ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းရော ကြည်းကြောင်းပါ အသုံးပြုတိုက်ခိုက်လာတာကြောင့် ဒေသခံ ထောင်နဲ့ချီ အသက်လု ထွက်ပြေးနေရတယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံတွေက ပြောပါတယ်။
ဆယ်ဇင်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်သိမ်းပြီးနောက် အထိနာခဲ့တဲ့ စစ်ကောာင်စီတပ်ဟာ လေကြောင်းရော ကြည်းကြောင်းပါ အသုံးပြု တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ဆယ်ဇင်းကျေးရွာကို ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူ ၄၀ လောက် ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
“ဩဂုတ် ၉ ရက်နေ့တုန်းက ဆယ်ဇင်းရွာကို လေယာဉ်နဲ့ဗုံးကြဲတာ၊ အဲဒါလူ ၄၀ ကျော်ထိခိုက်သေဆုံးမှု ရှိတယ်၊ အခုတော့ စစ်ရှောင်တွေအားလုံးထွက်ပြေးကုန်ပြီး၊ ၄စီး၊ ၄စီး တစ်သုတ်စီလာ သူတို့ကရွာမှာကို ဗုံးကြဲတာ၊ အားလုံး ၈ စီးရှိတယ်၊ ရွာကတော့ မီးလောင် ထိခိုက်မှုတော့ တော်တော်များသွားတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဆယ်ဇင်ကျေးရွာရှိ ဒေသခံ နေအိမ် ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီတပ်ဟာ ဆယ်ဇင်းကျေးရွာထဲမှာ တင်အင်အား အများအပြားနဲ့ ဝင်ရောက် တပ်စွဲထားပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဆယ်ဇင်း ဒေသခံတွေကို အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ အလှူရှင်တွေ ကူညီစောင့်ရှောက် ပေးထားတယ်လို့ ဖားကန့်မြို့နယ် ကချင်လူမှုဖွံ့ဖြိုးရေးဖောင်းဒေးရှင်း အတွင်းရေးမှူး ဒါ့ရှီနော်လွောမ်က ပြောပါတယ်။
“လောလောဆယ်အနေနဲ့ အစိုးရကလည်းတာဝန်မယူဘူး၊ ကျနော်တို့အရပ်ဖက်အဖွဲ့အစည်းတွေပဲ၊ နည်းနည်းပါးပါး ကူညီတာပဲရှိတယ်။ ကျနော်တို့လို လူမှုကူညီရေးအသင်းတွေပေါ့၊ ပြီးတော့ စစ်ရှောင်ကော်မတီ ရှိတယ်၊ အခုတစ်ဦးတစ်ယောက်အနေနဲ့ ကူညီတာလည်းရှိတယ်၊ အရပ်သားအချင်းချင်း ပြည်သူအချင်းချင်း ကူညီတာပဲရှိတယ်”လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒေသခံ ၃၀၀၀ ကျော်ဟာ လတ်တလောမှာတော့ နန်မခမ်း၊ ဖားကန့်မြို့နဲ့ အင်းတော်ကြီး စတဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်ရှောင်ခဲ့ကြတာပါ။
ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒေသခံတွေဟာ အသက်လု ထွက်ပြေးလာရတာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ပါလာတဲ့အတွက် လူသာချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။