ဆောင်းပါး

လက်ဝဲဩဇာ နှင့် ဘုံဝါဒ

■ လက်ဝဲဩဇာ နှင့် ဘုံဝါဒ

-မင်းသေ့

မြန်မာ့နိုင်ငံရေးသမိုင်းမှာ၊ လက်ဝဲဩဇာလွှမ်းမိုးခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ စာပေမှာလည်း လက်ဝဲဩဇာ လွှမ်းမိုးတယ်၊ ကဗျာမှာလည်း လက်ဝဲဩဇာလွှမ်းမိုးတယ်၊ နိုင်ငံရေးမှာလည်း လက်ဝဲဩဇာလွှမ်းမိုးတယ်၊ အနု ပညာမှာလည်း လက်ဝဲဩဇာလွှမ်းမိုးတယ်။ ယနေ့အချိန်အထိ လက်ဝဲအငွေ့အသက် မကင်းတဲ့ စာပေတွေ၊ ကဗျာတွေ၊ အနုပညာတွေ ရှိနေဆဲဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာနယ်မှာတောင်၊ လက်ဝဲအယူအဆဘက်ယိမ်းတဲ့ အမြင်တွေကို တွေ့ရပါတယ်။ ဒီနေရာမှာ လက်ဝဲအယူအဆရှိတိုင်း မကောင်းသော ဆန့်ကျင်ဘက်အမြင်တော့ မရှိပါ။ သို့သော် ဘယ်ကိစ္စမဆို အတိုင်းထက်အလွန်ဖြစ်လာရင်၊ သဘာဝမကျရင်၊ လက်တွေ့နဲ့ ကင်းလွတ်နေရင် အမှားများတော့တာပါပဲ။

■ ငုပ်လိုက်ပေါ်လိုက်

မြန်မာ့နိုင်ငံရေးအသိုက်အဝန်းထဲမှာ၊ လက်ဝဲအယူအဆတွေဟာ ငုပ်လိုက် ပေါ်လိုက် ဖြစ်နေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာတော့ — လက်ဝဲဝါဒကို နားမလည်တဲ့ လူတွေတောင် လက်ဝဲအသွင် အပြင်တွေ အလိုလို ရလာပါတယ်။ အထူးသဖြင့် ငယ်တဲ့ရွယ်တဲ့လူငယ်တွေမှာ — မဟုတ်မခံ တော်လှန်လိုစိတ်နဲ့ ရောထွေးသွားရင်း လက်ဝဲဆန်ဆန် အစွန်းရောက်အယူအဆမျိုးတွေ ကိန်းဝပ်သွားတာကို တွေ့ရပါတယ်။ အတွေးအခေါ် အစာမကြေရင်၊ ခေါင်းထဲက အိုင်ဒီယာတွေဟာ ဖတ်တငံ့ငံ့နဲ့ ဟိုမရောက် ဒီမရောက်ဖြစ်တတ်ပါ တယ်။ ကြောင်းကျိုးညီညီ၊ သဘာဝကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် ဆုပ်မိကိုင်မိရှိအောင် လေ့လာဆည်းပူးထားမှ၊ အိုင်ဒီယော်လိုဂျီတွေရဲ့ အကန့်အသတ်နဲ့ အကျိုး အပြစ်ကို နားလည်နိုင်တာဖြစ်ပါတယ်။

■ စကားလုံး ပိ

စကားလုံးတွေရဲ့ ဆွဲဆောင်မှုနဲ့ အဟုတ်ထင်အောင် လက်ဝဲအယူဝါဒကို ပါဠိ ပိဋကတ်ကဲ့သို့ ခန့်ထည်အောင် သုံးနှုန်းရုံနဲ့ အနှစ်သာရဟာ ပြည့်ဝသွားတာ မဟုတ်ပါဘူး။ အဘိဓမ္မာလို ခန့်ညားတဲ့ စကားလုံးတွေရဲ့ ဆွဲဆောင်မှု ဒဏ်ကို လွန်ဆန်နိုင်ဖို့ သာမန်လူအဖို့မှာ ခဲယဉ်းလှတယ်။ စကားလုံးတွေက ညှို့ယူမှု ပြင်းရှတတ်တယ်။ ငယ်ရွယ် စဉ်မှာ စကားလုံးအကြီးကြီးတွေကို မျှော်လင့်ကိုးကွယ်နှစ်ခြိုက်တတ်တဲ့သဘောရှိတယ်။ ကြောင်းကျိုးဆင်ခြင်မှု မှာ — လေ့လာအားထုတ်မှု အခံ ရှိမထားရင်၊ စကားလုံးပိတဲ့ ဒဏ်ကို ခံရမှာ ကြိမ်းသေပါပဲ။

