ဓါတ်ပုံ – KNYO
ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၇
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ငန်းမှာ အဖိနှိပ်ခံပြည်သူနှင့်အတူ တသားတည်း ဆက်လက်ရပ်တည် သွားမယ်လို့ (၇)ကြိမ်မြောက် ညီလာခံကနေ ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ KNYO ရဲ့ ဖွဲ့စည်းပုံအရ ၄ နှစ်တကြိမ် ညီလာခံလုပ်ကြတဲ့အခါမှာ အခုလို KNYO ရဲ့ (၇)ကြိမ်မြောက် ညီလာခံကနေ အဖိနှိပ်ခံပြည်သူနှင့်အတူ တသားတည်း ဆက်လက်ရပ်တည်ပြီး စစ်အာဏာ ရှင်စနစ်တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပါဝင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အဲဒီထဲမှာ ပါဝင်ရမည့် လုပ်ငန်း ကဏ္ဍတွေကတော့ အများကြီးရှိ သာပေ့ါနော်၊ ကျနော်တို့ လူငယ်အဖွဲ့အစည်းတွေအနေနဲ့ ကူညီနိုင်တဲ့ ကဏ္ဍတွေကနေ အစွမ်းကုန် ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။
အခုလို ကရင်နီလူငယ်ရေးရာ ကဏ္ဍမှာ ပါဝင်လှုပ်ဆောင်ပေးကြတဲ့ လူငယ်အဖွဲ့ဝင်တွေအပေါ် အားရကျေနပ်မှုလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“လူငယ်တွေအနေနဲ့ အခုလို ကရင်နီလူငယ်တွေရဲ့ ရေးရာမှာ ပါဝင်လှုပ်ဆောင်ပေးကြတဲ့အတွက် လူငယ်အဖွဲ့ဝင်တွေအပေါ် အားရကျေနပ်မှု တချို့လည်း ရှိပါတယ်။ တဘက်မှာလည်း ကျနော်တို့ရဲ့ ဘုံရည်မှန်း ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပျက် ခြေမုန်းရေး၊ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေကတော့ များစွာ ရှိပါတယ်၊ အဲဒီအခက်အခဲတွေကို ကျော်လွှားပြီး ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု ပြော ပါတယ်။
ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO ရဲ့ (၇)ကြိမ်မြောက် ညီလာခံကိုတော့ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် ဘန့်မိုင်နန်းဆွယ်ခန်းမဆောင်မှာ ဩဂုတ် ၅ ရက်ကနေ ၆ ရက်နေ့ထိ ပြုလုပ်ခဲ့ကြသာ ဖြစ်ပြီး လူငယ်ကိုယ်စားလှယ်များ (၁၄၄) ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO အဖွဲ့အစည်းဟာ ၁၉၉၂ ခုနှစ် မေလ မှာ စတင်ဖွဲ့စည်းဖွဲ့စည်းခဲ့သာဖြစ်ပြီး ကရင်နီလူမျိုး၊ လူငယ်တွေနဲ့ စုစည်းပြီး ဖွဲ့စည်းထားသာ ဖြစ်ပါတယ်။