တိုင်းရင်းသားများသတင်း

စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝမ်းဘဲအင်းကျေးရွာက အရပ်သား အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ဓါတ်ပုံ – KNU (စစ်ကောင်စီသေနတ်ကျဉ်ထိမှန်ခဲ့တဲ့ (PROBOX)အိမ်စီးကား)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၈

ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ် ၊ ဝမ်းဘဲအင်းကျေးရွာမှာ ပြီးခဲ့တဲ့စက်တင်ဘာ (၁၆) ရက်နေ့က စစ်ကောင်စီ တပ်မ (၄၄)လက်အောက်ခံ (၄၁၀) တပ်ရင်း ကျေးရွာအတွင်းသို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဝမ်းဘဲအင်းကျေးရွာနေထိုင်သူ သားအမိ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဖက်က ပစ်ခတ်တဲ့ သေနတ်ကျဉ်များဟာ ဝမ်းဘဲအင်း(နိုထိုဒေ)ကျေးရွာတွင်နေထိုင်သူ နော်ဆာမိ၏ ညာဖက်ရင်သားမှာ ထိမှန်ခဲ့ပြီး သမီးဖြစ်သူ နော်မူမူအေးကိုလည်း ဘယ်ဖက်တင်ပါးနှင့် ဘယ်ခြေသလုံးတို့မှာ သေနတ်ကျဉ်ထိမှန်ခဲ့တာပါ။ ဒါ့အပြင် ၎င်းသားအမိ နေအိမ်ရှိကား (PROBOX) တစ်စီးနှင့် ဘီဒို (၂)လုံးကိုလည်း သေနတ်ကျဉ်ထိမှန်ပြီး ပျက်စီးမှုရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၃) နာရီဝန်းကျင်ခန့်က အင်အား (၈၀) ဝန်းကျင်ဖြင့် ပိန္နဲတောစစ်ကောင်စီစခန်းကနေ ဝီယော်စခန်းသို့ အပြန်လမ်းမှာ KNLA တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေ (၂) ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ယခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွင်းကို စစ်ကောင်စီတပ်ဖွဲ့များရဲ့ သေနတ်ရမ်းသမ်းပစ်ခဲ့မှုဟာ ၎င်းတို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာခဲ့တာကြောင့် ပြုလုပ်တာဖြစ်တယ်လို့ KNU ဘက်က ပြောဆိုပါတယ်။

Related Articles

Back to top button