ဘယ်အယူဝါဒမဆို သဘာဝကို ဆန့်ကျင်ရင် ကြာရှည်မခံဘူး၊ ကျရှုံးတာပါပဲ။ ဘုံစနစ်ကို လက်တွေ့ အကောင် အထည်ဖော်ခဲ့တဲ့ နိုင်ငံကြီးတွေ ရှိပါတယ်။ ဘယ်လိုဘုံဝါဒမျိုးက လက်တွေ့ အောင်မြင်ခဲ့လို့လဲ။ ဘုံစနစ်ကို လက်တွေ့ ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခဲ့ချိန်တွေမှာ၊ ပြည်သူလူထုအတွက် တကယ့် အပယ်ငရဲလို ပါပဲ။ ဆိုဗီယက်ရုရှားတော်လှန်ရေးကာလမှာ၊ ဘုံဝါဒကို ထူထောင်ချိန် – လယ်သမားတွေတွေ အတိဒုက္ခရောက် ခဲ့ကြရတယ်။ တရုတ်ပြည်မှာ၊ ဘုံစနစ်ကို ထူထောင်ပြီး မဟာခုန်ပျံကျော်လွှားရေးစီမံကိန်းကြီးကို လုပ်ဆောင် တော့ တရုတ်တွေအတွက် တကယ့် ကပ်ဘေးဆိုးကြီးတစ်ခုလိုပေါ့။ ကမ္ဘာစစ်အတွင်းမှာ သေဆုံးခဲ့တဲ့ ပြည်သူလူထုအရေအတွက်ထက်၊ ဘုံစနစ်ကို အကောင်ဖော်ချိန်မှာ သေဆုံးတဲ့ ပြည်သူလူထုအရေအတွက်က ပိုများတယ်လို့‌တောင် ပြောလို့ ရနိုင်မလား မသိ။

■ သဘာဝနဲ့ မအပ်စပ်ရင်

လူတစ်ဦးချင်းရဲ့ ဘဝကို လျစ်လျူရှုပြီး၊ အများသဘောနဲ့ ညီမျှခြင်းချလိုက်တာဟာ သဘာဝကို လွန်ဆန်တာပဲ။ လူတွေကို ပုရွက်ဆိတ်တွေလို၊ လူတွေကို ပျားတွေလို၊ လူတွေကို ကျွဲလို နွားလို ကုန်ထုတ်ကိရိယာအဖြစ် ရှုမြင် လိုက်ခြင်းဟာ လက်တွေ့ မကျဘူး။ အားလုံးအကျိုးစီးပွားအပေါ်မှာ ဘုံတည်ဆောက်လိုက်ခြင်းအားဖြင့် ကုန်ထုတ်သတ္တိတိုးလာမယ်ဆိုတာ – သဘာဝကို လွန်ဆန်တဲ့ကိစ္စပဲ။ လက်တွေ့မှာ ဘယ်သူ့အတွက်မှာ တကယ် အကျိုး မရှိဘူး။ တစ်ဦးချင်းရဲ့ လုပ်ရည်ကိုင်ရည်တွေ ညံ့ဖျင်းသွားတာပဲ အဖတ်တင်တယ်။

လက်တွေ့မှာ ဘုံဝါဒဟာ သဘာဝနဲ့ အံဝင်ခွင်ကျမဖြစ်လို့၊ သူ့အလိုလို ပြေးလမ်းပေါ်ကနေ ဆင်းပေးလိုက်ရပါ တယ်။ စနစ်ကိုယ်တိုင်၊ အိုင်ဒီယော်လိုဂျီကိုယ်၌က ကိုယ်ခံအားမကောင်းပါဘူး။ သဘာဝနဲ့ ယှဉ်လိုက်တဲ့အခါမှာ အလိုလို ရှုံးနိမ့်သွားပါတယ်။ လူထုမှာ တစ်ဦးချင်း သဘာဝ‌တွေ ရှိတယ်၊ တစ်ဦးချင်း၊ စိတ်အခြေအနေတွေ ရှိ တယ်၊ တစ်ဦးချင်း ခံစားချက်တွေ ရှိတယ်။ တစ်ဦးချင်း လွတ်လပ်ခွင့်နဲ့ တစ်ဦးချင်း ရပိုင်ခွင့်တွေ ရှိတယ်။ ဘုံဝါဒ မှာ ယူဆထားတဲ့ – စွမ်းအားရှိသလောက်လုပ် လိုသလောက်ယူဆိုတာ ဘယ်တုန်းကများ လက်တွေ့ ဖြစ်မြောက် ခဲ့ဖူးလို့လဲ။

■ တစ်ဦးချင်းအခန်းကဏ္ဍကို လျစ်လျူရှု

အများဆိုင် အများပိုင် အများစနစ် လုပ်လိုက်တဲ့အခါမှာ — မလုပ် မရှုပ် မပြုတ် နဲ့ အုတ်ရောရော ကျောက်ရော ရောတွေနဲ့ပဲ ပြီးစီးခဲ့တယ် မဟုတ်လား။ တစ်ဦးချင်း စွမ်းရည် ညှစ်ထုတ်ဖို့ စဉ်ဆက်မပြတ် တွန်းအားမပေးနိုင်ပါ ဘူး။ မက်လုံးအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ စနစ်ကသာလျှင်၊ လက်တွေ့ကျတဲ့ ကုန်ထုတ်သတ္တိကို တိုးစေတာပါ။ တစ်ဦးချင်းရဲ့ မက်လုံးကို သတ်လိုက်တဲ့ ဘုံဝါဒဟာ — တစ်ဦးချင်းလုပ်အားကို လျော့တွက်လွန်း တယ်။

Related Articles

Back to top button