါတယ်။
“ရက်သတ္တပတ်ကြာ ပျောက်ဆုံးသွားတဲ့ရဲဘော် (၃)ဦးကို ကျနော်တို့ လိုက်ရှာကြတာ နောက်တော့ သေဆုံးတဲ့ ရုပ်အလောင်းတွေကို လွယ်ယင်းမင်္ဂလာရေးရွာက ရေတွင်းထဲမှာ ပစ်ထည့်ထားပေးတာ တွေ့ခဲ့ရတယ်။ ရုပ်အလောင်းတွေကို စစ်ဆေးကြည့်တော့ ၂ ဦးကတော့ အဲဒီတိုက်ပွဲမှာ ပစ်ခတ်ခံရပြီး သေဆုံးသွား တာဖြစ်တယ်၊ ကျန်တဦးကတော့ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တဦးကို ကယ်နိုင်ဖို့ သူ့ကျောပေါ် ထမ်းပြေးနေရင်းမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ သေနတ်ကျဉ်က ညာဘက်ခြမ်းပေါင်းသားမှာ ထိမှန်ပြီး လှဲကျသွားတယ်၊ ပြီးတော့ မလှုပ်ရှားနိုင်တော့ဘူး အဲဒီမှာဘဲ ဖမ်းဆီးခံလိုက်ရတာ၊ ဖမ်းဆီးခံရပြီး စစ်ကောင်စီအဖွဲ့တွေရဲ့ မသေမချင်း နည်းမျိုးစုံနဲ့ ရက်စက်ခံရပြီး သေဆုံးသွားတဲ့ လက္ခဏာတွေ့ရတယ်”လို့ သူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့ပြီး ကယ်ဆယ်ခံခဲ့ရတဲ့ ရဲဘော်ကတော့ ယခုအခါ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး ထခိုက်ဒဏ်ရာရရှိသူများကလည်း များခဲ့တာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ တော်လှန်ရေး ရဲဘော် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုတချို့ရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်များကတော့ တပ်ခွဲရင်းတခုမှာ အများဆုံး ၁၅ ဦးခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးဗြဲတိုက်ပွဲဟာ အချိန်ကာ ၁ လ နီးပါး ကြာမြင့်လာပြီးဖြစ်ပြီး ဖက်ဒရယ်ဂျာနယ် မြန်မာက ဆက်သွယ်မေးမြန်းနေတဲ့ အချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းဖြေ ကြားပေးတဲ့ MBPDF လင်းယုန်တပ်ခွဲက တာဝန်ခံတဦး သူကပြောပါတယ်။